အခန်း ၇၇၈
Vol. 52 Ch. 778
778 01
အခန်း ( ၇၇၈ ) မင်းတို့ကို ထင်ထားတဲ့အတိုင်းပဲ။
ကြီးမြတ်တဲ့ ရှောက်ယန် : မင်းကို သတင်းနှိုက်ဖို့ ခွင့်ပြုမထားဘူးနော်။ စကားကို စည်းရှိရှိ ပြောစမ်း ၊ မဟုတ်ရင် ငါ မင်းကို အခုချက်ချင်း မောင်းထုတ်ပစ်လိုက်မယ်။
ယုက ငါး တစ်ကောင် မဟုတ်ဘူး : [ အနှိပ်စက်ခံနေရတဲ့ စတစ်ကာလေးဖြင့် ] ။
ယုက ငါး တစ်ကောင် မဟုတ်ဘူး : ကဲ ၊ ဟုတ်တယ်။ အဲ့ဒါက မင်း ထင်နေတဲ့ အဓိပ္ပာယ်ပဲ။ သခင်မလေးက မနေ့ညတုန်းက ကလေးမွေးတယ်။ အိမ်ရှေ့စံမင်းသားလေးကို ဂျူးဒိတ်ထက် စောပြီး မွေးလာတာ။
လူတိုင်း အလွန် ပျော်ရွှင်သွားကြသည်။ အားလုံးပဲ အောင်ပွဲခံပြီးတော့ ဘောနပ်စ်တွေ နှစ်ဆ ယူလိုက်ကြရအောင်။
သူ ထိုစကားကို ပြောလိုက်သည်နှင့် Group Chat တစ်ခုလုံး ပွက်လောရိုက်သွားပြန်သည်။
ဧည့်ကြိုကောင်တာက အစ်မကြီး : ဘော့စ်လေးကို စောစော မွေးပေးတဲ့ သခင်မလေးကို ဂုဏ်ပြုပါတယ်ရှင်။ အိမ်ရှေ့စံမင်းသားလေးကို ဂုဏ်ပြုပါတယ်။
ပြည်သူ့ဆက်ဆံရေးဌာနရဲ့ မရှိမဖြစ် ကျောက်တိုင်လေး : ဒါဆို အဲ့ဓာတ်ပုံက အိမ်ရှေ့စံမင်းသားလေးရဲ့ ဓာတ်ပုံပေါ့။ သူ အရမ်း ချစ်စရာကောင်းနေတာ အံ့ဩစရာ မရှိပါဘူး။
နည်းပညာဌာနရဲ့ ပန်းကလေး : အဲ့ဒီ ခြေထောက် ဖြူဖြူဥဥလေးက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးပဲ။ ငါ အသည်းယားလွန်းလို့ တစ်ကိုက်လောက် ကိုက်ပစ်လိုက်ချင်တယ်ဟယ်။
ပြည်သူ့ဆက်ဆံရေးဌာနက အစ်မကြီး : ငါရော အတူတူပဲ။ ကလေးလေးတွေရဲ့ ခြေထောက်လေးတွေက တအား ချစ်စရာကောင်းတယ်။ ချစ်စရာကောင်းလွန်းလို့ ငါ့လို အပျိုဟိုင်းကြီး တစ်ယောက်တောင် ရင်ခုန်လာတယ်။ ငါဆို ကလေးပေါက်စလေးတွေကို နေ့တိုင်း ခိုးချင်နေတာ။
အတွင်းရေးမှူးဌာနက အစ်မကြီး : အပေါ်က လူထူးဆန်း အန်တီကြီး နှစ်ယောက်ရေ ၊ အန်တီတို့ရဲ့ အတွေးတွေက ကြောက်စရာကောင်းလိုက်တာ။ အိမ်ရှေ့စံမင်းသားလေးရဲ့ ခြေထောက်ကို ကိုက်ပြီး ဘော့စ်ရဲ့ ကလေးကိုတောင် ခိုးချင်ရဲတယ်နော်။ အန်တီကြီးတို့ရဲ့ သတ္တိကိုတော့ ကျွန်မ တကယ် လေးစားပါတယ်။
ပြည်သူ့ဆက်ဆံရေးဌာနက အစ်မကြီး : နင် ဘာပြောလိုက်တယ် ။ နင်ကများ ငါ့ကို လူထူးဆန်း အန်တီကြီးလို့ ရာရာစစ ခေါ်ရဲတယ်ပေါ့လေ။ နင် ပါးကောင်းလို့ လက်ဝါးတောင်းနေတာလား။
နည်းပညာဌာနက အစ်ကိုကြီး : အိမ်ရှေ့စံမင်းသားလေးရဲ့ ခြေထောက်လေးတွေက လုံးလုံးအိအိလေးနဲ့ ကျောက်စိမ်းဖြူလေးတွေလို ကြည်လင်နေတာ။ ခြေဖျားလေးတွေကလည်း ပုလဲလုံးလေးတွေလို နူးညံ့နေတာပဲ။
Group Chat ထဲက လူများ : … အံ့ဩစရာကောင်းလိုက်တာ။ အရင်တုန်းက နည်းပညာဌာနက လူတွေကို ကုတ်ရေးတဲ့ နေရာမှာပဲ အရည်အချင်းရှိတယ်လို့ ထင်ခဲ့တာ။ မျက်နှာလိုမျက်နှာရ ကပ်ဖားရပ်ဖား လုပ်တဲ့ နေရာမှာလည်း အရည်အချင်းရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး။
သတင်းပြန်ကြားရေးဌာနငှာနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများသည် သူတို့ရဲ့ ရာထူးတွေက ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုအောက်မှ ကျရောက်နေပြီး အချိန်မရွေး အလုပ်ထုတ်ခံရနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
ရုတ်တရက် ဆိုသလိုပဲ သူတို့ ခပ်မတ်မတ် ထိုင်ရင်း လက်ဖဝါးတွေကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူတို့သည် ထိုခြေထောက် ဖောင်းဖောင်းအိအိလေးတွေကို ကောင်းကင်ပေါ် မြှောက်တင်နိုင်ပါစေဟု ဆန္ဒပြုလျက် ဟောက်ချန်ဟွမ်းကို ဘက်ပေါင်းစုံကနေ စတင် မြှောက်ပင့်ခဲ့ကြလေသည်။
ယုကျစ်ယန်နှင့် တခြား လူတွေက အထုပ်အပိုးတွေ သိမ်းဆည်းပြီး ထွက်သွားချိန်မှာတော့ Group Chat ထဲမှာ အဓိပ္ပာယ်မရှိဘဲ ရယ်ချင်စရာကောင်းတဲ့ မြှောက်ပင့်စကားတွေ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ တချို့တွေ ဆိုလျှင် မျက်လုံးစုံမှိတ်ပြီး မွေးကင်းစ အိမ်ရှေ့စံမင်းသားလေးကို ခုနှစ်စဉ်ကြယ်စင်တန်းပေါ် ခြေချနိုင်သည့်အတွက် ချီးမွမ်းခန်းဖွင့်နေကြသည်။ သူက လူပြည့်ကို နတ်သက်ကြွေလာတဲ့ နတ်ဘုရား တစ်ပါးပါပဲ။
ယုကျစ်ယန်နှင့် ကျန်နှစ်ယောက် : “ … ” မင်းတို့ကတော့ ထင်ထားတဲ့အတိုင်းပဲ။
သို့သော်လည်း မိဘတွေကို ကျေနပ်စေနိုင်တဲ့ ဖြတ်လမ်းနည်းက သူတို့ရဲ့ သားသမီးတွေကို သာသာထိုးထိုးလေး ချီးမွမ်းပေးတာပဲမို့ ဟောက်ချန်ဟွမ်းက သူ့သားလေးကို ချီးကျူးထားတဲ့ မက်ဆေ့ခ်ျတွေ ပြည့်နေတဲ့ ဖုန်းမျက်နှာပြင်ကို ကြည့်ကာ ပြုံးနေခဲ့သည်။ ထို့နောက် မျက်နှာကို ပြင်ယူလိုက်ပြီး စုယန်ယန်ဘက်သို့ ဖုန်းကို မျက်မှောင်ကြုတ်လျက် လှည့်ပြလိုက်၏။
ပထမတော့ စုယန်ယန်က သူ ဘာလုပ်တော့မှာလဲ ဆိုတာ သဘောမပေါက်သေးဘဲ Group Chat ထဲက ရောင်စုံ သတိပေးချက်တွေ ၊ မက်ဆေ့ခ်ျတွေကို ခပ်သွက်သွက်လေး ဖတ်ကြည့်လိုက်တြောမှ အကျိုးအကြောင်းကို နားလည်သွားလေသည်။
ထိုအချိန်မှာ သူမ စိတ်ဆိုးရမလား ၊ ရယ်ရမလား မသိတော့ပါ။ “ အဲ့တော့ ရှင်က ကျွန်မတို့ရဲ့ သားလေးအတွက် ချီးမွမ်းစကားတွေ အများကြီးကို ပိုက်ဆံနဲ့ လဲဝယ်လိုက်တာပေါ့လေ။ ”
သူက အလဟဿ ပိုက်ဆံဖြုန်းတီးနေတဲ့ သူဌေးပဲ။ ကလေးနို့မှုန့်ဖိုးအတွက် ပိုက်ဆံကိုတော့ သူ တစ်ခါလေးတောင် ထည့်တွေးဖူးရဲ့လား။
778 02
ဟောက်ချန်ဟွမ်းက ခေါင်းမော့ရင်ကော့ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “ သူတို့ ပြောတာကလည်း အမှန်တရားပဲ မဟုတ်ဘူးလား။ ”
သူနှင့် စုယန်ယန်ရဲ့ သားလေးက ဒီကမ္ဘာပေါ်မှာ အချောဆုံး ၊ အတော်ဆုံး ကလေးပဲ ဖြစ်သည်။ စိတ်ထဲမှာ မြင်ချင်တာတွေကိုပဲ ကွက်မြင်တဲ့ အရူးလို အဖေ တစ်ယောက်က မွေးထားတဲ့ သားလေးက အားလုံးရဲ့ အထက်မှာပါပဲ။
စုယန်ယန် လည်ချောင်းနင်သွားသလို ခံစားလိုက်ရသည်။ တကယ်တော့ သူမလည်း သူ့စကားကို မငြင်းဆန်နိုင်ပါ။ သူမအတွက်လည်း တခြား သူတွေရဲ့ ကလေးတွေက ဘယ်လိုပဲရှိရှိ ၊ သူမရဲ့ သားလေးကသာ သေချာပေါက် အကောင်းဆုံး ၊ အချောဆုံး ၊ အတော်ဆုံး။
“ ရှင်ကတော့လေ။ ” စုယန်ယန် သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ ကျွန်မတို့ရဲ့ သားလေးက လူ့လောကထဲကို ရောက်လာပြီ။ ရှင် သူ့နို့မှုန့်ဖိုးအတွက် ပိုက်ဆံရှာပြီးပြီလား။ ”
ဟောက်ချန်ဟွမ်း ရယ်မောလိုက်သည်။ “ ရှာပြီးသွားပြီ။ နို့မှုန့်ဖိုးအပြင် ဒိုက်ပါဖိုး ၊ အဝတ်အစားဖိုးနဲ့ ကစားစရာ အရုပ်ဖိုးတွေအတွက်ပါ ပိုက်ဆံရှာထားတယ်။ ကိုယ် စဉ်းစားလို့ ရသမျှ အသုံးစရိတ်တွေ အကုန်လုံးအတွက် ပိုက်ဆံရှာထားတယ်။ ”
အဲ့ဒီတော့မှ စုယန်ယန်က သူ့ကို ကြည်လင်တဲ့ အကြည့်လေးဖြင့် ကြည့်လိုက်သည်။
++++++