← Chapters

အခန်း ၇၇၉

Vol. 52 Ch. 779

အခန်း ၇၇၉

Vol. 52 Ch. 779

779 01

အခန်း ( ၇၇၉ ) ဉာဏ်ကြီးရှင်ဖေဖေ။

ပါးစပ်ကသာ မကျေမနပ် ပြောနေမိပေမဲ့ ဟောက်ချန်ဟွမ်း ဘာလို့ မနေနိုင်မထိုင်နိုင် ကြွားဝါချင်နေရတာလဲ ဆိုတာကို စုယန်ယန် နားလည်ပါသည်။ ပြောရရင် သူမကလည်း ကြွားဝါတတ်တဲ့ မိခင် တစ်ယောက်ပဲလေ။

Group Chat ထဲမှာ ဆက်တိုက် တက်လာတဲ့ ချီးမွမ်းစကားတွေကို ကြည့်ကာ စုယန်ယန်ရဲ့ နှလုံးသားလေးက စတင် လှုပ်ခတ်လာခဲ့သည်။

“ ကိုယ် သူတို့ကို အကျိုးအမြတ်လေးတွေလည်း ပေးသင့်တယ်လို့ ထင်လား။ ”

လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းကမှ တစ်စုံတစ်ယောက်ကို အသုံးအဖြုန်းကြီးသည်ဟု မကျေမနပ် ပြောနေခဲ့ပေမဲ့ အခုတော့ သူမကိုယ်တိုင်ကပါ ခင်ပွန်းဖြစ်သူရဲ့ ခြေလှမ်းတွေကို အမီ လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ စတင် ကြွားဝါခဲ့လေသည်။

ဟောက်ချန်ဟွမ်းက ရယ်ချင်စိတ်ကို မျိုသိပ်ထားရင်း သူမရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးကာ လေသံပျော့ကလေးဖြင့် ပြောလိုက်၏။ “ ကိုယ်တို့ရဲ့ သားလေး တစ်လပြည့်တဲ့နေ့ကျ နေရာ အကျယ်ကြီး တစ်ခုကို ရှာပြီး မင်းရဲ့ စားသောက်ဆိုင်က ဝန်ထမ်းတွေ အကုန်လုံးကို ဖိတ်လိုက်ပါ။ သူတို့ကို အစား‌အသောက်ကောင်းတွေနဲ့ အလျှံအပယ် ဧည့်ခံမယ်။ အဲ့ဒါက အကျိုးအမြတ်တွေ ရတာထက် သူတို့ကို ပိုပျော်စေလိမ့်မှာ သေချာတယ်။ ”

ထိုစကားကို စုယန်ယန်လည်း သဘောတူလိုက်ပါသည်။ တစ်လပြည့်တဲ့ နေ့မှာ ရင်ခွင်ထဲမှာ ကလေးကို ပိုက်ထားရင်း လူပေါင်းများစွာရှေ့မှာ ကြွားလုံးထုတ်နေမယ့် သူမကိုယ်သူမကို စိတ်ကူးနှင့် ပုံဖော်ကြည့်လို့ ရနေသည်။ သူမရဲ့ နှလုံးသားထဲမှာလည်း စိတ်လှုပ်ရှား ပျော်ရွှင်နေပါလိမ့်မည်။ ဟဲဟဲဟဲ …

သူတို့ နှစ်ယောက်သား စကားပြောနေရင်း ခဏကြာတော့ ချန်ရှို့ချင်က ကလေးကို ပွေ့ချီထားရင်း ရောက်လာသည်။

“ ယန်ယန် နိုးနေပြီပဲ။ ကလေးကို တစ်ချက်လောက် လာကြည့်လှည့်ဦး။ သူ အခုလေးတင် နို့သောက်ပြီးတာ ၊ ခဏနေ ပြန်အိပ်ပျော်တော့မှာ။ ”

ချန်ရှို့ချင်က ပြောရင်း ကလေးကို စုယန်ယန်ရဲ့ ခေါင်းအုံးဘေးမှာ တင်ပေးလိုက်သည်။

စုယန်ယန်က ကလေးကို ကြည့်ကာ နှလုံးသားလေး အရည်ပျော်ကျသွားသလို ခံစားလိုက်ရ၏။ သူ့ရဲ့ လက်သေးသေးလေးကို ဂရုတစိုက် တို့ထိလိုက်ပြီး ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ “ မေမေပါ သားလေးရေ။ မေမေပါ … ”

ကောင်ကလေးက မွေးကင်းစ အရွယ်တုန်းထက် ‌ပိုကြီးလာသလို ခံစားရသည်။ အနက်ရောင် မျက်လုံးဝိုင်းလေးတွေက ဟိုဟိုဒီဒီ လျှောက်ကြည့်နေကာ သူ့နံဘေးက လူကို သေချာ မြင်ရဲ့လား ဆိုတာတော့ မသေချာပေ။

ခုနလေးတုန်းကမှ နို့သောက်ထားတဲ့ ကောင်ကလေးက အတိတ်ကို သတိရနေသလိုမျိုး ပါးစပ်လေးကို ဖွင့်ချည်ပိတ်ချည် လုပ်နေ၏။ မျက်လုံးဝိုင်းလေးတွေက ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရင်း လက်လေးတွေက ယက်ကန်ယက်ကန် ဖြစ်နေသည်။

ထို့နောက် မျက်လုံးလေးတွေ ပိတ်သွားပြီး ရုတ်တရက် ပါးစပ်လေး ဟလာသည်။ အဲ့ဒီနောက် ပါးစက်ပြန်ပိတ်သွားကာ ခဏကြာတော့ ဖြည်းဖြည်းချင်း ပြန်ဟလာပြန်သည်။ အဲ့ဒီလို သုံး ၊ လေးခါလောက် လုပ်ပြီး နောက်မှာတော့ ကောင်ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။

သူ့ရဲ့ မျက်နှာ ဖောင်းဖောင်းအိအိ သေးသေးလေးက သူ့နံဘေးက လက်ကလေးဆီသို့ အနည်းငယ် စောင်းငဲ့နေကာ လက်သီးဆုပ်လေးတွေကတော့ ကြက်ဥနို့ပေါင်မုန့်လုံးလောက် အရွယ်အစား မရှိ။ တစ်ခါတရံမှာ အနည်းငယ် ပြေလျော့သွားပေမဲ့ ချက်ချင်းပဲ ခပ်တင်းတင်း ပြန်ဆုပ်သွား၏။

ဘာမှ မထူးခြားတဲ့ အပြုအမူလေး ဆိုပေမဲ့ စုယန်ယန်ကတော့ ထိုအပြုအမူလေးကိုပင် တစ်နေကုန် ထိုင်ကြည့်နိုင်သည်။

“ သူ အိပ်ပျော်သွားပြီလား။ ” ချန်ရှို့ချင်က ခပ်တိုးတိုး မေးလိုက်သည်။

“ အင်း။ ” စုယန်ယန်သည် ကလေးလေးရဲ့ မျက်နှာကို ထိတွေ့ချင်စိတ်အား ထိန်းချုပ်မရပေ။ လက်ဖျားလေးဆီမှ နူးညံ့ချောမွတ်တဲ့ အထိအတွေ့က သူမရဲ့ နှလုံးသားကို လှုပ်ခတ်စေကာ သူလေးကို မတော်တဆ နာကျင်အောင် လုပ်မိမှာကိုတောင် စိုးရိမ်စေ၏။

“ ကလေးလေးက ဆန်ပြုတ်လေးထက် နည်းနည်းလေး ပိုကြီးတယ် ထင်တယ်။ ”

“ ဟုတ်တယ်မို့လား။ ” ချန်ရှို့ချင်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ဆန်ပြုတ်လေးကို မွေးတုန်းက ( ၃ ) ကီလိုပဲ ရှိတာ။ အမေတို့ရဲ့ ကောင်ကလေးက ( ၄ ) ကီလိုကိုတောင် နည်းနည်းလေး စွန်းသေးတယ်။ တစ်ကီလိုကျော်တောင် ပိုဝိတ်များနေတာကို မကြီးဘဲ နေမလား။ ”

“ ( ၄ ) ကီလိုတောင်လား။ တော်တော်လေး များတယ်နော်။ ”

ချန်ရှို့ချင်က သမီးဖြစ်သူရဲ့ ပင့်သက်ရှိုက်သံကို ကြားချိန်မှာ စိတ်မကောင်းဖြစ်သွားသည်။ “ သမီး အကြာကြီး ကိုယ်ဝန်ဆောင်ခဲ့ရတာ မထူးဆန်းပါဘူး။ ကလေးက သိပ်ကို ကြီးတာကိုး။ သူ့ကို မွေးတုန်းကဆို သမီး ပိုပြီးတော့တောင် ပင်ပန်းခဲ့ရမယ် ထင်တယ်။ ”

လူနာခုတင်ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေတဲ့ ဟောက်ချန်ဟွမ်းက သားဖြစ်သူကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။ သူ အရွယ်ရောက်လာတဲ့အခါ ပိုလို့တောင် အပင်ပန်းခံရလိမ့်ဦးမည်။ ကျွတ် ၊ ကြည့်ရတာ အနာဂတ်မှာ ဒီကလေးဆိုးရဲ့ အစားအသောက်ပုံစံကို ထိန်းချုပ်ရမယ် ထင်တယ်။

779 02

မိခင်ဖြစ်သူရဲ့ ဝမ်းဗိုက်ထဲမှာကတည်းက မိခင်ဖြစ်သူ စားသမျှ အာဟာရတွေ အကုန်လုံးကို လုယူပြီး အားပါးတရ စားသောက်ခဲ့တာမို့ သူက အစာစားချင်စိတ်ကို မထိန်းချုပ်တတ်တဲ့ ကလေး တစ်ယောက်ပဲ ဖြစ်ရမည်။ ဟောက်ချန်ဟွမ်းကပဲ သူ့ကို မျက်စိဒေါက်ထောက် ကြည့်ရင်း အလွန်အကြူး စားခြင်းကနေ ကာကွယ်ပေးထားရပါမည်။

နေ့တစ်ဝက်အတွင်းမှာပင် ဘာအမှားမှလည်း မလုပ်မိဘဲ ကလေးဆိုးလေးဘဝကို ရောက်သွားတဲ့ ဟောက်မိသားစုရဲ့ သ‌ခင်လေးက ဆွံ့အလွန်းလို့ ပြောစရာစကားမရှိ ဖြစ်သွားရလေသည်။ ဖေဖေကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။

++++++

All Chapters