← Chapters

အခန်း ၇၈၃

Vol. 53 Ch. 783

အခန်း ၇၈၃

Vol. 53 Ch. 783

783 01

အခန်း ( ၇၈၃ ) လေးနှစ်အတွင်း။

စုယန်ယန် ကလေးမွေးထားတာ မကြာသေးတာမို့ ဟောက်ချန်ဟွမ်း သူမကို တစ်ခခု လုပ်ဖို့ ဆိုတာ တကယ့်ကို မဖြစ်နိုင်ပါ။

အဲ့လို ဆိုရင်တောင် စုယန်ယန်ကတော့ နောက်တစ်နေ့မနက်မှာ ဟောက်ချန်ဟွမ်းကို အခန်းအပြင်သို့ ကန်ထုတ်ပြီး သူ့ကို အိပ်ခန်းနားကို တစ်လတိတိ မလာဖို့ အမိန့်ချမှတ်ခဲ့ပါသည်။

နောက်တစ်နေ့မနက်မှာ ကန်ထုတ်ခံလိုက်ရတဲ့ ဟောက်ချန်ဟွမ်း : “ … ” သူ အရမ်း နောင်တရသွားပြီ။

အိမ်ထဲမှာပဲ ကုန်ဆုံးရတဲ့ စုယန်ယန်ရဲ့ မီးနေသည်ကာလ တစ်လတာက ကိုယ်ဝန်ဆောင်တုန်းကထက်တောင် ပိုပျင်းစရာကောင်းသည်။

ချန်ရှို့ချင်က သူမကို အမျိုးသမီးတွေဟာ ကလေးမွေးပြီးတဲ့နောက် မီးနေသည်ကာလမှာ ကောင်းကောင်း အနားယူဖို့ လိုအပ်ကြောင်း တရစပ် ပြောနေခဲ့သည်။ မီးနေသည်ကာလမှာ အနေအထိုင်မတတ်ရင် အလွယ်တကူ နေမကောင်းဖြစ်တတ်သည်တဲ့။

အစကတည်းက စုယန်ယန်ကို စိတ်ပူနေတဲ့ ဟောက်ချန်ဟွမ်းက ချန်ရှို့ချင်ရဲ့ စကားတွေကို ကြားချိန်မှာ စုယန်ယန်ကို ပိုလို့တောင် စိတ်မချတော့ပေ။ စုယန်ယန်ကိုလည်း သူ့အနားကို လုံးဝ ကပ်ခွင့်မပေးတော့။

ရလဒ်အနေဖြင့် စုယန်ယန်သည် နောက်တစ်လအထိ နေ့တိုင်း စားလိုက် ၊ သောက်လိုက် ၊ အိပ်လိုက်ဖြင့်သည အချိန်ကုန်ဆုံးခဲ့ရပြီး သူမရဲ့ပေါ်က အဆီပိုတွေကလည်း နည်းနည်းလေးတောင် လျော့ကျမသွားခဲ့ပေ။

ထိုကာလအတွင်းမှာ စုယန်ယန်သည် မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနှင့် ကုမ္ပဏီတန်ထမ်းတွေထံမှ ဂုဏ်ပြုစကားတွေ အများကြီးကိုလည်း လက်ခံရရှိခဲ့သည်။

စုယန်ယန် ဆေးရုံတက်နေတုန်း တစ်ခါ လူနာလာမေးဖူးတဲ့ လင်းရှောင်ချီးက စုယန်ယန် တစ်ယောက်တည်း လုပ်စရာ မရှိဘဲ ပျင်းနေတဲ့ သတင်းကို ကြားတော့ သူတို့ နေတဲ့ အိမ်ချင်းလည်း နီးနေတာမို့ သူမဆီ နောက်တစ်ခေါက် ထပ်လာပြီး အဖော်ပြုပေးခဲ့သည်။

“ ကြယ်လေးရေ ကြယ်လေးရေ .. တို့က အန်တီရှောင်ချီးပါကွယ်။ တို့ကို အန်တီလို့ ခေါ်လို့ ရတယ် သိလား။ ”

စုယန်ယန်က ကလေးလက်တွန်း‌လှည်းဘေးမှာ ရပ်ပြီး ကလေးကို အကြာကြီး ချော့မြူနေတဲ့ လင်းရှောင်ချီးကို လှမ်းကြည့်လိုက်သည်။ သူမကို ကလေးက ဘာမှ ပြန်မပြောသော်လည်း သူမကတော့ ဇွဲမလျှော့ပုံကို ကြည့်ကာ စုယန်ယန် စိတ်လည်း ညစ် ၊ ရယ်လည်း ရယ်ချင်သွားသည်။

“ သူက တစ်လတောင် မပြည့်သေးတာကို ဘယ်လိုလုပ် ဒီလောက် အစောကြီး စကားပြောနိုင်ဦးမှာလဲ။ ပြီးတော့ ငါ့သားလေးက အဖေနဲ့ အမေလို့ တောင် ခေါ်တတ်သေးတာ မဟုတ်ဘူး။ ငါတို့ထက်အရင် နင့်ကို အန်တီလို့ ခေါ်မလား။ ”

လင်းရှောင်ချီးက သူမကို လှည့်ကြည့်ပြီး မောက်မောက်မာမာ ပြောသည်။ “ ဘာမှ မဖြစ်ပါဘူး။ အခုခေတ် ကလေးတွေက အရမ်း ဉာဏ်ကောင်းတာ။ နင်တို့ သူ့ကို အဖေနဲ့ အမေလို့ ခေါ်တတ်အောင် စောစော သင်မပေးရင် အနာဂတ်မှာ သူက ငါ့ကိုပဲ အန်တီလို့ အရင်ဆုံး ခေါ်ရင် ခေါ်လောက်တယ်။ ”

စုယန်ယန် ရယ်မောမိသွား၏။ “ နင် ငါ့သားကို အဲ့လောက်တောင် သဘောကျနေတာလား။ ”

“ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးကို ဘယ်သူက သဘောမကျဘဲ နေမှာလဲ။ ”

အထူးသဖြင့် ဒီကလေးလေးက သိပ်ကို လိမ္မာရေးခြားရှိပြီး ငိုလည်း မငို ၊ အော်ကြီးဟစ်ကျယ်တွေလည်း မလုပ်ပါ။ သူ့ကို အကြာကြီး ချော့မြူနေတုန်း သူက ရုတ်တရက် ပြုံးပြပြီး သူမရဲ့ နှလုံးသားကို အရည်ပျော်ကျသွားအောင် လုပ်တတ်သေးသည်။

စုယန်ယန်ရဲ့ မျက်လုံးတွေက လက်ခနဲ တောက်ပသွားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ နင် သူ့ကို အရမ်း သဘောကျတယ် ဆိုရင် နင်လည်း လေးနှစ်အတွင်း သမီး တစ်ယောက် ရအောင် မွေးလိုက်။ နင့်သမီးကို ငါတို့သားရဲ့ အိမ်ထောင်ဖက်အနေနဲ့ ဦးစားပေး စဉ်းစားမယ်။ ”

လင်းရှောင်ချီး : “ … ” ကျေးဇူးတင်လိုက်တာဟယ် … ။ မသိရင် နင့်သားက ကြင်ရာတော်ရွေးနေသလိုပဲ။ ဘယ်လောက်တောင် သွေးနားထင်ရောက်နေတာလဲ … ။

“ … ဒါပေမဲ့ ဘာလို့ ငါက လေးနှစ်အတွင်း ကလေးမွေးရမှာလဲ။ ”

“ ဘာလို့လဲ ဆိုတော့ လေးနှစ်ကျော်သွားရင် ငါ့သားက သူ့ထက် အများကြီး ပိုငယ်တဲ့ ကောင်မလေးတွေကိုပဲ လက်ထပ်ချင်လောက်တော့မှာမို့လို့ပဲ။ ”

783 02

လင်းရှောင်ချီး ဆွံ့အသွားရသည်။ ကိုယ့်အကြောင်းကိုယ် နည်းနည်းပါးပါးလောက်တော့ သိသေးတဲ့ နင့်ကိုပဲ ငါ ချီးကျူးရတော့မှာလား။

သူတို့နှစ်ယောက် အသေးအဖွဲလေးတွေကို ငြင်းခုံရင်း အလုပ်ရှုပ်နေစဉ်မှာပဲ သစ်သီးကိတ်ပန်းကန်တွေကို သယ်လာတဲ့ ပုံရိပ် တစ်ခု ရုတ်တရက် ရောက်လာသည်။

“ စကားတွေ အများကြီး ပြောထားတော့ မင်း ဗိုက်ဆာနေမှာပဲ။ မင်း ဟိုရက်က စတော်ဘယ်ရီသီး စားချင်တယ်လို့ ပြောထားတယ် မဟုတ်လား။ ဒီနေ့ စတော်ဘယ်ရီသီးတွေ ရလာပြီ။ ကိုယ် တစ်လုံး မြည်းကြည့်တာ ချိုချိုလေးရယ် ၊ လုံးဝ မချဉ်ဘူး။ မင်း များများ စားသင့်တယ်။ ”

သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လင်းရှောင်ချီးက ဟောက်ချန်ဟွမ်းရဲ့ ပကျိပကျိ စကားလေးတွေကို နားထောင်ရင်း လေချဉ်တက်မိတော့မလို ဖြစ်သွားသည်။

ဒီလင်မယားကတော့ တစ်ကိုယ်တည်းသမား စင်ဂယ်လ်တွေကို လုံးဝ မသနားဘူးပဲ … ။

သူမရှေ့က စားချင်စရာ အသီးတွေ ၊ ကိတ်မုန့်တွေတောင် သိပ်အရသာမရှိတော့သလိုပါပဲ။

အဟင့် အဟင့် အဟင့် ၊ ငါ ဆိုးဆိုးဝါးဝါး အနိုင်ကျင့်ခံရသလို ခံစားရတယ်။

အခြားတစ်ဖက်၌ စုယန်ယန်ကတော့ သစ်သီးတွေ ၊ ကိတ်မုန့်တွေလောက်နှင့် အလွယ်တကူ ပစ်လဲသွားမယ့် လူမျိုး မဟုတ်ပါ။ သူမ သူ့ကို တားမြစ်ထားတဲ့ တားမြစ်ချက်ကို ပြန်မဖျက်ရသေးတာမို့ အခု သူ ဂရုစိုက်ပေးနေတာတွေ အကုန်လုံးမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေလိမ့်မည်။

“ အင်း ၊ ထားခဲ့လိုက်လေ။ ခဏနေ စားလိုက်မယ်။ ” စုယန်ယန်က စကား ခဏ ရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ ကျွန်မ ရှောင်ချီးနဲ့ စကားပြောစရာလေးတွေ ရှိတော့ ရှင် ဒီမှာ ရှိနေတာ အဆင်မပြေဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘာသာ လုပ်စရာရှိတာပဲ သွားလုပ်နေလိုက်။ ”

သူမရဲ့ အမူအရာက တကယ့်ကို အကြင်နာတရားကင်းမဲ့ပြီး အထက်စီးဆန်ဆန် အေးစက်စက် … ။

++++++

All Chapters