← Chapters

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း ၇၈၄

Vol. 53 Ch. 784

784 01

အခန်း ( ၇၈၄ ) မိခင် တစ်ယောက်ရဲ့ ရောင်ဝါ။

ဟောက်ချန်ဟွမ်းက သူမစကားကို ကြားတော့ သူ့မျက်နှာပေါ်မှာ နာကျင်သွားတဲ့ ခံစားချက်အငွေ့အသက်လေးတွေ ယှက်သန်းသွား၏။ သူက ဇနီးလေးတစ်ယောက်လိုမျိုး ခေါင်းညိတ်ပြပြီး သူမကို မမေ့မလျော့ သတိပေးကာ အလုပ်ပြန်သွားခဲ့သည်။ “ စိတ်မဆိုးပါနဲ့နော်။ ကိုယ် အခု အလုပ်ပြန်လုပ်လိုက်ဦးမယ်။ စတော်ဘယ်ရီသီးတွေ စားဖို့လည်း မမေ့နဲ့နော်။ အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်အတွက် ကောင်းတယ်။ ”

လင်းရှောင်ချီးလို အပြင်လူ တစ်ယောက်တောင် သူ့ကို မသနားမိဘဲ မနေနိုင်ပါ။ စုယန်ယန်ကိုဆို ထည့်ပြောနေစရာတောင် မလို။

“ နင် နင့်ယောက်ျားနဲ့ ရန်ဖြစ်ထားတာလား။ နင့်ယောက်ျားက နင့်ကို ဘာလို့ ချော့နေတာလဲ။ ”

စုယန်ယန်က အခုမှ သတိပြန်ဝင်လာပြီး အကြံကြီးလွန်းတဲ့ သူ့ကို စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။ သူက လင်းရှောင်ချီးရှေ့မှာ တမင်သက်သက် သနားစရာ‌ပုံစံဖမ်းပြီး သူမကို လူဆိုးမကြီး ဖြစ်အောင် လုပ်သွားတာပင်။

“ ငါက သူ့အတွက် ဝဝကစ်ကစ် ကောင်လေး တစ်ယောက်ကို အပင်ပန်းခံပြီး မွေးထားပေးရတာလေ။ သူ ငါ့ကို စိတ်ကျေနပ်အောင် ထားသင့်တယ် မဟုတ်ဘူးလား။ သူ့ကို ငါ့အတွက် အစားအသောက်တွေ လာချခိုင်းတာ ဘာများ မှားသွားလို့လဲ။ အရင်တုန်းကဆို ငါ သူ့အတွက် နေ့တိုင်း ဟင်းချက်ကျွေးခဲ့တာ။ ”

“ ဒါဆို … အခု နင်က အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ ကလေးနဲ့ တူနေတာပဲ။ ” လင်းရှောင်ချီးရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသွားတဲ့ အရိပ်အ‌ယောင်တွေ ပြည့်နှက်သွားပြီး သူမကို “ နင့်ကို အဲ့လို လူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ ” လို့ ပြောနေသလို အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက်ကြီး အပြစ်တင်ခံလိုက်ရတဲ့ စုယန်ယန်က ဆွံ့အသွားလေသည်။ မကောင်းတဲ့ လူ ၊ ရှင် ကျွန်မကို ချောက်တွန်းတယ် … ။

“ ငါ ဒီလို ပြောချင်တာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ နင် အကြောင်းပြချက်မရှိဘဲနဲ့ သက်သက်မဲ့ ဂျီတိုက်နေတာကို ရပ်လိုက်သင့်တယ်နော်။ စစ်တမ်းတွေအရ အိမ်ထောင်သည်အမျိုးသားတွေက သူတို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိနေတဲ့ အချိန်တွေ ၊ ကလေးမွေးပြီးတဲ့ အချိန်တွေမှာ ဖောက်ပြန်တဲ့ အကြောင်းအရင်းက သူတို့မိန်းမတွေက ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ သူတို့ရဲ့ သွေးသားလိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်လို့တဲ့။ နောက်တစ်ချက်ကတော့ သူတို့မိန်းမတွေက ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဒေါသထွက်လွယ်လို့တဲ့။ အလွယ် ပြောရရင်တော့ သူတို့မိန်းမတွေက ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ တရားလွန် ဂရုစိုက်ခံချင်ကြလို့ပေါ့။ တချို့ ယောက်ျားတွေက အိမ်မှာ မပျော်တော့ ကြာပန်းဖြူမတွေက သူတို့ အိမ်မပျော်တာကို အခွင့်အရေးယူပြီး အတင်း ဝင်လုံးတော့တာပဲ။ ”

စုယန်ယန် ‌ဆွံ့အသွားသည်။ နင် ပြောသလိုဆို အခု ငါက အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ ကလေး တစ်ယောက်နဲ့ တူနေတာလား ၊ ဒါမှမဟုတ် သူ့ကို ဘာမဟုတ်တာလေးနဲ့ ပြဿနာလိုက်ရှာနေမိတာလား … ။

“ ဒါက မကောင်းတာလို့ ငါ မပြောပါဘူး။ ဆယ်လလောက် ကိုယ်ဝန်ဆောင်ထားရတဲ့ မိန်းမ တစ်ယောက်က ဘာများ မှားနေလို့လဲ။ မိန်းမ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဖောက်ပြန်‌တဲ့ ယောက်ျားတွေကသာ အမှိုက်တွေ။ ငါက နင့်ကို သူများတွေကို အရမ်း မနှိပ်စက်ဖို့ သတိပေးရုံပဲ။ ကြည့်‌ပါလား ၊ နင့်ယောက်ျားက နင် ကလေး‌မွေးပြီးတဲ့နောက်ပိုင်း နင် အရင်ကလောက် လှလှပပ မနေတော့တာကိုတောင် စိတ်ထဲ မထည့်ဘူးလေ။ သူ့ကုမ္ပဏီကိုတောင် မသွားဘဲနဲ့ အိမ်မှာ နင့်ကိုပဲ သူ့အဘွားလို ပြုစုပေးနေတာ။ အဲ့ဒါနဲ့တောင်မှ နင်က သူ့ကို စိတ်ကောက်နိုင်သေးတယ်။ အဲ့ဒါကို ငါ ဒီတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ ”

“ … သူ နင့်ကို ဒီလောက် မြန်မြန် ဘက်ပြောင်းသွားအောင်လို့ ပိုက်ဆံ ဘယ်လောက် ပေးထားတာလဲ။ ” လင်းရှောင်ချီး ပြောင်းလဲသွားပြီ။ သူမက စုယန်ယန်ကိုပဲ ဦးစားပေးတဲ့ နတ်သမီးလေး မဟုတ်တော့။

“ သူက ငါ့ကို ဘာပေးမှာလဲ။ ငါက ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောနေတာဟဲ့။ တရားနည်းလမ်းကျကျ ပြောရရင် ဒါက နင့်အတွက် ပြောနေတာ။ နင် သူ့အပေါ် ဆက်ပြီး ဆိုးနေမယ် ဆိုရင်တော့ ငါ့ဆီကို ငိုကြီးချက်မနဲ့ ရောက်လာရလိမ့်မယ်။ ”

စုယန်ယန်က ဟင့်ခနဲ ရှိုက်လိုက်သည်။ “ နင် ဘယ်လိုများ ငါ့ကို ရက်ရက်စက်စက် ပြောနိုင်ရတာလဲ။ နင်က ငါ့ကို ကျိန်ဆဲဖို့ ငါ့မိသားစု ရှာထားတဲ့ လျှို့ဝှက်အေးဂျင့်လား။ ပြီးတော့ အရင်လို လှလှပပ မဟုတ်တော့တာ ဘယ်သူလဲ။ နင် ငါ့ကို အခု မလှတော့ဘူးလို့ ပြောချင်တာလား။ ”

လင်းရှောင်ချီး ကြောင်အသွားပြီးမှ စုယန်ယန်ကို အပြန်ပြန်အလှန်လှန် ကြည့်ပြီး လိမ္မာပါးနပ်စွာ အမှန်အတိုင်း ပြောလိုက်ပါသည်။ “ မဟုတ်ပါဘူး ၊ နင့်ခန္ဓာကိုယ်ကနေ မိခင် တစ်ယောက်ရဲ့ ရောင်ဝါတွေ ဖြာထွက်ပြီး တောက်ပနေတာပဲ။ ”

စုယန်ယန် : “ … ” ဘာကို မိခင် တစ်ယောက်ရဲ့ ရောင်ဝါလဲ။

784 02

မျှော်လင့်ချက်တွေ ပြည့်နေခဲ့တဲ့ စုယန်ယန်က လင်းရှောင်ချီးရဲ့ စကားတွေကြောင့် ‌ဆွံ့အသွားခဲ့သည်။

ဟောက်ချန်ဟွမ်း အောက်ထပ်ကို ပြန်ဆင်းလာချိန်မှာတော့ လင်းရှောင်ချီ အိမ်ပြန်သွားပါပြီ။ ရိုလီပိုလီကတော့ အေပရွန်လေး ဝတ်ပြီး ကလေးအတွက် နို့မှုန့်ဖျော်ရင်း အလုပ်ရှုပ်နေသည်။

ဒီအိမ်မှုကိစ္စတွေ ကူလုပ်ပေးတဲ့ စက်ရုပ်လေးက အိပ်ကို ရောက်ကတည်းက သန့်ရှင်းရေးနှင့် ဥယျာဉ်အလှဆင်တဲ့ အလုပ်တွေကိုသာ တာဝန်ယူထားရတာ ဖြစ်သည်။ တကယ်တော့ အဲ့ဒါက သူ လုပ်နိုင်တဲ့ အတိုင်းအတာထက် လျှော့လျှော့ပေါ့ပေါ့ အသုံးပြုနေတာပင်။

အခု အိမ်မှာ ကလေး တစ်ယောက် ရှိလာတော့ သူ့စွမ်းရည်တွေကို အမှန်တကယ် အသုံးပြုနိုင်သွားပြီမို့ ဒီရက်ပိုင်း သူ အလုပ်နှင့်လက်မပြတ်ဘဲ အလုပ်ရှုပ်နေခဲ့ရသည်။ ဘယ်လောက်တောင် အလုပ်ရှုပ်နေသလဲ ဆိုရင် ဒီတိုင်း အလကား ထိုင်နေရလို့ သူ့စွမ်းရည်တွေ သံချေးတက်သွားမှာကိုတောင် စိုးရိမ်နေစရာ မလိုတော့ပါ။

++++++

All Chapters