အခန်း ၇၈၅
Vol. 53 Ch. 785
785 01
အခန်း ( ၇၈၅ ) သွေးနုသားနု စိတ်ကျရောဂါ။
အောက်ထပ်ကို ဆင်းလာတဲ့ ဟောက်ချန်ဟွမ်းက ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ စုယန်ယန်ကို မြင်သွားသည်။ တကယ်လို့ သူသာ သေချာ မကြည့်ရင် သူမကို သတိထားမိမှာ မဟုတ်။
ဟောက်ချန်ဟွမ်းသည် စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ သူမ တစ်ခုခု ဖြစ်တာလား ဟူ၍ တွေးမိသွားကာ အောက်ထပ်ကို အမြန် ပြေးဆင်းလာပြီး သူမရဲ့ နဖူးလေးကို စမ်းကြည့်လိုက်ပါသည်။ “ ဘာဖြစ်တာလဲ။ မင်း နေမကောင်းဘူးလား။ ”
စုယန်ယန်က သူ ရုတ်တရက် ပြေးလာတာကို မြင်တော့ အံ့ဩသွားသော်လည်း နှုတ်ခမ်းတွေကို ချက်ချင်းပဲ ခပ်တင်းတင်း စေ့ပိတ်ပြီး သူတို့ နှစ်ယောက် စစ်အေးတိုက်ပွဲ တိုက်နေတယ် ဆိုတာကို လျစ်လျူရှုထားလိုက်၏။ ထို့နောက် သူမ စူပုပ်ပုပ် ပြောလိုက်သည်။ “ ရှောင်ချီးက ကျွန်မဆီက မိခင် တစ်ယောက်ရဲ့ ရောင်ဝါတွေ ထွက်နေတယ်လို့ ပြောတယ်။ အဲ့ဒါက ကျွန်မ အိုနေပြီလို့ ပြောချင်တဲ့ သဘောလား။ ”
“ ဘယ်ဟုတ်ပါ့မလဲ။ ” ဟောက်ချန်ဟွမ်း မဆိုင်းမတွ ပြန်ပြောရင်း တစ်ချိန်တည်းမှာပဲ သူ့ဇနီးလေး အခုတလော စိတ်မကြည်တာ များနေသည်ဟု တွေးမိကာ စိုးရိမ်လာခဲ့သည်။
ဒါပေမဲ့ ထိုစိုးရိမ်စိတ်ကို လောလောဆယ်တော့ ချိုးနှိမ်ထားပြီး သူမကို အပြုံးယဲ့ယဲ့ဖြင့် ချော့မော့လိုက်သည်။ “ သူက မင်း ကလေးမွေးပြီးတဲ့နောက်ပိုင်း ပိုရင့်ကျက်လာတယ်လို့ ပြောချင်တာပါ။ ရင့်ကျက်တဲ့ အမျိုးသားတွေက ဆွဲဆောင်မှုရှိသလိုပဲ ရင့်ကျက်တဲ့ အမျိုးသမီးတွေကလည်း ဆွဲဆောင်မှုရှိတယ်။ ကိုယ်ကတော့ မင်း အရင်ကထက် ပိုလှလာတယ် ၊ ပိုဆွဲဆောင်မှုရှိလာတယ်လို့တောင် ထင်တယ်။ ဖြစ်နိုင်ရင် အပြင်က ယောက်ျားတွေ မင်းကို ဘယ်တော့မှ မမြင်နိုင်အောင်လို့ အိမ်မှာပဲ ဖွက်ထားလိုက်ချင်တယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ ချော့မော့သံတိုးတိုးက စုယန်ယန်ရဲ့ မျက်နှာကို အနည်းငယ် ကြည်လင်သွားစေသော်လည်း သူမက အတည်ပြုသလို မေးနေဆဲပင်။ “ တကယ်လား။ ”
“ ဒါပေါ့ တကယ်ပါ။ ” ဟောက်ချန်သွမ်းက စုယန်ယန်ရဲ့ နဖူးလေးကို ငုံ့နမ်းရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ ဒီလို ပေါက်ကရကိစ္စတွေ လျှောက်တွေးပြီး အချိန်ကုန်ခံ ၊ အားကုန်ခံနေမယ့်အစား ကိုယ့်ကို ဒီည ဧည့်သည်အခန်းထဲကနေ တခြားမှာ ပြောင်းအိပ်ခိုင်းဖို့ စဉ်းစားကြည့်ပါလားဟင်။ ”
“ ပြောင်းအိပ်ခိုင်းရမယ် … ” သူ့ရင်ခွင်ထဲက စုယန်ယန်က ဝက်ပေါက်လေး တစ်ကောင်လို နှာခေါင်းရှုံ့လိုက်သည်။ “ ရှင်က ဘယ်နေရာမှာ ပြောင်းအိပ်ချင်လို့လဲ။ ”
“ ကိုယ်တို့အခန်းထဲမှာပေါ့။ ”
“ အိပ်မက်ပဲ မက်နေလိုက်။ ” ဟောက်ချန်ဟွမ်း ဒီအကြောင်း မပြောရင် အဆင်ပြေဦးမှာ ဆိုပေမဲ့ သူ ဒီလို ပြောလိုက်တော့ စုယန်ယန်က လင်းရှောင်ချီးရှေ့မှာ သနားစရာကောင်းသလို ဟန်ဆောင်ခဲ့တဲ့ တစ်စုံတစ်ယောက်ကို သတိရသွားသည်။ “ ကျွန်မကို ပြော။ ရှင် ခုနတုန်းက တမင် လုပ်သွားတာ မဟုတ်လား။ ”
“ ဘာကို တမင် လုပ်သွားတာလဲ။ ”
“ ကျွန်မက ရှင့်ကို အနိုင်ကျင့်နေတယ်လို့ ရှောင်ချီး ထင်အောင် သူ့ရှေ့မှာ တမင်သက်သက် သနားစရာကောင်းသလို ဟန်ဆောင်ခဲ့တာလေ။ ”
“ မင်း ကိုယ့်ကို အထင်လွဲနေတာပါ ယန်ယန်ရယ်။ ကိုယ်က ရှောင်ချီး ကိုယ့်အတွက် မင်းကို ကူချော့ပေးနိုင်မလားလို့ပဲ မျှော်လင့်ခဲ့တာပါ။ ” ဟောက်ချန်ဟွမ်းက သူမကို ထပ်နမ်းလိုက်သည်။ “ ပြီးတော့ မင်း ဆန္ဒရှိတယ် ဆိုရင် ကိုယ် ဒီနေ့လိုပဲ မင်းအတွက် နေ့တိုင်း ရေနွေးကြမ်းဖျော်ပေးနိုင်ပါတယ်။ မင်း စိတ်ပြေသွားတဲ့အထိပေါ့။ ”
တကယ်တော့ စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဧည့်သည်အခန်းထဲမှာ သွားအိပ်ခိုင်းရလောက်အောင်ထိ စိတ်ဆိုးမနေပါ။ ဟိုတစ်ညတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် သူမ ပိုစိတ်ဆိုးသွားတာ ဖြစ်သည်။
785 02
ဟောက်ချန်ဟွမ်း နူးညံ့စွာ ချော့မော့နေတာကို ကြားတော့ သူမရဲ့ နှလုံးသားထဲက ဒေါသတွေ ပျောက်ကွယ်သွား၏။ “ ကျွန်မ ရှင့်ကို စိတ်မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်လုံး တစ်လလို့ သဘောတူထားတဲ့အတွက် တစ်ရက်လေးတောင် ကျွန်မ မလျှော့နိုင်ဘူး။ ”
ဟောက်ချန်ဟွမ်းက နို့ဆာလို့ နို့တောင်းနေတဲ့ ကလေး တစ်ယောက်လို သနားစရာအကြည့်လေးနှင့် အတော်လေး တူတဲ့ အကြည့်ဖြင့် သူမကို စိုက်ကြည့်နေခဲ့သည်။ “ မင်း တကယ် သက်ညှာပေးလို့ မရဘူးပေါ့။ ”
“ မရဘူး။ ” သူ သူမကို နောက်တစ်ခေါက် ထပ်ပြီး အနိုင်ကျင့်ခဲ့တဲ့အတွက် သူ့ကို ဧည့်သည်အခန်းထဲမှာ နှစ်ရက် ၊ သုံးရက်လောက်တော့ အိပ်ခိုင်းမှ တော်ကာကျမည်။ အနာဂတ်မှာ သူ ထပ်လုပ်ရဲဦးမလား ဆိုတာ သူမ သိချင်သည်။
ဟောက်ချန်ဟွမ်းက ဆုံးဖြတ်ချက်ပြတ်သားနေတဲ့ စုယန်ယန်ကို ကြည့်ပြီး ညှိနှိုင်းလို့ ရမှာ မဟုတ်မှန်း နားလည်သွားသောကြောင့် သူမကို ဆက်နှောင့်ယှက်မနေတော့ပါ။ ထိုအစား လာမယ့် ရက်တွေအတွင်းမှာ အကောင်အထည်ဖော်မယ့် သူ့ရဲ့ လျှို့ဝှက်ညတိုက်ခိုက်မှုက ဘယ်လောက် အောင်မြင်နိုင်ချေ ရှိလဲ ဆိုတာကိုပဲ စိတ်ထဲကနေ တိတ်တဆိတ် တွက်ချက်နေခဲ့လေသည်။
စုယန်ယန်က စိတ်မဖတ်နိုင်လို့ ဟောက်ချန်ဟွမ်းရဲ့ အတွေးတွေကို မသိတာ တော်သေးရဲ့။ မဟုတ်ရင် သူ ဧည့်သည်အခန်းထဲမှာ နောက်ထပ် တစ်လ ထပ်အိပ်ရလောက်သည်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်အား လင်းရှောင်ချီး ပြောသွားတဲ့ စကားတွေကို စိတ်ထဲက ထုတ်နိုင်အောင် ချော့မော့ပြီးနောက် သူမရဲ့ ထူးဆန်တဲ့ အပြုအမူကို ‘ တစ်ခုခုတော့ ပုံမှန်မဟုတ်သလိုပဲ ’ ဟု ယူဆလိုက်ပါသည်။
စုယန်ယန် မသိအောင် သူ တိတ်တဆိတ် ဆွေးနွေးတိုင်ပင်နေတဲ့ သီးသန့်ဆရာဝန်ကတော့ စုယန်ယန်ဟာ သွေးနုသားနုစိတ်ကျရောဂါ အပျော့စား တစ်မျိုးကို ခံစားနေရကြောင်း နောက်တစ်နေ့မှာပဲ မှတ်ချက်ချခဲ့သည်။
++++++