အခန်း ၇၈၆
Vol. 53 Ch. 786
786 01
အခန်း ( ၇၈၆ ) စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု။
“ သခင်လေး ပြောပြတဲ့ စကားတွေအရ သခင်လေးရဲ့ မိန်းမမှာ သွေးနုသားနာစိတ်ကျရောဂါ လက္ခဏာတွေ ခံစားနေရတာ သေချာတယ်။ ဒါပေမဲ့ သူ့ရောဂါက တော်တော်လေး နုတဲ့ အခြေအနေမှာပဲ ရှိလောက်ဦးမယ်။ သခင်လေး အဲ့ဒါကို စောစောစီးစီး သတိထားမိသွားတာက သခင်လေးနဲ့ သခင်လေးရဲ့ မိန်းမရဲ့ ဆက်ဆံရေးက အရမ်း အဆင်ပြေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒါလည်း ကောင်းတဲ့ အရာ တစ်ခုပဲ။ ဘယ်ရောဂါမဆို စောစော ရှာတွေ့ရင် စောစော ကုလို့ ရတယ်။ နောက်ကျမှ ရှာတွေ့ရင် ရောဂါအခြေအနေ ပိုပြင်းထန်သွားနိုင်သလို ကုသရတာလည်း ပိုခက်သွားနိုင်တယ်။ ”
ဆရာဝန်က ထိုသို့ ပြောသော်လည်း ဟောက်ချန်ဟွမ်းကတော့ နည်းနည်းလေးတောင် စိတ်အေးမသွားဘဲ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ အခုတလော သူ စိတ်ခံစားချက်အတက်အကျတွေ နည်းနည်းလေး မြန်နေတယ်။ အဲ့ဒါကရော ဒါကြောင့်ပဲလား။ ”
“ ဟုတ်ပါတယ်။ လူအများစုက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ကာလအတွင်း ထိန်းချုပ်လို့ မရတဲ့ စိတ်ခံစားချက်အတက်အကျတွေ အများကြီး ဖြစ်တယ်လို့ပဲ သိကြတာ။ တကယ်တော့ ကလေးမွေးပြီးခါစ ဒီကာလကမှ ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက် အခက်ခဲဆုံး ကာလပဲ။ သူတို့မှာ စိတ်ဖိစီးမှုတွေ အများကြီး ရှိနေတာ။ စိတ်ဖိစီးမှုကြောင့် သူတို့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ရတာလည်း ခက်တယ်။ သူတို့က ဘယ်ကိစ္စကိုမဆို ထိလွယ်ရှလွယ် ဖြစ်နေလိမ့်မယ် ၊ ပြီးတော့ ပြင်ပက လာတဲ့ လွှမ်းမိုးမှုတွေကိုလည်း စိတ်ထိခိုက်လွယ်တယ်။ ”
ဟောက်ချန်ဟွမ်းက ခဏတာ နှုတ်ဆိတ်သွားပြီ ဩလျစွာ မေးလိုက်သည်။ “ ပြင်ပလွှမ်းမိုးမှုတွေတဲ့လား ဒေါက်တာ။ ဘယ်လို ပြင်ပလွှမ်းမိုးမှုတွေကများ ဒီအခြေအနေကို ဖြစ်လာစေတာလဲ။ ”
“ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးနုသားနုစိတ်ကျရောဂါကို ဖြစ်ပေါ်စေနိုင်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ မြင်တွေ့နေကျ အချက်တွေကတော့ လင်မယားအချင်းချင်းနဲ့ ဆွေမျိုးတွေကြားမှာ အဆင်မပြေတာမျိုးပေါ့။ ”
သူတို့စုံတွဲက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပဲ အမြဲတမ်း ပိုင်ဆိုင်ခဲ့တာ ဖြစ်သလို ယောက္ခမနှင့် ချွေးမကြား ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်စရာအကြောင်းလည်း မရှိတာမို့ ထိုအကြောင်းပြချက်က လုံးဝ မမှန်ကန်ပေ။
“ ကလေးထိန်းရတာ အရမ်း စိတ်ဖိစီးချင်စရာကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။ ကလေးက အရမ်း ဆိုးလွန်းရင် ၊ ဒါမှမဟုတ် အမေက ကလေးကို ဘယ်လို နို့တိုက်ရမလဲ .. ဘယ်လို ဂရုစိုက်ပေးရမလဲ ဆိုတာ မသိရင်ပေါ့။ ”
အိမ်မှာ ကလေးအတွက် အိမ်အကူတွေ ရှိတဲ့အပြင် ရိုလီပိုလီကလည်း သူ့ကို ဂရုစိုက်ပေးသည်။ သူလည်း အချိန်အားတိုင်း ကြယ်လေးကို မျက်စိဒေါက်ထောက် ကြည့်နေတတ်ကာ စုယန်ယန်ကို ကလေးထိန်းပြီး အပင်ပန်းမခံခိုင်းပါ။ ဒီအကြောင်းပြချက်လည်း မှားပြန်၏။
“ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ကလေးမွေးပြီးတဲ့နောက်ပိုင်း ပြောင်းလဲသွားတတ်တာ ရှိတယ်။ ဗိုက်ထဲမှာ တဖြည်းဖြည်း ကြီးထွားလာတဲ့ သန္ဓေသားက သူတို့ရဲ့ ခန္ဓာကိုယ်ကို ပုံပျက်သွားစေတယ်။ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်က ကလေးမွေးပြီးသွားရင်တောင် မူလအနေအထားကို ချက်ချင်း ပြန်မရောက်နိုင်ဘူး။ အဲ့ဒါကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို စိတ်ဖိစီးစေတဲ့ အချက်တွေထဲက တစ်ချက်ပဲ။ ”
ဟောက်ချန်ဟွမ်း ဆွံ့အသွားသည်။ သူတို့ အိမ်ပြန်လာတဲ့ ပထမဆုံးညတုန်းက အဖြစ်အပျက်ကို သူ ရုတ်တရက် ပြန်သတိရသွားသည်။ စုယန်ယန်က သူမရဲ့ ဖောင်းအစ်အစ် ဗိုက်လေးကို ဖျစ်ညှစ်ရင်း သူ့အား သူမ ရုပ်ဆိုးနေလားဟု မေးခဲ့ပါသည်။
“ သခင်မလေးက သူ့ဘဝရဲ့ အပြောင်းအလဲကို အပြည့်အဝ လက်မခံနိုင်သေးတာလည်း ဖြစ်နိုင်တယ်။ ”
“ ဘဝ အပြောင်းအလဲ .. ဟုတ်လား။ ”
“ ဟုတ်ပါတယ်။ သခင်မလေးက မိန်းကလေး တစ်ယောက်ရဲ့ အလှပဆုံး အနုပျိုဆုံးအရွယ်မှာ ရောက်နေတာပါ။ သူက သခင်လေးနဲ့ လက်ထပ်ပြီး အိမ်ထောင်သည် ဖြစ်သွားတဲ့အထိ အရင်တုန်းကလိုပဲ ခံစားခဲ့ရမှာပဲ။ ဒါပေမဲ့ အခုတော့ သူ့မှာ ကလေး ရှိလာပြီ ဆိုတော့ ဇနီးမယား ဆိုတဲ့ ဘဝကနေ မိခင်ဘဝကို ကူးပြောင်းသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူ အခုက စပြီး အရာရာတိုင်းကို တာဝန်ယူလို့ မရတော့ဘူး ၊ စိတ်တိုင်းကျ လုပ်လို့ မရတော့ဘူး။ ”
“ ကျွန်တော် သခင်လေးကို ရိုးရှင်းတဲ့ ဥပမာ တစ်ခု ပေးမယ်။ သခင်လေးတို့မှာ ကလေးမရခင်တုန်းက သခင်လေးရော ၊ သခင်မလေးရော အချိန်မရွေး နေရာမရွေး ဈေးဝယ်ထွက်လို့ ရတယ် ၊ ရုပ်ရှင်ကြည့်လို့ ရတယ်။ ခရီးထွက်လို့တောင် ရသေးတယ်။ ဒါပေမဲ့ အခု သခင်လေးတို့မှာ ကလေးရလာတဲ့အတွက် သခင်မလေးက သူ ဘာပဲလုပ်လုပ် ကလေးကို ထည့်တွေးမှာပဲ။ ဈေးဝယ်ထွက်တာတို့ ၊ ရုပ်ရှင်ကြည့်တာတို့ လုပ်နေရင်တောင် အိမ်မှာ ကျန်ခဲ့တဲ့ ကလေးကို စိတ်ပူမှာပဲ။ ကလေး ကောင်းကောင်း စား ၊ ကောင်းကောင်း အိပ်ရဲ့လား ၊ ငိုနေလား စသည်ဖြင့်ပေါ့။ ခရီးထွက်တာကိုတော့ ထည့်ပြောမနေနဲ့တော့။ သခင်လေးတို့ အချိန် တစ်ခုထိ ခရီးထွက်ဖို့ မဖြစ်နိုင်သေးဘူး။ ”
786 02
“ ရုတ်တရက် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေကလည်း သခင်မလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို သေချာပေါက် သက်ရောက်မှုရှိမှာပဲ။ အဲ့ဒါက သခင်မလေးကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်သွားစေပါလိမ့်မယ်။ ”
ဆရာဝန်ရဲ့ စိတ်ဖြာလေ့လာချက်ကြောင့်သာ မဟုတ်ရင် လင်းရှောင်ချီးရဲ့ ဘာရယ်မဟုတ် ပြောလိုက်တဲ့ စကားတွေအပေါ် စုယန်ယန်ရဲ့ အကဲဆတ် တုံ့ပြန်မှုနောက်ကွယ်မှာ အချိုးအကွေ့တွေ အများကြီး ရှိနေလိမ့်မယ် ဆိုတာကို ဟောက်ချန်ဟွမ်း ဘယ်တော့မှ သိခဲ့မှာ မဟုတ်ပေ။
“ ဒေါက်တာ ပြောတဲ့ နောက်ဆုံးအချက် ( ၂ ) ချက်ကြောင့် ဆိုရင် ဘယ်လို ကုသလို့ ရမလဲဗျ။ ”
“ သခင်မလေးရဲ့ လက်ရှိအခြေအနေကို ကြည့်ရသလောက် အဲ့လို စိတ်ခံစားချက်တွေက အရမ်းကြီး မပြင်းထန်သေးပါဘူး။ အဓိကကျတာက သခင်လေးပဲ။ ဒီကာလအတွင်းမှာ သခင်လေးက သခင်မလေးရဲ့ စိတ်ဖိအားတွေ လျော့ကျအောင် သူနဲ့ အတတ်နိုင်ဆုံး အချိန်များများ ကုန်ဆုံးပေးရမယ်။ သင့်တော်တဲ့ အရာမျိုးနဲ့ သူ့ကို အာရုံပြောင်းအောင် လုပ်ပေးပါ ၊ အတွေးတွေ အများကြီး လျှောက်မတွေးခိုင်းနဲ့။ ”
++++++