အခန်း ၇၈၈
Vol. 53 Ch. 788
788 01
အခန်း ( ၇၈၈ ) သူများကို စားပေါက်ပိတ်မိခြင်း။
စုယန်ယန်က အစ်ကိုဖြစ်သူ ပြောတဲ့ မကျေမနပ်စကားတွေကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီ ဆေးဝါးအဖွဲ့အစည်း ဆိုတာကို သူမ မသိပါ။ နာမည်အရတော့ အဲ့ဒါက ဆေးဝါးအမျိုးမျိုး အသုံးပြုခွင့်ကို တာဝန်ယူထားတဲ့ အဖွဲ့အစည်း တစ်မျိုး ဖြစ်လိမ့်မည်။ သို့သော်လည်း တကယ်တမ်းမှာ ဆေးဝါးအသုံးပြုခွင့်တွေ အကုန်လုံးက သူတို့လက်ထဲမှာ ရှိနေတာ မဟုတ်ပါ။
တရားနည်းလမ်းကျကျ ပြောရရင် ဒီဆေးပင်တွေကို ဆေးဝါးအဖွဲ့အစည်းဆီ လွှဲပြောင်းပေးလိုက်တာကပဲ သူမအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေမဲ့ သူမကတော့ ဆေးဝါးအဖွဲ့အစည်း ဆိုတာကြီးကို တစ်ခါမှ ထည့်မတွက်ဘဲ သုတေသနဌာနကိုသာ လွှဲပြောင်းပေးခဲ့သည်။
ပထမဆုံး အကြောင်းအရင်းကတော့ သူမအဘိုးက သုတေသနဌာနနှင့် ပိုရင်းနှီးကျွမ်းဝင်ပြီး ထိုဌာနမှာ အလုပ်,လုပ်ချင်လို့ပဲ ဖြစ်သည်။ သုတေသနဌာနက ဆေးဝါးအဖွဲ့အစည်းထက် ပိုသင့်တော်တယ် ဆိုတာ သိသိသာသာပင်။
ဒုတိယ အကြောင်းအရင်းကတော့ ဒီဆေးဝါးအဖွဲ့အစည်းအကြောင်းကို သူမလည်း ကြားဖူးသည်။ သူမရဲ့ အရင်ဘဝတုန်းက ဒီအဖွဲ့အစည်းက အကျိုးအမြတ်တွေကြောင့် သူတို့အဖွဲ့အတွင်းမှာပဲ ပဋိပက္ခလေးတွေ အနည်းငယ် ရှိခဲ့သည်။ အပေါ်ယံမှာသာ တည်ငြိမ်အေးချမ်းနေပေမဲ့ အတွင်းထဲမှာ ပြဿနာတွေ မှိုလို ပေါက်နေပြီး ဂုဏ်သတင်းကလည်း သိပ်မကောင်းပေ။
သူတို့လက်ထဲကိုသာ တရုတ်ရိုးရာဆေးပင်တွေ ထည့်ပေးလိုက်ရင် ထိုဆေးပင်တွေကို ကာကွယ်ပေးဖို့ နေနေသာသာ ဆေးပင်တွေကို လုရင်း သူတို့အချင်းချင်း ထမသတ်ရင်ပဲ ကံကောင်းလှပြီ ဖြစ်သည်။
ဟောက်ချန်ဟွမ်းက သူလူတွေအား အင်တာနက်အသုံးပြုသူတွေရဲ့ စုယန်ယန်နှင့် ပတ်သက်တဲ့ အမြင်တွေ အကုန်လုံးကို စောင့်ကြည့်ခိုင်းထားသောကြောင့် သတင်းတွေ တက်လာသည်နှင့်တစ်ပြိုင်နက် သူ့လူတွေက စတင် စုံစမ်းခဲ့ကြသည်။
မောင်နှမ နှစ်ယောက် ဆွေးနွေးတိုင်ပင်နေစဉ်မှာ ယုကျစ်ယန်နှင့် တခြားလူတွေက သူတို့ ရှာတွေ့ထားတဲ့ သတင်းအချက်အလက်တွေကို ဟောက်ချန်ဟွမ်းဆီ ပို့ပြီးသွားပြီ ဖြစ်သည်။
“ ဆေးဝါးအဖွဲ့အစည်းက လွန်ခဲ့တဲ့ တစ်ပတ်တုန်းကမှ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ ဆေးဝါးတွေကို ထုတ်လုပ်ထားတာ။ အဲ့ဆေးဝါးတွေက ဆေးဝါးနယ်ပယ်ထဲမှာ တော်တော်လေး နာမည်ကြီးနေတယ်။ ”
စုယန်ယန်က မျက်မှောင်ကြုတ်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ အံ့ဩစရာမရှိပါဘူး။ ကြည့်ရတာ ကျွန်မတို့ သူများရဲ့ စားပေါက်ကို ပိတ်မိသလို ဖြစ်သွားတယ် ထင်တယ်။ ”
ဆေးဝါးအဖွဲ့အစည်းက ကင်ဆာတိုက်ဖျက်ရေး ဆေးဝါးတွေကို ထုတ်လုပ်ပြီး ရက်ပိုင်းအကြာမှာပဲ သုတေသနေဌာနကလည်း တရုတ်ရိုးရာဆေးပင်တွေကို ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့သည်။ အဲ့ဒါက ဆေးဝါးနယ်ပယ်ကို အမြဲတမ်း အပြည့်အဝ ထိန်းချုပ်ခဲ့တဲ့ ဆေးဝါးအဖွဲ့အစည်းအပေါ် သေချာပေါက် သက်ရောက်မှုရှိပါလိမ့်မည်။ ဒါက နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်ရနိုင်တဲ့ ကိစ္စ ဖြစ်သော်လည်း ဆေးဝါးအဖွဲ့အစည်းကတော့ အဲ့ဒီလို မတွေးတာ အသေအချာ။ သူတို့က တရုတ်တိုင်းရင်းဆေး ပါဝင်ပစ္စည်းတွေကို သုတေသနဌာနဆီ ချက်ချင်း ပို့လိုက်သည်။
သူတို့မှာ အချိန်အကြာကြီး ပြောရေးဆိုခွင့်ရှိလာတာနဲ့ပဲ ဘာမဆို လုပ်ချင်တိုင်း လုပ်လို့ ရမယ်လို့ ထင်နေတာလား။
စုယန်ယန် လှောင်ရယ်လိုက်၏။ ပစ္စည်း တစ်ခုက ဘယ်လောက်ပဲ ကောင်းနေပါစေ ၊ ငွေရေးကြေးရေးနှင့် ပတ်သက်လာရင် လူထုအကျိုးထက် ပိုက်ဆံကိုပဲ ရှေ့တန်းတင်တဲ့ ပစ္စည်းအဖြစ် ပြောင်းလဲသွားတတ်သည်။
ဆေးဝါးတွေကိုပဲ ဥပမာပေးရရင် ဆေးဝါး ဆိုတာ လူတွေရဲ့ အသက်ကို ကယ်ဖို့ ထုတ်လုပ်ထားတာ ဆိုပေမဲ့ အဆုံးသတ်မှာတော့ စီးပွားရေးသမားတွေအတွက် အောင်မြင်မှု ၊ ကျော်ကြားမှုကို ဝယ်ယူဖို့ အသုံးချခံပစ္စည်းသက်သက်ပဲ ဖြစ်သွားခဲ့ရသည်။
“ ဆေးဝါးအဖွဲ့အစည်းက နာမည်ကြီးတယ် ၊ အဲ့ဒီ အဘိုးကြီးတွေက ဆေးဝါးနယ်ပယ်ထဲမှာလည်း နာမည် တစ်ခု ရှိတယ်။ ဒီကိစ္စက ဖြေရှင်းရ မလွယ်မှာ ညီမ စိုးရိမ်တယ်။ အစ်ကို ဘယ်လို ဖြေရှင်းမယ်လို့ တွေးထားလဲ။ ”
“ ဘာကို ဘယ်လို ဖြေရှင်းရမှာလဲ။ နင် ဘာမှ,မှ ဖြေရှင်းစရာ မလိုတာ။ ”
“ အဲ့ဒါဆို ဒီကိစ္စကို အစ်ကို ဘာမှ မလုပ်ဘူးလား။ အဲ့ဒါက … ”
788 02
စုယွီရွှမ်းသည် သူ့ညီမကို ကြည့်ကာ ကလေးမွေးပြီးတဲ့နောက်ပိုင်း ဒီကောင်မလေး သုံးနှစ်စာလောက် ဉာဏ်ရည်နိမ့်သွားတာလား ဟူ၍တောင် တွေးမိတော့မလို ဖြစ်သွားသည်။
“ စိတ်ပူနေစရာ ဘာလိုလဲ။ တရုတ်တိုင်းရင်းဆေးတွေကို ကြေညာတာက ပထမအဆင့်ပဲ ရှိသေးတယ်။ ငါတို့ ဒီအဆင့်ကိုတောင် အောင်မြင်အောင် မလုပ်နိုင်ရင် ပိုရှုပ်ထွေးတဲ့ ဆေးဝါးဗေဒတွေ ၊ ဆေးဝါးကို ဘယ်လိုလုပ် ကြေညာမှာလဲ။ စိတ်မပူပါနဲ့။ ငါတို့ထက် ပိုစိတ်ပူနေတဲ့ လူတွေ ရှိမှာပါ။ ”
စုယွီရွှမ်း ပြောတာ မှန်ပါသည်။ အမှန်တကယ်လည်း သူတို့ထက် ပိုစိတ်ပူတဲ့ လူတွေ ရှိနေခဲ့ပြီး ထိုလူတွေက A တက္ကသိုလ်မှာ စုယန်ယန်ရဲ့ အတန်းချိန်ကို တက်ရောက်ဖူးတဲ့ ပရော်ဖက်ဆာအဘိုးကြီးတွေ ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းအတွက် ဆေးဝါးအဖွဲ့အစည်းမှာ အလုပ်,လုပ်နေရကာ အဖွဲ့အစည်းကို လွန်ဆန်တာမျိုး လုပ်ရင် ချက်ချင်း အလုပ်ထုတ်ပစ်ခံရနိုင်တဲ့ လူတွေနှင့် ထိုပရော်ဖက်ဆာကြီးတွေနှင့် မတူပါ။ သူတို့အားလုံး ဆေးဝါးအဖွဲ့အစည်းမှာ အလုပ်,လုပ်နေပေမဲ့လည်း အများစုမှာ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေ ရှိသည်။
အဖွဲ့အစည်းကတောင် သူတို့ကို ပြန်မှီခိုနေရသေးတာမို့ ပြောရရင် ဆေးဝါးအဖွဲ့အစည်းဟာ သူတို့လို ပရော်ဖက်ဆာတွေ မရှိဘဲ မရပ်တည်နိုင်ပါ။
ပြီးတော့ အွန်လိုင်းပေါ်က သတင်းတွေအကြောင်း ကျောင်းသားတွေ ပြောနေတာကို ကြားချိန်မှာ ဒေါသတကြီး ခြေဆောင့်လိုက်ကြတာက ထိုပရော်ဖက်ဆာကြီးတွေပဲ ဖြစ်ပါသည်။
++++++