အခန်း ၇၈၉
Vol. 53 Ch. 789
789 01
အခန်း ( ၇၈၉ ) ဒေါသထွက်နေတဲ့ ဘော့စ်များ။
“ အဖွဲ့အစည်းမျိုးစုံမှာ ရေသာခို အချောင်လိုက်ဖို့ပဲ သိပြီး သေမယ့် အချိန်ကို စောင့်နေတဲ့ အဘိုးကြီးတွေကတော့လေ … ။ ခါတိုင်းဆို သူတို့မှာ အလုပ်ရှုပ်နေလို့ အီးပေါက်ဖို့တောင် အချိန်ရှိတာ မဟုတ်ဘူး။ အခုကျတော့ တစ်ယောက်ယောက်က သူတို့ဘိုးဘွားတွေရဲ့ အုတ်ဂူကို တူးဖော်လိုက်သမျိုး ရုတ်တရက်ကြီး ထွက်လာကြတာများ။ ”
ယဲ့ချီလျန့်က ဒေါသတွေဖြင့် တုန်ယင်နေခဲ့သည်။ သူ ဒီနေ့ ရောက်ဖို့ အကြာကြီး စောင့်ခဲ့ရတာပါ။
သူ့အတွက် မျှော်လင့်ချက်ရောင်ခြည်လေး မြင်ရဖို့ တကယ့်ကို ခဲခဲယဉ်းယဉ်း ကြိုးစားခဲ့ရသော်လည်း ဒီလူတွေက သူ့ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်ခဲ့သည်။ ယဲ့ချီလျန့် ထိုလူတွေကို အရှင်လတ်လတ် ဝါးစားပစ်ချင်သည်။
A တက္ကသိုလ်မှာ လာတက်ခဲ့တဲ့ သူ့မူလရည်ရွယ်ချက်က အဲ့လောက် မရိုးရှင်းပေမဲ့ ဒေါသထွက်နေတဲ့ လူက ယဲ့ချီလျန့် တစ်ယောက်တည်း မဟုတ်ပါ။
လူအများစုက ယဲ့ချီလျန့်ရဲ့ တစ်ဘဝလုံးနီးပါး ကြိုးစားလာတဲ့ တရုတ်တိုင်းရင်းဆေးတွေအကြောင်း သိချင်သည်။
ဒါပေမဲ့ အွန်လိုင်းကနေ တစ်နှစ်နီးပါး လေ့လာပြီးတဲ့နောက်မှာ လူတွေက ထိုအကြောင်းကို စိတ်ဝင်စားပြီး သဘောကျလာခဲ့ကြသည်။
ထိုလူတွေအတွက်တော့ ဆေးဝါးအဖွဲ့အစည်းရဲ့ လတ်တလော နာမည်ကြီးနေတဲ့ ကင်ဆာတိုက်ဖျက်ရေးဆေးဝါးက ကျားမွှေးနုတ်ရခြင်းနှင့် ဘာမှ မကွာပါ။
“ ဟုတ်တယ်မို့လား။ ရယ်စရာကောင်းလိုက်တာ ကြည့်ပါဦး။ အဲ့လူတွေမှာ အပေါစားပါးစပ်တွေ ရှိတယ် ဆိုတာကို ငါ အရင်တုန်းက ဘာလို့ မသိခဲ့တာပါလိမ့်။ ”
“ ငါတို့တွေ အရင်တုန်းကလည်း အဲ့လောက်ကြီးမှ အဆက်အဆံမရှိတာ။ သူက အပေါ်ယံမှာပဲ လူကောင်း တစ်ယောက်နဲ့ တူတာ။ သူ့ကို ဒီလောက်တောင် စိတ်ဓာတ်နိမ့်ကျလိမ့်မယ်လို့ ထင်မထားဘူး။ သူက လယ်ပြင်မှာ ဆင်သွားသလို ထင်းရှားနေတဲ့ အရာကိုတောင် လိမ်ရဲသေးတယ်။ ”
“ မင်း အခု သိသွားပြီ မဟုတ်ဘူးလား။ အဲ့လူတွေက အစကတည်းက လူကောင်းတွေ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဆေးပညာဖလှယ်ပွဲကို မင်း မှတ်မိသေးတယ်မို့လား။ အဲ့ဒီအစည်းအဝေးမှာ အဲ့လူတွေက လူငယ်တွေကို တမင် အနိုင်ကျင့်တာကို ငါ့မျက်စိနဲ့ကိုယ်တိုင် တွေ့ခဲ့တာ။ သူတို့က စီနီယာကျတယ် ဆိုတာနဲ့ပဲ အခွင့်ကောင်းယူခဲ့တာကိုတော့ ပြောမနေနဲ့တော့။ သူတို့ထဲက တစ်ယောက် ၊ နှစ်ယောက် ဆိုရင် … အဟမ်း အဟမ်း … ကောင်မလေးတွေကိုတောင် ဟိုတယ်ထဲမှာ နှောင့်ယှက်ခဲ့သေးတယ်။ ”
“ တော်တော် ဆိုးတာပဲ။ ” နေရာမှာ ရှိနေတဲ့ လူတွေ အကုန်လုံး ထိတ်လန့်သွားကြသည်။
“ မင်း ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ။ ”
အဘိုးကြီးက လူတိုင်းဆီမှာ အအော်ခံလိုက်ရ၍ မလုံမလဲ ခံစားချက်ဖြင့် နှာခေါင်းပွတ်လိုက်သည်။ ထို့နောက် အေးစက်စွာ လှောင်ပြုံး ပြုံးပြီး ဒေါသတကြီး ပြောလိုက်၏။ “ ငါက အဲ့လို ပြောတာနဲ့ပဲ မင်းတို့ ငါ့စကားကို ယုံမှာမို့လို့လား။ အဲ့အချိန်တုန်းက ငါလည်း အဲ့အကြောင်းတွေကို အမှတ်မထင် သိသွားခဲ့တာ။ ငါ့မှာ အသံမှတ်တမ်းသွင်းတဲ့ ကိရိယာတွေလည်း မရှိဘူး။ ငါ့ပါးစပ် တစ်ခုတည်းနဲ့ ပြောတဲ့ အပြောသက်သက်ကို ဘယ်သူက ယုံမှာလဲ။ ”
ထိုအဘိုးကြီးက စိတ်မြန်လက်မြန် ဟောဟောဒိုင်းဒိုင်းသမား ဖြစ်ပြီး လူပျိုကြီးမို့ တခြားသူတွေနှင့် သိပ်မရင်းနှီးပါ။ လိုအပ်တဲ့ သုတေသနအချိန်တွေက လွဲလို့ သူတို့ တွေ့ခဲသည်။
အဲ့ဒီလို သူငယ်ချင်းဆက်ဆံရေးမျိုးနှင့် တစ်ဖက်လူအား ဖြစ်သမျှ အကြောင်းအရာတိုင်းကို သူ့ကို ပြန်ပြောဖို့ မျှော်လင့်လို့ မရပါ။ ပြီးတော့ သူ ပြောခဲ့သလိုပဲ။ သူ ပြောရင်တောင် သူတို့တွေက ယုံမှာမို့လို့လား။
သူ့ကို စွပ်စွဲတဲ့ လူက စကားလုံးနှင့် မဖော်ပြနိုင်လောက်အောင်ပင် မလုံမလဲ ခံစားလိုက်ရပြီး ချက်ချင်း ပါးစပ်ပိတ်သွား၏။
ခဏကြာတော့ လူ တစ်ယောက်က စကားထပ်စပြီး သူ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးပုံရတဲ့ ထိုလူတွေအကြောင်း ဆွေးနွေးခဲ့သည်။
“ ကျုပ်တို့လည်း နှစ်ကြိမ် ၊ သုံးကြိမ်လောက်ပဲ တွေ့ဖူးတာ ဆိုပေမဲ့ အဲ့လူတွေကို တကယ် သဘောမကျဘူး။ သူတို့ အဲ့လောက် လူမသိသူမသိ ယုတ်မာလိမ့်မယ်လို့ပဲ မထင်ခဲ့တာ။ ”
ပြောရရင် သူတို့တွေ အကုန်လုံးက လူ့ဘဝမှာ သက်တမ်းတစ်ဝက်ကျော်လောက် နေလာခဲ့တဲ့ အဘိုးကြီးတွေမို့ လူကဲခတ်မှန်တာ များသည်။
သူတို့ လူ တစ်ယောက်ရဲ့ အကြောင်းကို နားမလည်ရင် တစ်ဖက်လူရဲ့ စရိုက်က ဘယ်လိုပဲဖြစ်ဖြစ် ရှေးရိုးစွဲအတွေးတွေနှင့် တစ်ဖက်သတ်ဆန်မှာပဲ ဖြစ်သည်။ ဒါပေမဲ့ လူ့သဘာဝဟာ သူတို့ ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးကြောင်း မေ့လျော့ခဲ့သည်။
789 02
“ ဒါက တရားလွန်လွန်းတယ်။ သူတို့က စီနီယာတွေအနေနဲ့ အရည်အချင်းရှိတဲ့ ဂျူနီယာတွေကို မကူညီရုံတင် မဟုတ်ဘူး ၊ ချိုးနှိမ်ဖို့တောင် လုပ်လိုက်သေးတယ်။ ပင်လယ်ရေကို သူတို့တွေပဲ သောက်လို့ ကုန်တယ်လို့ ထင်နေကြတာလား။ ”
“ ပြီးတော့ သူတို့က မိန်းကလေးတွေကိုလည်း နှောင့်ယှက်တယ်။ ” အသက် ခြောက်ဆယ်အရွယ်ရှိ အမျိုးသမီး ပရော်ဖက်ဆာကြီး တစ်ယောက်ရဲ့ မျက်နှာက ဒေါသကြောင့် ရဲရဲနီနေသည်။
“ အဲ့လို လူ့အမှိုက်က ဘယ်လိုလုပ်ပြီး ကျွန်မတို့ရဲ့ ဆေးဝါးအသင်းအဖွဲ့က ဖြစ်နေတာလဲ။ ဆေးပညာလောက,က သူတို့လို လူတွေကြောင့် နာမည်ပျက်နေတာ။ အဲ့ဒီလို ကိုယ်ကျင့်တရားမကောင်းတဲ့ လူတွေက ဒီအနေအထားထိ ဘယ်လို ရောက်လာတာလဲ။ သူတို့ကို ဘယ်သူမှ ပြုပြင်မပေးတော့ဘူးလား။ ”
“ အထက်က လူတွေကို မျက်နှာလိုမျက်နှာရ ကပ်ဖားရပ်ဖားလုပ်ပြီး ရောက်လာတာပဲ နေမှာပေါ့။ မင်း သူတို့ ပို့လိုက်တာတွေကို မမြင်ဘူးလား။ ”
++++++