အခန်း ၇၉၁
Vol. 53 Ch. 791
791 01
အခန်း ( ၇၉၁ ) အဖွဲ့လိုက် အလုပ်ထွက်ခြင်း။
ကိစ္စတွေက သူတို့ ဖြစ်စေချင်တဲ့အတိုင်း အမှန်တကယ် လည်ပတ်နေသလို အထက်လူကြီးတွေကလည်း သူတို့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်အတွက် ဂုဏ်ယူနေခဲ့ကြသည်။
သို့သော်လည်း သူတို့ရဲ့ ပျော်ရွှင်မှုက ကြာကြာ မခံလိုက်ဘဲ ဝန်ထမ်းတွေဆီက သတင်းတွေကို ကြားချိန်မှာ ထိုပျော်ရွှင်မှုတွေ အငွေ့ပျံသွားခဲ့သည်။ မူလတုန်းက ဆေးဝါးအသင်းအဖွဲ့ရဲ့ လက်အောက်မှာ အလုပ်,လုပ်နေခဲ့တဲ့ ပရော်ဖက်ဆာကြီး ဆယ်ယောက်ကျော်က အလုပ်ထွက်စာတွေကို ပြိုင်တူ ပို့လာခြင်း ဖြစ်သည်။ ဒီနေ့က စလို့ သူတို့က ဆေးဝါးအသင်းအဖွဲ့ကို မှီခိုတော့မှာ မဟုတ်ပါ။
ထိုအဖြစ်အပျက်က ဆေးဝါးအသင်းအဖွဲ့ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီး အသင်းအဖွဲ့ထဲက လူတိုင်းကို ဆောက်တည်ရာမရ ဖြစ်သွားစေခဲ့သည်။
တကယ်တော့ ဒီလို အသင်းအဖွဲ့တွေက အထူး အလုပ်အကိုင်တွေကို လုပ်တဲ့ ကုမ္ပဏီတချို့နှင့် ဆင်တူသည်။ နှစ်တိုင်း သူတို့က လက်တွေ့စမ်းသပ်မှုတွေ ၊ သုတေသနတွေမှာ အသုံးပြုဖို့ ငွေပမာဏ တစ်ခုကို ချေးငွေယူလေ့ရှိသည်။ သူတို့က ထိုငွေကို သုံးပြီး သုတေသနတွေ ၊ လက်တွေ့စမ်းသပ်မှုတွေ လုပ် ၊ ဆေးဝါးအသစ်တွေ ထုတ်ကာ ပိုက်ဆံရှာရတာပင်။
ဒါပေမဲ့ ချေးငွေလျှောက်ဖို့အတွက် အသင်းအဖွဲ့ထဲမှာ အခြေခံလိုအပ်ချက်တွေနှင့် ကိုက်ညီတဲ့ သက်ဆိုင်ရာ ပရော်ဖက်ဆာ အနည်းဆုံး အယောက် ( ၂၀ ) လိုအပ်သည်။ ဒါ့ကြောင့်သာ ယဲ့ချီလျန့်နှင့် တခြားလူတွေက အသင်းအဖွဲ့ထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ဘယ်သူကမှ သူတို့ကို မလေးမစား မဆက်ဆံရဲတာ ဖြစ်သည်။
အခု ပရော်ဖက်ဆာ အယောက် ( ၂၀ ) ထဲက ( ၁၂ ) ယောက်က ရုတ်တရက် အလုပ်ထွက်သွား၍ လူတိုင်း ဆွံ့အသွားခဲ့ကြလေသည်။
( ၁၂ ) ယောက် ဆိုတဲ့ အရေအတွက်က နည်းနည်းနောနော မဟုတ်။ ဘယ်အလုပ်နယ်ပယ်မှာမဆို အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ပိုင်ဆိုင်ထားဖို့ ဆိုတာ မလွယ်ပါ။
တစ်ပြိုင်တည်း နှုတ်ထွက်သွားတဲ့ အဲ့လူတွေရဲ့ နေရာမှာ သူတို့ ဘယ်က လူတွေကို သွားရှာပြီး အစားထိုးရမှာလဲ … ။
ဆေးဝါးအသင်းအဖွဲ့ဥက္ကဌကြီးသည် စိတ်နှင့်ကိုယ်ပြန်ကပ်သည်နှင့်တစ်ပြိုင်နက် လူ့စွမ်းအားအရင်းအမြစ်ဌာနကို အမြန် ပြေးသွားပြီး ပရော်ဖက်ဆာ တချို့ရဲ့ ဖုန်းနံပါတ်တွေကို တောင်းလိုက်သည်။
ဒါပေမဲ့ သူ ဖုန်းဆက်တာကို မကိုင်တဲ့ လူကလည်း မကိုင်သလို သူ့နာမည် ကြားရုံနှင့် ဖုန်းချသွားတဲ့ လူကလည်း ချသွားခဲ့ပြီး ဒေါသထွက်နေတဲ့ ပရော်ဖက်ဆာ နှစ်ယောက် ၊ သုံးယောက် ဆိုလျှင် “ မင်းတို့ဆေးဝါးအသင်းအဖွဲ့က လုပ်ထားတဲ့ လုပ်ရပ်ကို မှန်တယ် ထင်နေတာလား။ ” ဟူ၍ပင် ဒေါသတကြီး ပြန်အော်ခဲ့သည်။
ဥက္ကဌ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူတို့ ဘာလုပ်မိလို့လဲ … ။ ဒါပေမဲ့ သူ ဘာမှ မတွေးနိုင်သေးခင်မှာပဲ တစ်ဖက်က ဖုန်းချသွား၏။
ဆေးဝါးအသင်းအဖွဲ့ဥက္ကဌကြီးသည် ဒီရာထူးကို သူ လက်လွှဲယူပြီးတဲ့ အချိန်ကနေ အခုချိန်ထိ တစ်ခါမှ ဒီလောက် ဒေါသမထွက်ဖူးပါ။ သူ့မျက်နှာက ချက်ချင်း ဆိုသလိုပဲ မှောင်မည်းသွားသည်။
သူ ဖုန်းတွေပဲ ထပ်ဆက်နေရင် ကောင်းမလား ၊ ဒါမှမဟုတ် လစ်ဟာသွားတဲ့ နေရာတွေအတွက် ပရော်ဖက်ဆာအသစ်တွေကို အလုပ်ခန့်ရင် ကောင်းမလား ဆိုတာ ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ ထိုလူတွေ ရုတ်တရက် အလုပ်ထွက်သွားတဲ့ အကြောင်းအရင်းကို သိလိုက်ရသည်။
ထိုလူတွေက ဆေးဝါးအသင်းအဖွဲ့ကို နှုတ်ထွက်စာပို့ပြီးသည်နှင့် သုတေသနဌာနက တင်ထားတဲ့ Post ကို သူတို့ရဲ့ အကောင့်ထဲမှာ ပြန်တင်ကာ အားပေးထောက်ခံခဲ့ကြသည်။
သူတို့အသက်အရွယ် ပရော်ဖက်ဆာကြီးတွေက အင်တာနက်ပေါ်မှာ အချိန်ကုန်တာ ရှားသည်။ တစ်ခါတရံ Post တစ်ခုခု တင်ဖို့ အင်တာနက်သုံးရင်တောင်မှ အဲ့ဒါက သာမန်လူတွေကို အသိပညာပေးတဲ့ စာအုပ်လိုမျိုး ပညာရပ်နှင့် ဆိုင်တဲ့ Post တွေ ဖြစ်သည်။
ထို့ကြောင့် အစပိုင်းမှာ ယဲ့ချီလျန့်တစ်ယောက်ရဲ့ Post က လွဲလို့ ကျန်လူတွေရဲ့ Post တွေကို လူတွေ သိပ်သတိမထားမိခဲ့ပေ။ အဲ့ဒါကလည်း သူက အရင်တုန်းက စုယန်ယန်ဘက်က ရပ်တည်ပြောဆိုပေးခဲ့ဖူးတာမို့ အင်တာနက်အသုံးပြုသူတွေက သူ့ကို သတိထားမိနေကြတာ ဖြစ်သည်။
တခြား ပရော်ဖက်ဆာကြီးတွေက နာမည်ကြီးဆယ်လီတွေလောက်တော့ ပရိသတ်မများသော်လည်း သူတို့အကောင့်တွေထဲမှာ ကျောင်းသားတွေတော့ အများကြီး ရှိပါသည်။
ဘဝသက်တမ်းအများစုကို စာသင်ရင်း ကုန်ဆုံးခဲ့ရတဲ့ ပရော်ဖက်ဆာကြီးတွေဟာ တစ်ကမ္ဘာလုံးမှာ သူတို့ရဲ့ ကျောင်းသားတွေ ရှိတယ်လို့ မပြောနိုင်သော်လည်း သူတို့ သင်ပေးခဲ့တဲ့ထဲမှာ ထူးချွန်ကျောင်းသားတွေ အများကြီးပင်။
791 02
ထိုကျောင်းသားတွေက သူတို့ကို စာသင်ပေးခဲ့တဲ့ ပရော်ဖက်ဆာတွေမှာ ပြဿနာဖြစ်နေမှန်း မြင်သွားသောအခါ ချက်ချင်းပဲ သူတို့ဘက်က ရပ်တည်ပေးခဲ့ကြသည်။ ပြဿနာရဲ့ အကျိုးအကြောင်း ၊ အသွားအလာတွေကို ဝေဖန်သုံးသပ်ပြီးတဲ့နောက်မှာတော့ သူတို့က လူအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
အင်တာနက်ပေါ်မှာ ဆေးဝါးအသင်းအဖွဲ့ ၊ သုတေသနဌာနတို့နှင့် ပတ်သက်တဲ့ ဆွေးနွေးပွဲတွေက အခုထိ အရှိန်မကျသေးပေ။ ပွဲကြည့်သူတွေက အံ့ဩစရာကောင်းစွာဖြင့် သူတို့ တစ်ခါမှ မကြားဖူးတဲ့ နာမည်တွေ ရုတ်တရက် တက်လာတာကို မြင်သောအခါ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြသည်။
[ မင်း နားမလည်ရင်လည်း ဒီတိုင်းလေးပဲ မေးလိုက်လို့ ရတယ်။ ဒီလူတွေက ဘယ်သူတွေလဲ ၊ ဘာတွေလဲ။ သူတို့ကို ကြည့်ရတာ အကောင့်ဟောင်းတွေကို သုံးနေတာနဲ့လည်း မတူဘူး။ သူတို့က အနေအထိုင်သိုသိပ်တဲ့ ပရော်ဖက်ဆာကြီးတွေများလား။ ( ဖုန်းကို ငုံ့ကြည့်နေတဲ့ အဘိုးကြီးရဲ့ စတစ်ကာလေးဖြင့် ) ]
++++++