အခန်း ၇၉၂
Vol. 53 Ch. 792
792 01
အခန်း ( ၇၉၂ ) ပရော်ဖက်ဆာတွေရဲ့ တိုက်ပွဲ။
[ အပေါ်က တစ်ယောက်ရေ ၊ IT ခေတ်မှာ ရှာဖွေရေးနည်းပညာတွေကို ကောင်းကောင်း အသုံးချစမ်းပါ။ အံ့ဩစရာတွေကို တွေ့လိမ့်မယ်။ ]
အံ့ဩဖွယ်ရာ ဖြစ်ရပ်နှင့် ရင်ဆိုင်လိုက်ရချိန်မှာ တချို့ လူတွေက သူတို့ကို သူများတွေ အမှန်တရား လာပြောပြမှာကို စောင့်နေပေမဲ့ တချို့ လူတွေကတော့ အမှန်တရားကို သူတို့ဘာသာ စူးစမ်းရှာဖွေပြီးခဲ့ပြီ ဖြစ်သည်။
[ သောက်ကျိုးနည်း ၊ ငါ စုံစမ်းကြည့်ပြီးတော့ နည်းနည်းလေး အံ့ဩသွားပြီ။ ဒီလူတွေ အများစုက တကယ်ပဲ အနေအထိုင်သိုသိပ်တဲ့ ပရော်ဖက်ဆာကြီးတွေပဲ။ ]
[ သေစမ်း။ အဲ့ဒါကြောင့် တချို့နာမည်တွေကို ရင်းနှီးပါတယ်လို့ ခံစားနေရတာ။ တက္ကသိုလ်ပုံနှိပ်စာအုပ်တွေမှာ သူတို့နာမည်တွေကို ငါတို့ ခဏ ခဏ မြင်ဖူးတယ်လေ။ သူတို့တွေက အသက်ကြီးသွားလို့ ငါတို့ကျောင်းသားဘဝတုန်းက ငါတို့ကို နှိပ်စက်ခဲ့တဲ့ ပုံစံတွေနဲ့ မတူတော့တာ။ ]
[ ငါကတော့ ဒီပရော်ဖက်ဆာယဲ့ကိုပဲ အထင်ကြီးတယ်။ အရင်တစ်ခေါက်တုန်းက တင်ဆက်သူ ဝေဖန်ခံရတုန်းကလည်း သူက တင်ဆက်သူဘက်က ရပ်တည်ပြောဆိုပေးခဲ့တယ်။ အဲ့အချိန်တုန်းက လူ တစ်ယောက်က သူ့ကို ပြဿနာရဲ့ နောက်ကြောင်းကို ရှင်းပြခိုင်းခဲ့တာလေ။ အခု အဲ့အကြောင်းတွေကို ငါ ပြန်တွေးကြည့်ရင်းနဲ့မှ တော်တော်လေး အံ့ဩစရာကောင်းတယ်လို့ ခံစားလာရတယ်။ ]
လူတွေက ပညာတတ်ပုဂ္ဂိုလ်တွေ ၊ အထူးသဖြင့် ပုံနှိပ်စာအုပ်ထဲမှာ ပါဖူးတဲ့ လူတွေကို အမြဲတမ်း လေးစားသည်။ တစ်နေ့မှာ ထိုပရော်ဖက်ဆာတွေလို ဖြစ်ဖို့က ကျောင်းသားတိုင်းရဲ့ အိပ်မက်ပင်။
ယဲ့ချီလျန့်နှင့် တခြား ပရော်ဖက်ဆာတွေမှာ သူတို့ကို လေးစားအားကျတဲ့ ကျောင်းသား ၊ ကျောင်းသူတွေ အများကြီး ရှိသည်။ ထိုကျောင်းသား ၊ ကျောင်းသူတွေက အခွင့်အရေးရတုန်း သူတို့ရဲ့ ပရော်ဖက်ဆာတွေ နာမည်ကြီးစေရန်အတွက် ယဲ့ချီလျန့်တို့ လုပ်ဆောင်ခဲ့တဲ့ အထင်ကြီးဖွယ် လုပ်ဆောင်ချက်တွေကို တစ်ခုပြီး တစ်ခုပြီး ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ကျောင်းသား တချို့ ဆိုလျှင် ဘယ်ပရော်ဖက်ဆာက ပိုတော်တယ် ဆိုတာကိုတောင် ငြင်းခုံနေခဲ့ကြသည်။ သူတို့ရဲ့ ငြင်းခုံနည်းကတော့ ပရော်ဖက်ဆာတွေရဲ့ သုတေသနရလဒ်တွေ ၊ အထင်ကြီးဖွယ် လုပ်ဆောင်ချက်တွေကို တစ်ယောက်နှင့် တစ်ယောက် ဂုဏ်ဖော်ကြွားဝါတာပါပဲ။
နတ်ဘုရားတွေက တိုက်ပွဲကို တိတ်တိတ်လေး ကြည့်နေတဲ့ အင်တာနက်အသုံးပြုသူများ : “ … ” ငါတို့က ဒီတိုင်းလေးပဲ ပွဲကြည့်နေတာပါ။ ဘာလို့ ဉာဏ်ကြီးရှင်တွေဆီမှာ အနှိမ်ခံရသလို ခံစားလိုက်ရတာလဲ။
မကျေမချမ်းဖြစ်နေတဲ့ ကျောင်းသားတွေကတော့ အော်ငိုလုနီးပါး ဖြစ်သွားခဲ့သည်။
[ ငါ ဒီဖရဲသီးကြောင့် အစာမကျေဖြစ်နေပြီ။ ဘယ်ဘာသာကိုမဆို အောင်မှတ်လောက်နဲ့ ကပ်အောင်လာတဲ့ ငါ့လို ကျောင်းသားဆိုး တစ်ယောက်က ပရော်ဖက်ဆာတွေရဲ့ ရန်ပွဲကို ထိုင်ကြည့်နေတာ တကယ် မထိုက်တန်ဘူး။ ]
ထိုစကားက စာမကြိုးစားတဲ့ ကျောင်းသားဆိုးတွေ အကုန်လုံးရဲ့ အတွေးတွေကို ကိုယ်စားပြုသည်ဟု ပြောလို့ ရသည်။ ထို့နောက် တစ်ခုခုက မှားယွင်းနေတယ် ဆိုတာကို လူတစ်ယောက်က ခဏအကြာမှာပဲ သတိထားမိသွား၏။
[ အယ်။ ငါပဲ အမြင်မှားတာလား။ ဒီလူတွေရဲ့ အွန်လိုင်းအချက်အလက်တွေပေါ်မှာတော့ သူတို့က ဆေးဝါးအသင်းအဖွဲ့က အဖွဲ့ဝင်တွေလို့ ပြောထားတာပါ။ ဒါပေမဲ့ ဆေးဝါးအသင်းအဖွဲ့က လူတွေက တင်ဆက်သူအမျိုးသမီးနဲ့ သုတေသနဌာနကို ရစရာမရှိအောင် ပြောဆိုထားတာ မကြာသေးဘူး မဟုတ်ဘူးလား။ အခု ဘာတွေ ဖြစ်နေတာလဲ။ သူတို့တွေက ကိုယ့်မျက်နှာကိုယ်ပြန်ဖြတ်ရိုက်နေကြတာလား ၊ ဒါမှမဟုတ် ဆေးဝါးအသင်းအဖွဲ့မှာ အတွင်းရေးပဋိပက္ခတွေ ရှိနေတာလား။ ]
[ ဟုတ်တယ် ဟုတ်တယ်။ ငါလည်း အဲ့ဒါကို သတိထားမိတယ်။ အဲ့လူတွေ ရန်ဖြစ်နေတုန်းက ပရော်ဖက်ဆာတွေက သူတို့ပါ ပြဿနာထဲ ဆွဲထည့်ခံရမှာ စိုးရိမ်လို့ ဝင်မပါခဲ့တာ ထင်တယ်။ ]
သူတို့ရဲ့ စူးစမ်းချင်စိတ်က သူတို့ကို ဒီပရော်ဖက်ဆာတွေက တကယ်ပဲ ဆေးဝါးအသင်းအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ၊ အသင်းအဖွဲ့ထဲမှာ ပဋိပက္ခတွေကရော တကယ် ရှိနေတာလား ၊ အကြောင်းပြချက်ကရော ဘာလဲ ဆိုတဲ့ မူလခေါင်းစဉ်ဆီ ပြန်ဆွဲခေါ်သွားသည်။
792 02
သုတေသနေဌာနရဲ့ ဒီတစ်ခေါက် နာမည်ကြီးလာတဲ့ တရုတ်တိုင်းရင်းဆေးတွေက ဆေးဝါးအသင်းအဖွဲ့ရဲ့ အတွင်းရေး ပဋိပက္ခတွေနဲ့ ပတ်သက်နေလား ၊ ဒါမှမဟုတ် သူတို့က ပြဿနာထဲမှာ ဘာရည်ရွယ်ချက်မှ မပါဝင်ဘဲ ဝင်ပါမိသွားပြီး မမျှော်လင့်ထားတဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရတာလား စသည်ဖြင့် ထင်ကြေးတွေ အများကြီး ဆက်တိုက် ထွက်လာခဲ့သည်။
ပုံမှန်မဟုတ်တာကို သတင်းအနံ့ခံမိတဲ့ မီဒီယာအဖွဲ့အစည်းတွေက ဒရာမာဆန်ဆန် ထင်ကြေးတွေကို စပြီး ပေးခဲ့ကြသည်။
ဆေးဝါးအသင်းအဖွဲ့ရဲ့ အထက်လူကြီးတွေက ကိစ္စတွေကို လုံးဝ ထိန်းချုပ်လို့ မရတော့ဘူး ဆိုတာကို သိသွားချိန်မှာတော့ ပရော်ဖက်ဆာတွေကို ဆက်သွယ်ပြီး အသနားမခံချင်တော့ပေ။ အခြေအနေကလနောက်ကျလွန်းသွားပြီ ဖြစ်သည်။
ယဲ့ချီလျန့်နှင့် တခြား ပရော်ဖက်ဆာတွေကလည်း သူတို့သာ ဆေးဝါးအသင်းအဖွဲ့က အဖွဲ့ဝင်တွေဖြစ်ကြောင်း လူတစ်ယောက်က ထောက်ပြပြီးနောက် သိပ်မကြာလိုက်ဘဲ ထုတ်ပြန်ချက် တစ်ခုကို ပူးပေါင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်ထဲမှာ ဆေးဝါးအသင်းအဖွဲ့ရဲ့ လက်ရှိသဘောထားကို လက်မခံကြောင်းနှင့် သူတို့က မတူညီတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားပြီဖြစ်ကြောင်း ၊ ဒီနေ့က စပြီး ဆေးဝါးအသင်းအဖွဲ့ကနေ နှုတ်ထွက်ကာ တစ်လမ်းစီ လျှောက်တော့မှာဖြစ်ကြောင်း ပြောထားသည်။
တင်းမာတဲ့ အရှိန်အဝါတွေ ပြည့်နေတဲ့ ပြတ်သားထိရောက်သော ထုတ်ပြန်ချက်က ဆေးဝါးအသင်းအဖွဲ့က လူတွေရဲ့ မျက်နှာကို ခပ်ဆတ်ဆတ်လေး ဖြတ်ရိုက်လိုက်ရုံသာမက ပွဲကြည့်သူတွေကိုလည်း ထိတ်လန့်သွားစေခဲ့သည်။
ချက်ချင်း ဆိုသလိုပဲ အကြောင်းသိသူတစ်ယောက်ကလည်း ‘ ထိုပရော်ဖက်ဆာတွေဟာ သုတေသနဌာနကို ချိုးနှိမ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဆေးဝါးအသင်းအဖွဲ့က အထက်လူကြီးတွေရဲ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အဖွဲ့လိုက် နှုတ်ထွက်စာတင်ကာ ဆေးဝါးအသင်းအဖွဲ့ကနေ နှုတ်ထွက်ကြောင်း အတိအလင်း ကြေညာခဲ့တာ ’ လို့ ထုတ်ဖော်ခဲ့သည်။
++++++