အခန်း ၇၉၃
Vol. 53 Ch. 793
793 01
အခန်း ( ၇၉၃ ) အဖိုးတန် ကျောင်းသားလေးများ။
ထိုထုတ်ဖော်မှုက သူတော်ကောင်းယောင်ဆောင်ထားတဲ့ ဆေးဝါးအဖွဲ့အစည်းရဲ့ အလိမ်အညာတွေကို အရေခွံကွာကျသွားစေသလို တရုတ်တိုင်းရင်းဆေးတွေကို ရုတ်တရက် ဝေဖန်ခဲ့တဲ့ ဘလော့ဂါတွေကိုလည်း စတင် သံသယဝင်သွားစေခဲ့သည်။
သူတို့အားလုံးက ယုံကြည်လို့ ရတဲ့ ဘလော့ဂါတွေ ဆိုသော်လည်း နာမည်ဂုဏ်သတင်းတွေ ၊ ရာထူးဂုဏ်ဝါတွေ ၊ လူထုအကျိုးပြု ဆောင်ရွက်မှုတွေကို ကြည့်ရင် သူတို့ထဲက ဘယ်သူကမှ ယဲ့ချီလျန့်နှင့် တခြား ပရော်ဖက်ဆာတွေကို မယှဥ်နိုင်ပါ။
ပြဿနာတစ်ခုမှာ နှစ်ဖက်လုံးက ကျွမ်းကျင်ပညာရှင်တွေ ဖြစ်နေတဲ့အခါ ဘေးလူတွေက ပိုအားကောင်းတဲ့ တစ်ဖက်ကိုပဲ ပိုယုံကြည်တာ မဆန်းပါ။
တကယ့်ပြဿနာကတော့ ဆေးဝါးအသင်းအဖွဲ့ရဲ့ လူထုဆက်ဆံရေးဌာနက ထင်ရာမြင်ရာ လျှောက်ပြောနေကြသူတွေကို ရှေ့နေကနေတစ်ဆင့် သတိပေးစာ ပို့လိုက်ပေမဲ့ လူထုကြားက ထင်မြင်ချက်တွေကို အဖတ်ဆယ်လို့ မရတော့တာပဲ ဖြစ်သည်။
[ သူတို့က သူတို့ကိုယ်သူတို့ ပြောချင်တိုင်း ပြောလို့ ရတယ်လို့ ထင်နေတာလား။ ပရော်ဖက်ဆာတွေ အသင်းအဖွဲ့ထဲက ရုတ်တရက်ကြီး နှုတ်ထွက်သွားရတဲ့ အကြောင်းအရင်းကို လူတွေကို ဘာလို့ ချမပြတာလဲ။ ]
[ ဦးနှောက်ပါတဲ့ ဘယ်သူမဆို ပရော်ဖက်ဆာကြီးတွေ ဘာလို့ ရုတ်တရက် နှုတ်ထွက်သွားတာလဲ ဆိုတာ သိတယ်။ အသင်းအဖွဲ့ထဲက ဌာနမှာ အပြောင်းအလဲ တစ်ခုခု ရှိတာ သေချာတယ်။ မင်းတို့ ဘာလို့ ရှင်းမပြတာလဲ။ အင်တာနက်အသုံးပြုသူတွေကို မင်းတို့ လှည့်ချင်တိုင်း လှည့်လို့ ရတဲ့ အရူးတွေလို့ ထင်နေတာလား။ ]
ဆေးဝါးအသင်းအဖွဲ့ရဲ့ အထက်လူကြီးတွေဟာ ရုတ်တရက် ဆိုးဝါးစွာ ပြောင်းလဲသွားတဲ့ လူထုအမြင်တွေကို ဘာမှ မတတ်နိုင်ဘဲ စိတ်ပျက်လက်ပျက် ကြည့်နေခဲ့ရသည်။ သုတေသနဌာနကို ဒုက္ခပေးမယ့် သူတို့ရဲ့ အကြံအစည် မအောင်မြင်တဲ့အပြင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်မိတဲ့ အဖြစ်မျိုးကိုပါ ကြုံရသည်။
ဆေးဝါးအသင်းအဖွဲ့ဥက္ကဌကြီးသည် သူ့ဖန်ခွက်ကို ဒေါသတကြီး ပေါက်ခွဲပစ်လိုက်၏။ ရုံးခန်းထဲမှာ သူ အကြာကြီး ဆဲဆိုကျိန်ဆဲနေခဲ့ပြီး ဘယ်သူမှ သူ့အနားကို ချဉ်းကပ်မလာရဲကြပါ။
အဆုံးသတ်မှာတော့ တိတ်တိတ်လေး ပွဲကြည့်နေတဲ့ ၊ တိတိကျကျ ပြောရလျှင် ဒီနောက်ဆုံးအခြေအနေရဲ့ အဓိကသော့ချက်ဖြစ်သူက စိတ်ချမ်းသာသွားသည်။ သူ ဒီည ထမင်း နောက်ထပ်တစ်ပန်းကန် စားနိုင်လိမ့်မည် ဟူ၍တောင် ခံစားလိုက်ရသည်။
“ အစ်ကို မြင်ပြီလား။ ”
စုယွီရွှမ်းကလည်း အင်တာနက်ပေါ်က ကျောင်းသားတွေနှင့် တစ်ပုံစံတည်းပဲ ဖြစ်သည်။
သူက အရင်တုန်းက နာမည်သာ ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးခဲ့ဘဲ မိုးရွာပြီးစအချိန်မှာ မျှစ်စို့ပေါက်တွေ ထွက်ပေါ်လာသလို ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ညီမဘက်က ရပ်တည်ကာ သုတေသနဌာနကို အားပေးထောက်ခံနေတဲ့ ပရော်ဖက်ဆာကြီးတွေကို ကြည့်ကာ အနည်းငယ် ဆွံ့အနေမိသည်။
“ ယန် .. ယန်ယန် ၊ နင့်ကို ထောက်ခံနေတဲ့ ဒီပရော်ဖက်ဆာကြီးတွေကို နင် ဘယ်နေရာက သွားရှာထားတာလဲ။ အဘိုး စီစဉ်ပေးထားတာလား။ အဲ့ဒါလည်း မဖြစ်နိုငါပါဘူး ၊ အဘိုးက သုတေသနဌာနထဲက လူတွေနဲ့ပဲ အများဆုံး အဆက်အသွယ်ရှိတာ။ ဒီလူတွေက ဆေးဝါးအသင်းအဖွဲ့က လူတွေ … ”
“ ကဲပါ ၊ ဘာမှ လျှောက်ထင်ကြေးပေးမနေနဲ့။ ” စုယန်ယန်က အစ်ကိုဖြစ်သူရဲ့ တတွတ်တွတ်စကားတွေကို နားထောင်ရင်း အနည်းငယ် ဂုဏ်ယူသော မျက်နှာလေးဖြင့် ခေါင်းမော့ရင်ကော့လိုက်သည်။ “ အဲ့ပရော်ဖက်ဆာတွေ အကုန်လုံးက ညီမရဲ့ အဖိုးတန် ကျောင်းသားတွေပဲ။ ”
“ နင့်ရဲ့ အဖိုးတန် ကျောင်းသားတွေ .. ဟုတ်လား။ ” စုယွီရွှမ်းရဲ့ အမူအရာက အေးခဲသွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။ “ ငါပဲ နားကြားမှားတာလား။ သူတို့က နင့်ရဲ့ အဖိုးတန် ကျောင်းသားတွေလို့ နင် ပြောလိုက်တာလား။ နင့်အသက်က ဘယ်လောက် ရှိသေးလို့လဲ ၊ နင်က ဘယ်လိုလုပ် သူတို့ဆရာ ဖြစ်နိုင်မှာလဲ။ ပြီးတော့ .. နင်က သူတို့လို ပရော်ဖက်ဆာကြီးတွေကို ဘာတွေများ ထပ်သင်ပေးနိုင်မှာလို့လဲ။ ”
စုယန်ယန် ဒေါသလည်းထွက် ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ အစ်ကိုက ကိုယ့်ညီမကိုယ် အဲ့လောက်တောင် အထင်သေးတယ်နော်။ ”
“ ဒါက အထင်သေးတာ ၊ အထင်ကြီးတာနဲ့မှ မဆိုင်တာ။ ဒါက … ”
793 02
စုယန်ယန်က သူ့ကို တစ်ဝက်တစ်ပျက် ပြုံးနေသော နှုတ်ခမ်းများဖြင့် ကြည့်လိုက်သည်။ “ ဒါက ဘာလဲ။ ”
စုယွီရွှမ်းရဲ့ အလိုလိုသိစိတ်က သူ့ကို တစ်ခုခုက ပုံမှန်မဟုတ်ကြောင်း သတိပေးနေတာမို့ စုယွီရွှမ်းသည် မျက်မှောင်ကြုတ်ပြီး ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်၏။ “ ဒီကောင်မလေး ပြောနေတာက တကယ်အမှန်တွေလား။ ”
အခြေအနေတွေကို နားလည်တဲ့ ဟောက်ချန်ဟွမ်းက ခေါင်းညိတ်ပြလိုက်ပါသည်။ “ ဟုတ်ပါတယ်။ ”
စုယွီရွှမ်းသည် သူ့ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရ၏။ သူက ‘ ဒီနှစ်ယောက် ငါ့ကို ပေါင်းပြီး လာနောက်နေကြတာလား ’ ဆိူတဲ့ သဘောပါသာ သံသယအကြည့်ဖြင့် သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေမိသည်။
စုယွီရွှမ်း ဘာတွေးနေလဲ ဆိုတာ သိတဲ့ စုယန်ယန်က စိတ်ပျက်လက်ပျက် မျက်လုံးလှိမ့်ရင်း ဇာတ်လမ်းတစ်ခုလုံးကို ရှင်းပြလိုက်တော့သည်။
“ ညီမ သူတို့ကို ခဏပဲ သင်ပေးခဲ့ရတာပါ ၊ ပြီးတော့ များသောအားဖြင့် အွန်လိုင်းပေါ်ကပဲ သင်ပေးခဲ့တာ။ ဒါပေမဲ့ ညီမ သူတို့ကို စာသင်ပေးခဲ့တာကတော့ သင်ပေးခဲ့တာပဲ မဟုတ်လား။ တရားနည်းလမ်းကျကျ ပြောရရင် ညီမကို သူတို့ရဲ့ ဆရာလို့တောင် ပြောလို့ ရတယ် မဟုတ်လား။ ”
စုယွီရွှမ်းသည် ထိုစကားကို ကြားချိန်မှာ ပိုလို့တောင် ဆွံ့အသွားသည်။ သူ့ညီမက ဒီပရော်ဖက်ဆာကြီးတွေကို တကယ်ကြီး စာသင်ပေးခဲ့တဲ့အပြင် သူတို့ဆီမှာ အထင်ကြီး လေးစားတောင်ခံလိုက်ရသေးတယ်တဲ့လား။
သူ့စိတ်ထဲမှာ ဒီအဖြစ်အပျက်ကို လက်ခံနိုင်ဖို့ အချိန်ခဏယူခဲ့ရပြီး ပြူးကျယ်သော မျက်လုံးများဖြင့် စုယန်ယန်ကို လက်ညိုးထိုးကာ “ ငါ့ညီမကို ပြန်ပေးစမ်း မကောင်းဆိုးဝါး။ ” ဟု အော်ပြောလိုက်လေသည်။
စုယန်ယန် : “ ??? ”
++++++