အခန်း ၇၉၆
Vol. 54 Ch. 796
796 01
အခန်း ( ၇၉၆ ) ကျေးဇူးပြုပြီး ရန်မဖြစ်ကြပါနဲ့။
တချို့ လူတွေကတော့ ပိုလို့တောင် တည့်တိုးဆန်သည်။ သူတို့က စုယန်ယန်ရဲ့ စကားအတိုင်း ထိုကီးဘုတ်ဖိုက်တာတွေကို အပြစ်တင် ဝေဖန်ခဲ့ကြသည်။
[ ဒီတရုတ်တိုင်းရင်းဆေးတွေကို မဝယ်ဖို့ မင်းတို့အားလုံးကို ငါ မေတ္တာရပ်ခံပါတယ်။ ငါက တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေကို ဟိုးအရင်ကတည်းက ကြည့်ခဲ့တဲ့ အစောဆုံး ကြည့်ရှုသူတွေထဲက တစ်ယောက်ပဲ။ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ငါ အားပေးလာတာ ( ၂ ) နှစ်နီးပါး ရှိပြီ။ ဒါပေမဲ့ တစ်ခါမှ ကံစမ်းမဲမပေါက်ဖူးတဲ့အပြင် စားသောက်ဆိုင်မှာလည်း ဘယ်တော့မှ ဘိုကင်တင်လို့ မရခဲ့ဘူး။ နောက်ဆုံးတော့ ငါ ဝယ်နိုင်မယ့် ရယ်ဒီမိတ် ပါဝင်ပစ္စည်းတွေ ရောက်လာခဲ့ပြီ။ ငါ့ရဲ့ ဟင်းချက်စွမ်းရည်က မကောင်းပေမဲ့ တင်ဆက်သူ ချက်တဲ့ ဆေးဖက်ဝင်ဟင်းလျာတွေကို ငါ တကယ် ချက်ချင်တယ်။ ဈေးကွက်ထဲမှာ တရားဝင် ဖြန့်ဝေတဲ့ အချိန်ကျရင် ကျေးဇူးပြုပြီး ငါ့လက်ထဲက မလုယူကြပါနဲ့။ ဒီကလေးလေးကို ကယ်တင်ပေးကြပါ။ ]
[ ငါလည်း အတူတူပဲ အပေါ်က Post တင်သူရေ။ ဒါက တင်ဆက်သူ ရောင်းတဲ့ ဆေးဝါးပါဝင်ပစ္စည်းတွေကို ဝယ်ဖို့ အလုအယက် ပြောနေတဲ့ လူ ပထမအသုတ်ပဲ ရှိသေးတာ။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ဆေးဖက်ဝင်ဟင်းလျာတွေကို ရဖို့ လူတွေ သိန်းချီ ၊ သန်းချီပြီး ရန်ဖြစ်နေမှာကို ငါ အခုကတည်းက ကြိုမြင်နေတယ်။ ကိုယ့်စကားကိုယ် တည်ပါစေနော်။ မဝယ်ကြနဲ့ ၊ မဝယ်ကြနဲ့။ ငါတို့လို ကြည်ရှုသူအဟောင်းတွေကိုလည်း ပိုက်ဆံ နည်းနည်းပါးပါး အကုန်ခံဖို့ အခွင့်အရေးပေးဦး။ ]
[ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စကြည့်ကတည်းက ငါ ပိုက်ဆံစုလာခဲ့တာ။ နှစ်ချီပြီး ပိုက်ဆံစုလာခဲ့တဲ့ ငါ့ပိုက်ဆံအိတ်လေးက မစောင့်နိုင်တော့ဘူး။ ကျွတ် ၊ ငါ့မှာ အဲ့လောက် ပိုက်ဆံနည်းနည်းလေးကို မရှိတာကျနေတာပဲ။ ငါ့မှာ မရှိတာက ဒီရှားပါး ပါဝင်ပစ္စည်းတွေနဲ့ တင်ဆက်သူရဲ့ လက်တွေပဲ။ ]
[ ငါးကြော်ရတာလို ခက်ခဲတဲ့ ဟင်းချက်နည်းကို ငါ လက်လျှော့လိုက်ပြီ ဆိုပေမဲ့ စွပ်ပြုတ်ကတော့ ရိုးရှင်းတဲ့ ပုံပဲ။ ငါ စမ်းကြည့်လို့ ရလောက်တယ်။ ဈေးကွက်ထဲမှာ စရောင်းတဲ့ အချိန်ကျ ငါနဲ့ အပြိုင် လုယက်ဝယ်မယ့် လူတွေ အများကြီး မရှိဖို့ ငါ မျှော်လင့်တယ်။ ]
[ ငါ ကြာစေ့တွေ ၊ တရုတ်ဆီးသီးအနီတွေနဲ့ ယိမူချောင်ဆေးပင်တွေ လိုချင်တယ်။ ဓမ္မတာလာနေတဲ့ အချိန်မှာ ခံစားရတဲ့ နာကျင်မှုတွေကို ငါ တကယ် ဆက်မခံစားနိုင်တော့ဘူး။ ကျေးဇူးပြုပြီး မကြာခင် ကြိုတင်အမှာစာတင်သွင်းလို့ ရအောင် လုပ်ပေးပါ။ ငါ ဝယ်ချင်လှပြီ။ ]
[ ထိပ်ပြောင်နေတဲ့ လူတွေက ဟဲရှို့ဝူ ( ဆံပင်သန်စေတဲ့ တရုတ်ဆေးပင်တစ်မျိုး ) ကို ဝယ်ဖို့ စောင့်နေတုန်းပဲနော်။ အရင်တစ်ခေါက် ငါ သုတေသနဌာနကို သွားတုန်းက အယ်ဒီတာကို မက်ဆေ့ခ်ျပို့ပြီး မေးကြည့်တော့ သူတို့ ဟဲရှို့ဝူကို စပြီး စိုက်နေပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ အပင်တွေ ကြီးထွားရောင်းချလို့ ရတဲ့ အနေအထားကို ရောက်ဖို့ အနည်းဆုံး ( ၂ ) နှစ် ကြာမယ်တဲ့။ အခုတော့ မကြာခင်မှာ ဝယ်လို့ ရတော့မယ့် လူတွေကို ငါ မနာလိုလိုက်တာ … ]
[ ငါလည်း သုတေသနဌာနရဲ့ အယ်ဒီတာကို မက်ဆေ့ခ်ျလို့ ရတယ်။ မဟုတ်ဘူး ၊ ငါ သူ့ကို မေးရမယ့် မေးခွန်းလည်း ရှိသေးတယ်။ ဒီပါဝင်ပစ္စည်းတွေကို ဘယ်အချိန်မှာ ကြိုတင်အမှာစာတင်လို့ ရမလဲ ဆိုတာ မေးရမယ်။ ]
ချက်ချင်းဆိုသလိုပဲ ပရိသတ်တွေက တစ်ဖက်ပိတ်နေတဲ့ ကီးဘုတ်ဖိုက်တာတွေဆီမှာ စိတ်အနှောင့်အယှက်အဖြစ်မခံနိုင်တော့သလိုမျိုး သုတေသနဌာနရဲ့ တရားဝင်အကောင့်ဆီကို ပြေးသွားပြီး ‘ သူတို့ နှစ်ရှည်လများ စောင့်ဆိုင်းခဲ့ရတဲ့ ဒီတရုတ်တိုင်းရင်းဆေးတွေကို ဘယ်အချိန် ရောင်းချမှာလဲ ’ ဟု ဝိုင်းမေးကာ အယ်ဒီတာကို ဒုက္ခပေးခဲ့ကြလေသည်။
စုယန်ယန်ရဲ့ စကားတွေကို မနာလိုတဲ့ ဆန့်ကျင်သူတွေနှင့် ဆေးဝါးအဖွဲ့အစည်းက ငှားရမ်းထားတဲ့ အတုအယောင် ဘလော့ဂါတွေက နေ့တစ်ဝက်လောက် အလုပ်ကြိုးစားခဲ့ကြပေမဲ့ အဆုံးသတ်မှာတော့ လူတွေဆီမှာ အလှောင်ခံလိုက်ရရုံသာမက လုံးလုံးလျားလျား လျစ်လျူရှုခံခဲ့ရသည်။ ဒေါသထွက်သွားလွန်းလို့ သူတို့ရဲ့ ကီးဘုတ်တွေကိုတောင် ရိုက်ချိုးပစ်မိတော့မလိုပါပဲ။
796 02
ယဲ့ချီလျန့်နှင့် တခြားလူတွေကတော့ နောင်တရလို့မဆုံး ဖြစ်နေခဲ့ကြသည်။ သုတေသနဌာနကို စုယန်ယန်ကိုယ်စား သွားမပြောခင်မှာ ဒီဗရုတ်သုတ်ခပြဿနာတွေကြားထဲ သူတို့ရဲ့ နာမည်ကို ရှင်းလင်းဖို့ ဆေးပင်တွေကို ရောင်းတဲ့အချိန်ထိ စောင့်လို့ ရတယ်လို့ သူတို့ ဘာလို့ မတွေးခဲ့မိတာပါလိမ့် … ။
အဲ့ဒါဆို သူတို့မှာ ပြိုင်ဖက်တွေ အများကြီး ရှိတော့မှာ မဟုတ်သလို ဆေးပင်တွေကို ဝယ်ယူပြီး သူတို့အကောင့်တွေမှာ တိုက်ရိုက် ရှင်းပြရင် ၊ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေကို ချက်ချင်း စစ်ဆေးပြရင် ပိုယုံကြည်စရာကောင်းမှာ မဟုတ်လား။ တွက်ချက်မှု အရမ်း လွဲသွားတယ်။
ဆေးပင်တွေကို သူတို့နှင့် အလုအယက် ဝယ်မယ့် လူတွေကို သူတို့ကိုယ်တိုင် ဖိတ်ခေါ်မိသလို ဖြစ်သွားတဲ့ ပရော်ဖက်ဆာကြီးတွေဟာ မဆုံးနိုင်အောင် နောင်တရသွားခဲ့ကြသည်။
ဒါပေမဲ့လည်း အတွေးက အတွေးသက်သက်ပဲ ဖြစ်သည်။ တကယ်လို့ သူတို့ အချိန်ကို နောက်ပြန်လှည့်လို့ ရရင်တောင် အခုလိုပဲ လုပ်ခဲ့မိလောက်ပါသည်။
လူတိုင်းက ဘယ်ပြဿနာကိုမဆို ကိုယ့်အယူအဆနှင့် ကောက်ချက်ချထားတတ်သည်။ သူတို့သာ ထိုအချိန်မှာ စုယန်ယန်ဘက်က အမြန် မရပ်တည်ပေးခဲ့ရင် သူတို့ ဘယ်လောက်ပဲ ပြောပါစေ ၊ တချို့ လူတွေက သူတို့ကို လာဘ်ထိုးခံထားရတဲ့ ပရော်ဖက်ဆာကြီးတွေလို့သာ ထင်ပြီး ကတ်သီးကတ်ဖဲ့ အပြစ်ရှာပါလိမ့်မည်။
မဟုတ်ရင် သူ အစကတည်းက ဘာမှ မပြောဘဲ ဘာလို့ ငြိမ်နေခဲ့မှာလဲ။ သူ သူ့နာမည်ကို ရှင်းလင်းဖို့ ကြိုးစားနေတာလား … ။
ထို့ကြောင့် ယဲ့ချီလျန့်နှင့် တခြား ပရော်ဖက်ဆာများသည် နှလုံးသားထဲမှာ နှမြောတသဖြစ်ရသော်လည်း အကြာကြီး တုံ့ဆိုင်းမနေခဲ့ကြပေ။ ကိုယ့်ကိုယ်ကိုယ် အမြန် စိတ်စုစည်းကာ သုတေသနငှာက သူတို့ရဲ့ ကျောင်းသားတွေကို ဆက်သွယ်ခဲ့ကြသည်။
ပရော်ဖက်ဆာကြီးတွေက ထိုကျောင်းသားတွေဟာ သူတို့ စာသင်ပေးခဲ့ဖူးတဲ့ ကျေးဇူးတရားကို ထောက်ထားပြီး သင်ထောက်ကူပစ္စည်းအဖြစ် သူတို့ကို ဆေးပင် နည်းနည်းလောက် ပိုဝယ်ခွင့်ပေးလိမ့်မည်ဟု မျှော်လင့်နေခဲ့ကြလေသည်။
++++++