အခန်း ၈၀၀
Vol. 54 Ch. 800
800 01
အခန်း ( ၈၀၀ ) လူတစ်ယောက်ကို အရမ်း ချစ်တာက ကောင်းတဲ့ ကိစ္စတစ်ခုပါ။
အတွေ့အကြုံတွေ အများကြီး ရှိပြီး အတွင်းကျကျ နားလည်တဲ့ နယ်ပယ်တူထဲက သက်ဆိုင်ရာလူတွေက လွဲလို့ ပွဲကြည့်သူအများစုက ထိုအဖြစ်အပျက်ကို စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဟုသာ သဘောထားခဲ့သည်။
နောက်ကွယ်မှာ လူ့အသက်တွေပါ ပါဝင်ပတ်သက်နေကြောင်း အခုမှ သိလိုက်ရသောအခါ ထိုလူတွေက ဒါကို စိတ်ဝင်စားစရာကောင်းရုံသက်သက် အပျင်းပြေ သတင်းတစ်ပုဒ်လို သဘောမထားရဲတော့ပေ။
သူတို့က ဒီလောက်တောင် ဆိုးဝါးတဲ့ ကိစ္စကို ဘာလို့ အရင်ကတည်းက မဖော်ထုတ်ခဲ့တာလဲဟု မေးခွန်းထုတ်လိုက်တော့ Post တင်သူက လျင်လျင်မြန်မြန်ပဲ ပြန်ပြောခဲ့သည်။
“ အရင်တုန်းက အဲ့လူက ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ အုပ်ထားတော့ နစ်နာသူက ဘယ်လိုမှ အသနားခံလို့ မရခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူက ကိုယ့်နာမည်ဂုဏ်သတင်းကို သူကိုယ်တိုင် ဖျက်ဆီးလိုက်ပြီ ဆိုတော့ ကျွန်တော်လည်း ဒီအခွင့်အရေးကို သုံးပြီး ကျွန်တော့်သူငယ်ချင်းရဲ့ သေဆုံးမှုအတွက် တရားမျှတမှုကို မရှာဖွေပေးရင် ဘယ်တော့မှ စိတ်ဖြောင့်လက်ဖြောင့်နေနိုင်မှာ မဟုတ်လို့ပါ။ ”
ကျိုးကြောင်းဆီလျော်မှုရှိကာ လူတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ တုံ့ပြန်စကားပါပဲ။
အဲ့ဒီနောက် တခြားလူတစ်ယောက်ကလည်း ဆေးဝါးအသင်းအဖွဲ့က အဘိုးကြီးတွေ လိင်ပိုင်းဆိုင်ရာအရ ထိပါးနှောင့်ယှက်ခဲ့တဲ့ မိန်းကလေးက တစ်ယောက်တည်း ရှိတာ မဟုတ်ကြောင်း ထပ်မံဖော်ထုတ်ခဲ့လေသည်။ သူတို့ရဲ့ အပေါ်ထပ်မှာ နစ်နာသူမိန်းကလေး တစ်ယောက် နေသွားဖူးပါသည်။
ထိုမိန်းကလေးရဲ့ မိဘတွေက သမီးဖြစ်သူအတွက် တရားမျှတမှုကို ရှာဖွေပေးချင်ပေမဲ့ အဆုံးသတ်မှာတော့ သူတို့သမီးက အိမ်ထောင်သည်အမျိုးသားကို ရည်ရွယ်ချက်ရှိရှိ မြူဆွယ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲခံခဲ့ရသည်။
အမှန်တရားကို မသိဘဲ လက်ညိုးထိုး ကဲ့ရဲ့နေတဲ့ ပတ်ဝန်းကျင်ကို ဆက်ရင်မဆိုင်နိုင်တော့တဲ့ ထိုမိန်းကလေးဟာ အိမ်မှာ လက်ကောက်ဝတ်ကို ဓားနှင့် လှီး၍ သေကြောင်းကြံခဲ့၏။
သူမအသက်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ပေမဲ့ အဲ့ဒီကတည်းက တစ်မိသားစုလုံး အိမ်ပြောင်းသွားခဲ့ကြတာမို့ ထိုမိန်းကလေးရဲ့ လက်ရှိ အခြေအနေက ဘယ်လို ဖြစ်နေမလဲ ဆိုတာ သူ အမြဲတမ်း သိချင်နေခဲ့မိသည်။
အစတုန်းက လူတိုင်းက ထိုကိစ္စကို ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ကိစ္စ တစ်ခုလို့သာ ထင်ခဲ့ကြပေမဲ့ အခုတော့ လူသေမှုတွေ ၊ သေကြောင်းကြံစည်မှုတွေပါ ပါဝင်နေမှန်း သိသွားကြလေသည်။ ထိုဖြစ်ရပ် နှစ်ခုကြောင့် အင်တာနက်အသုံးပြုသူတွေဟာ အကြီးအကျယ် ဒေါသထွက်သွားခဲ့ကြသည်။
ရဲတွေကလည်း ထိုအမှုကို လျင်မြန်စွာ သတိပြုမိသွားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန် စုံစမ်းခိုင်းခဲ့လေရာ နောက်ဆုံးမှာတော့ အမှန်တရားကို ဖြည်းဖြည်းချင်း တူးဖော်နိုင်ခဲ့၏။ ဆေးဝါးနယ်ပယ်တစ်ခုလုံး ပြဿနာရဲ့ အတိမ်အနက်ကို သိလိုက်ရချိန်မှာ ထိတ်လန့်သွားခဲ့သည်။
ဆေးဝါးအသင်းအဖွဲ့ဥက္ကဌနှင့် ထိုလူတွေသည် အဖမ်းခံလိုက်ရချိန်မှာတောင် သူတို့ အမည်မသိ အင်တာနက်ဆယ်လီ တစ်ယောက်ကို ဖိနှိပ်ရင်း သူတို့ကိုယ်သူတို့ လက်ထိပ်ခတ်ခံရအောင် ဘယ်လိုလုပ် လုပ်မိသွားတာလဲ ဆိုတာ မသိခဲ့ပေ။
ယဲ့ချီလျန်နှင့် တခြား ပရော်ဖက်ဆာတွေကတော့ ဆေးဝါးအသင်းအဖွဲ့က လူတွေရဲ့ ရှာဖွေလေ ၊ ထွက်ပေါ်လာလေ ဖြစ်လာတဲ့ အပုပ်အပွတွေကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေခဲ့ကြသည်။
“ ဘယ်လိုလုပ် ဒီအခြေအနေအထိ ဖြစ်သွားတာလဲ။ ”
“ စုံစမ်းစစ်ဆေးရေးဌာနနဲ့ အဆက်အသွယ်နည်းနည်း ရှိတဲ့ ကျုပ်ရဲ့ ကျောင်းသားတစ်ယောက် ပြောတာတော့ ဒီအမှုတွေ အကုန်လုံးတွေက အမှန်တွေပဲတဲ့။ ” ပရော်ဖက်ဆာအိုကြီး တစ်ယောက်က ခေါင်းခါယမ်းရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။ “ လူသားတွေ လုပ်သမျှ အရာရာတိုင်းကို ကောင်းကင်ဘုံက စောင့်ကြည့်နေတယ်လို့ပဲ ငါ ပြောနိုင်တော့တယ်။ ကောင်းကင်ဘုံက မကောင်းမှုတွေကို စီရင်ချက်မချသေးတာ မဟုတ်ဘူး။ အချိန်မကျသေးလို့ စောင့်နေတာပါ။ ”
ဘေးကနေ နားထောင်နေတဲ့ အသက်ငယ်ငယ် ပရော်ဖက်ဆာတစ်ယောက်ကတော့ မျက်မှောင်ကြုတ်ရင်း တွေးတွေးဆဆ ပြောလိုက်သည်။ “ ကျွန်တော် ထင်တာတော့ နောက်ကွယ်ကနေ တစ်ယောက်ယောက်က တွန်းပို့ပေးနေတယ် ထင်တယ်။ မဟုတ်ရင် ဒီလောက် ပွက်လောရိုက်သွားမှာ မဟုတ်ဘူး။ ”
ယဲ့ချီလျန့်က ထိုစကားကို ကြားတော့ ပြုံးလိုက်သည်။ “ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ အရေးကြီးလို့လား။ ဒါတွေက အမှန်တရား ဆိုရင်ပဲ ရပြီ။ အဲ့လူယုတ်မာအဘိုးကြီးတွေရဲ့ လုပ်ရပ်တွေကို ဘယ်သူမှ မသိရင် သူတို့က ဒီ့ထက် ပိုဆိုးလာဖို့ပဲ ရှိတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို ရှင်းထုတ်ရမယ်။ အရည်အချင်းရှိပြီး ကိုယ်ကျင့်တရားကောင်းတဲ့ လူငယ်တွေကပဲ ဆေးဝါးအသင်းအဖွဲ့ကို တိုးတက်အောင် ဆက်လုပ်လိမ့်မယ်။ ”
800 02
သူ့ဘေးက ပရော်ဖက်ဆာတွေက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ “ မင်းပြောပုံအရ ဆိုရင် မင်း တစ်ခုခုကို သိထားတဲ့ပုံပဲ။ ”
ယဲ့ချီလျန့်ကတော့ ဘာမှ ခွန်းတုံ့မပြန်ဘဲ ပြုံး၍သာ ပြန်ပြောလိုက်ပါသည်။ “ ငါတို့ရဲ့ ဆရာမလေးက စိတ်ထားပြည့်ဝတဲ့ လူမို့လို့ ရန်ဖြစ်ရတာ မကြိုက်ပေမဲ့ သူမရဲ့ မိသားစုထဲက လူတစ်ယောက်ကတော့ သူမကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ကို ချစ်တာ။ ”
ဟောက်ချန်ဟွမ်းကို ယဲ့ချီလျန့် အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးပေမဲ့ သူ စုယန်ယန်ကို ဘယ်လောက် ဂရုစိုက်တယ် ဆိုတာကို ယဲ့ချီလျန့် ပြောနိုင်သည်။
ပင်ပန်းဆင်းရဲခံပြီး သူ့အတွက် ကလေးမွေးပေးထားတဲ့ သူ့ဇနီးက မီးနေသည်ကာလမှာ ကောင်းကောင်း အနားယူနေတာလေ။ သူမကို ညစ်ပတ်တဲ့ ရေတွေနဲ့ ပက်နေတာကို သူ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။
ပရော်ဖက်ဆာကြီးတွေထဲမှာ ဉာဏ်ဝေးတဲ့ လူ တစ်ယောက်မှ မပါဝင်ပေ။ သူတို့က စုယန်ယန်ကို ကိုယ်တိုင် ကျောင်းလာကြိုတဲ့ အမျိုးသားကို ချက်ချင်း သတိရသွားကြသည်။
“ မင်း ပြောချင်တာက … ”
ယဲ့ချီလျန့်က ထိုမေးခွန်းကို တိုက်ရိုက် ပြန်မဖြေခဲ့ပေ။ “ လူတစ်ယောက်ကို အရမ်း ချစ်တာက ကောင်းတဲ့ ကိစ္စတစ်ခုပဲ။ အဲ့ဒီလို အရမ်း ချစ်မှလည်း ကိုယ် ချစ်တဲ့ လူကို ဘယ်လို ကာကွယ်ပေးရမလဲ ဆိုတာ သိနိုင်တာလေ။ ”
++++++