← Chapters

အခန်း ၈၀၃

Vol. 54 Ch. 803

အခန်း ၈၀၃

Vol. 54 Ch. 803

803 01

အခန်း ( ၈၀၃ ) ချစ်သူ။

ဘာရယ် … ။

စုရွယ်တင်းရဲ့ စကားက လူတိုင်းကို မိုးကြိုးပစ်ချလိုက်သလိုပင် ဆွံ့အသွားစေခဲ့သည်။

အထူးသဖြင့် သူမရဲ့ အစ်ကိုကြီး ဖြစ်တဲ့ လူကြီးမင်းစု ဖြစ်သည်။ သူက သူမအတွက် အဖေလို လူမျိုး ဖြစ်သည်။ စုမိသားစုရဲ့ သခင်ကြီးနှင့် သခင်မကြီးတို့ ကွယ်လွန်သွားကတည်းက သူနှင့် ချန်ရှို့ချင်က အလိုအလျောက်ပင် စုရွယ်တင်းရဲ့ ယာယီအုပ်ထိန်းသူတွေ ဖြစ်လာခဲ့ကြသည်။

သူတို့မျက်လုံးထဲမှာ စုရွယ်တင်းကလည်း စုယွီရွှမ်း ၊ သူ့ညီမတို့နှင့် မကွာခြားပါ။

စုရွယ်တင်းက ဒီနှစ်ထဲမှာ အသက် ( ၃၅ ) နှစ် ပြည့်သွားပြီမို့ အကျိုးသင့်အကြောင်းသင့် ပြောရလျှင်တော့ သူမလည်း သဘောကျတဲ့ လူနှင့် လက်တွဲသင့်တဲ့ အရွယ်ကို ရောက်နေပါပြီ။

ဒါပေမဲ့ သူတို့ကို ဆွံ့အသွားစေတဲ့ အချက်က သူမဟာ အိမ်ထောင်ပြုခြင်းကို အရင်တုန်းက ဘယ်တော့မှ အယုံအကြည်မရှိခဲ့လို့ပဲ ဖြစ်သည်။ ဒီနှစ်တွေ တစ်လျှောက်လုံး တစ်ကိုယ်တည်း နေလာတဲ့ သူမဆီက ယောက်ျား တစ်ယောက်ယောက်ရဲ့ အကြောင်းကိုလည်း သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြ။

နောက်ဆုံးမှာ အိမ်ပြန်လာတော့လည်း ချိန်းတွေ့သည့် အဆင့်ကိုပင် ကျော်လွန်ကာ လက်ထပ်ချင်ပါသည် ဟူ၍ ပြောနေခဲ့သည်။

လူကြီးမင်းစုနှင့် ကျန်လူတွေရဲ့ ပထမဆုံး တုံ့ပြန်မှုက သူတို့ရဲ့ ညီမလေး ( အဒေါ် ) ကို အပြင်က ကိုယ်ကျင့်တရားမကောင်းတဲ့ ယောက်ျား တစ်ယောက်က လှည့်စားလိုက်ပြီ ဆိုတာပါပဲ။

စုရွယ်တင်းကတော့ မိသားစုရဲ့ မျက်လုံးထဲမှာ သူမက အရူးတစ်ယောက် ဖြစ်သွားပြီ ဆိုတာကို သတိမထားမိဘဲ လူတိုင်းရဲ့ အံ့အားသင့်အကြည့်တွေကို ရင်ဆိုင်လျက် ချိုမြိန်စွာ ပြောလိုက်သည်။ “ အစ်ကိုတို့ နားကြားမလွဲပါဘူး။ ညီမ တကယ် လက်ထပ်တော့မှာပါ။ ”

“ ဘာလို့ ဒီလောက် ဗြုန်းစားကြီးလဲ တင်းတင်း။ နင့်ကို အဲ့ကောင်က လှည့် … ”

လူကြီးမင်းစုရဲ့ စကားမဆုံးခင်မှာပဲ ချန်ရှို့ချင်က သူ့ကို တွန်းဖယ်ပစ်လိုက်သည်။

“ နင့်အစ်ကိုက နင် သဘောကျတဲ့ လူကို ရှာတွေ့သွားတဲ့အတွက် ငါတို့အားလုံး ဝမ်းသာတယ်လို့ ပြောမလို့ပါ။ ဒါပေမဲ့ နင် အခုမှ ပြန်ရောက်,ရောက်ချင်း အိမ်ထောင်ပြုမယ့် အကြောင်း ပြောနေတာကတော့ နည်းနည်းလေး ရုတ်တရက်ဆန်တယ် မဟုတ်လား။ ပြောရရင် အစ်မတို့တွေ နင့်ရဲ့ … နင့်ရဲ့ ချစ်သူကောင်လေးနဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူးလေ။ ”

စုရွယ်တင်းက သူတို့ စိုးရိမ်နေတဲ့ အရာကို နားလည်သည်။ သူမ ရှင်းပြဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ မွေးနေ့ပွဲထဲကို ရင်းနှီးနေတဲ့ ပုံရိပ်လေးတစ်ခု လျှောက်ဝင်လာတာကို မြင်လိုက်ရပါသည်။

စုရွယ်တင်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားပြီး ထိုလူကို လက်ဝှေ့ယမ်းပြလိုက်သည်။

လူကြီးမင်းစုနှင့် ကျန်လူတွေက ထိုအမူအရာကြောင့် သူမ ကြည့်နေရာကို ချက်ချင်း လှည့်ကြည့်လိုက်လျှင် သူတို့ဆီ လျှောက်လာသော အရပ်ရှည်ရှည် ၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် လူကောင်းဟု ထင်ရတဲ့ အမျိုးသား တစ်ယောက်ကို မြင်လိုက်ရလေသည်။

ထိုလူ ရောက်လာသည်နှင့် စုရွယ်တင်းက သူ့လက်ကို အရင် ဆုပ်ကိုင်ပြီး သူတို့နှင့် မိတ်ဆက်ပေးသည်။ “ အစ်ကိုနဲ့ မရီး … ဒါက ညီမရဲ့ ချစ်သူ တုကျင်းရှန်းပါ။ ”

တုကျင်းရှန်းက သူတို့နှစ်ယောက်ကို ကြည့်ပြီး လူရိုးလေးဟု ထင်ရသော အမူအရာဖြင့် ပြုံးပြသည်။ “ တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုနဲ့ မရီး။ ကျွန်တော့်နာမည် တုကျင်းရှန်းပါ။ ကျွန်တော်က တင်းတင်းရဲ့ ချစ်သူပါ။ ”

စုမိသားစုဝင်များ : “ … ” ဒီလူက လှည့်စားတတ်မယ့် ပုံတော့ မပေါ်ဘူးပဲ။

ဒါပေမဲ့လည်း လူလိမ် ဆိုတာက နဖူးပေါ်မှာ ‘ ကျွန်တော် လူလိမ်ပါ ’ ဆိုပြီး စာရေးထားတတ်တာမျိုး မဟုတ်ပါ။

တုကျင်းရှန်းလို အခုမှ တွေ့ဖူးတဲ့ ယောက်ျားတစ်ယောက်ကို အထူး သတိထားမှ တော်ကာကျမည်။ သူတို့ညီမ ( အဒေါ် ) က သူ့ရုပ်ရည်အောက်မှာ ကျရှုံးသွားတာလည်း ဖြစ်နိုင်သည်။

အဲ့ဒါကို နားလည်တဲ့ လူကြီးမင်းစုနှင့် ကျန်လူတွေက တုကျင်းရှန်းကို ပိုလို့တောင် သတိထားတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

“ မင်းတို့ ဒီကို အတူတူ လာကြတာလား။ နိုင်ငံခြားမှာကတည်းက မင်းတို့ တွဲနေတာလား။ ”

“ ဟုတ်တယ် အစ်ကို။ ကျွန်မတို့ နိုင်ငံခြားမှာကတည်းက တွဲခဲ့ကြတာပါ။ ဒီကိုလည်း အတူတူ လာခဲ့ကြတာ။ ခုနတုန်းက သူက ကားပါကင်ထိုးဖို့ နေရာရှာနေတာ ၊ ကျွန်မကတော့ ယန်ယန်နဲ့ ကလေးကို တွေ့ချင်ဇောကြီးနေတာနဲ့ အရင် လာခဲ့လိုက်တာပါ။ ”

စုရွယ်တင်းက ပြောရင်း တုကျင်းရှန်းကို လှည့်ကြည့်လိုက်သေးသည်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ အချစ်တွေ ပြည့်လျှံနေပါသည်။

803 02

လူကြီးမင်းစုရဲ့ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။ သူတို့ရဲ့ အရည်ရွှမ်းရွှမ်း ဂေါ်ဖီထုပ်လေးကို ဒီဝက်ကြီးက သူတို့ရှေ့မှာ ဖက်ထားတာကို သူ ဘယ်လိုမှ သည်းခံပြီး မကြည့်နိုင်ပါ။

စုယန်ယန်က ကလေးကို အိမ်ထဲ ပြန်ပို့ထားပြီးပြီ ဖြစ်သည်။ သူမက အဖေဖြစ်သူရဲ့ မည်းမှောင်ပုပ်သိုးနေတဲ့ မျက်နှာကို မြင်တော့ သူမအဖေ ဒီနေရာမှာပဲ ဒေါသပေါက်ကွဲတော့မှာကို စိုးရိမ်သွားပြီး သူ့ကို အလျင်အမြန် ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။ “ အဟမ်း … တစ်နေရာရာမှာ ထိုင်ပြီး စကားပြောကြရအောင်လားဟင် အဖေ ၊ အမေနဲ့ ဒေါ်လေး။ ဒီမှာ လူတွေ အရမ်း များတယ်။ ”

စုရွယ်တင်းနှင့် ကျန်လူတွေက အဲ့ဒီတော့မှပဲ သူတို့ မွေးနေ့ပွဲထဲမှာ ရှိနေသေးတာကို သတိရသွားသည်။ ဒါက စကားပြောဖို့ သင့်တော်တဲ့ နေရာတစ်ခု မဟုတ်တာကတော့ အသေအချာပင်။

လူကြီးမင်းစုက သူ့နှလုံးသားထဲက ဒေါသကို ခဏ ချိုးနှိမ်ရင်း သမီးဖြစ်သူကို သူတို့အတွက် စကားပြောဖို့ သင့်တေယ်တဲ့ နေရာကို ကူရှာခိုင်းလိုက်သည်။ သူ ဒီပြဿနာကို ဒီနေ့ မဖြေရှင်းရလျှင် ညကျ အိပ်မပျော်နိုင်လောက်ပါ။

+++++

All Chapters