အခန်း ၈၀၇
Vol. 54 Ch. 807
807 01
အခန်း ( ၈၀၇ ) တွဲကြရအောင်။
တုကျင်းရှန်း သူမရှေ့မှာ နှစ်ရက်တိတိ ပေါ်မလာတာက သူတို့နှစ်ယောက် စတွေ့ကတည်းကနေ အခုချိန်ထိ တစ်ခါမှ မဖြစ်ဖူးတဲ့ အဖြစ်အပျက်မျိုး ဖြစ်သည်။
သူမ ခရီးသွားနေချိန်မှာတောင် တုကျင်းရှန်းက ခပ်လှမ်းလှမ်းကနေ သူမနောက်ကို အမြဲတမ်း လိုက်နေကျ။ သူက အစောင့်အရှောက်နတ်တစ်ပါးနှင့်ပင် တူပြီး သူ့ရဲ့ နတ်ဘုရားမလေးကို ဂရုတစိုက် ကာကွယ်ပေးခဲ့သည်။ ဒါပေမဲ့ သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာကို စိုးရိမ်သောကြောင့် သူမနားကိုတော့ ဘယ်တုန်းကမှ ချဉ်းကပ်မလာရဲပါ။ သူ့ကို လှည့်ကြည့်လို့ မြင်သွားတဲ့အခါတိုင်းလည်း သူမကို ဆက်မနှောင့်ယှက်ဘဲ အမြဲတမ်း လှည့်ထွက်သွားလေ့ရှိသည်။
စုရွယ်တင်းသည် သူ့ကြောင့် ဒေါသလည်း ထွက် ၊ စိတ်လည်း မရှည် ဖြစ်ခဲ့ဖူးသော်လည်း အခုတော့ စိတ်ထဲမှာ ခံစားချက်တွေ ဝေဝါးကာ ဘာကိုမှ သေချာ မသိတော့ပေ။
သူ စိတ်ပင်ပန်းသွားလို့ သူမကို ဆက်မလိုက်ချင်တော့တာလား ဟူသော အတွေးကိုတောင် စိတ်ပျက်လက်ပျက် တွေးမိသည်။ ဒါမှမဟုတ် သူ သဘောကျတဲ့ တခြား မိန်းကလေးတစ်ယောက်ကို အသစ် ရှာတွေ့သွားတာလည်း ဖြစ်နိုင်ပါသည်။
စုရွယ်တင်းသည် အဲ့ဒီတော့မှပဲ သူမနောက်ကို တကောက်ကောက် လိုက်နေတဲ့ လူတစ်ယောက် ရှိခြင်း ၊ သူမ နောက်ကို လှည့်ကြည့်လိုက်တိုင်း ထိုသူကို မြင်ရခြင်းတို့နှင့် ကျင့်သားရနေပြီ ဆိုတာ နားလည်သွားခဲ့သည်။
ကံမကောင်းစွာဖြင့် သူမ နားလည်တဲ့ အချိန်က နောက်ကျလွန်းသွားပါပြီ။
စုရွယ်တင်းသည် သူမ လူတစ်ယောက်ကို ချစ်မိသွားပြီဖြစ်ကြောင်း သိသွားချိန်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့လေသည်။
နောက်တစ်နေ့မနက်စောစောမှာတော့ သူမ နောက်ထပ် ခရီးထွက်မည့် မြို့ကို သွားရန် ပြင်ဆင်နေခဲ့သည်။ မ,စခင်ကတည်းက ဇာတ်သိမ်းခဲ့ရတဲ့ ဒီကမောက်ကမ အချစ်ဇာတ်လမ်းကို ခရီးတွေ ထွက်ပြီး မေ့ပစ်ချင်သည်။ သို့သော် သူမ ဟိုတယ်အောက်ကို ဆင်းလာချိန်မှာတော့ လက်တစ်ဖက်မှာ ကျောက်ပတ်တီး ၊ ကျန်လက်တစ်ဖက်မှာ ပန်းစည်းကြီး တစ်စည်းတို့ဖြင့် ဟိုတယ်ရှေ့မှာ ရပ်စောင့်နေသူကို မြင်လိုက်ရသည်။
“ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ ရွယ်တင်း။ ”
ထို့နောက် သူဟာ သူမမွေးနေ့အတွက် သူမကို စပရိုက်တိုက်ဖို့ နီးစပ်ရာ အိမ်တစ်လုံးကို တကူးတက ငှားရမ်းကာ ကိုယ်တိုင် အလှဆင်ခဲ့ကြောင်း သိလိုက်ရသည်။
ရလဒ်အနေဖြင့် လှေကားပေါ်က မတော်တဆ ပြုတ်ကျကာ လက်ကျိုးသွားခဲ့သည်။ ထို့ကြောင့် မနေ့တုန်းက သူ ရောက်မလာနိုင်ခဲ့တာ ဖြစ်သည်။
စုရွယ်တင်းရဲ့ နှလုံးသားထဲက တုံ့ဆိုင်းမှုတွေ အကုန်လုံး အခုတော့ အငွေ့ပျံ ပျောက်ကွယ်သွားသည်။ သူမသည် တုကျင်းရှန်းရဲ့ လက်ထဲက ပန်းစည်းကို ယူရင်း မျက်လုံးတွေ ရဲတက်လာခဲ့လေသည်။
အဲ့ဒါကို မြင်တော့ ငတုံးကောင်က အလွန် စိုးရိမ်သွားသည်။ သူက စုရွယ်တင်းဘေးမှာ အကြာကြီး လှည့်ပတ်ရင်း သူမကို နှစ်သိမ့်ဖို့ ကြိုးစားနေခဲ့သော်လည်း စကားပြောမကောင်းတဲ့ သူ့ပါးစပ်က စကားလုံး အနည်းငယ်ကိုသာ ပြောနိုင်ပြီး မျက်နှာကြီးသာ နီရဲလာခဲ့ရသည်။
စုရွယ်တင်းက ရှေ့ကို ခြေတစ်လှမ်းတိုးကာ တုကျင်းရှန်းရဲ့ လည်ပင်းကို ပွေ့ဖက်၍ “ ရှင်က တကယ့် ငတုံးပဲ။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
တုကျင်းရှန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အေးခဲသွားသည်။ သူ ဝမ်းမသာနိုင်သေးခင်မှာပဲ သူ့ရဲ့ နတ်ဘုရားမလေးဆီမှာ ပွေ့ဖက်ခံလိုက်ရကာ “ ငတုံး ” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရ၏။ သူ့မျက်လုံးတွေထဲက အလင်းရောင်တွေ မှိန်ဖျော့သွားချိန်မှာပဲ စုရွယ်တင်း ဆက်ပြောလိုက်တဲ့ “ တွဲကြရအောင်။ ” ဆိုတဲ့ စကားကို ထပ်ကြားလိုက်ရသည်။
တုကျင်းရှန်း ဆွံ့အသွားသည်။ “ ဘယ်လို။ ”
“ တွဲကြရအောင်လို့ ကျွန်မ ပြောလိုက်တာပါ။ ”
“ မင်း … အဲ့စကားကို ထပ်ပြောပေးလို့ ရမလား။ ”
“ တွဲကြရအောင်။ ”
“ မင်း … ” တုကျင်းရှန်းက စုရွယ်တင်းကို လွှတ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းတွေက အနည်းငယ် တုန်ရီနေပြီး မျက်လုံးတွေကိုတော့ အိပ်မက်တစ်ခုသာ ဖြစ်ခဲ့ဖူးသော မျှော်လင့်ချက်နှင့် ကြောက်စိတ်တို့ ဖုံးလွှမ်းထားသည်။
စုရွယ်တင်းသည် သူ့ကို ကြည့်ပြီး မျက်ရည်များကြားမှ ပြုံးကာ ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။ “ ရှင် ကျွန်မနဲ့ မတွဲချင်ရင်လည်း ရပါတယ်။ ကျွန်မ ဘာမှ မပြောခဲ့မိသလို ဟန်ဆောင်လိုက်ပါ့မယ်။ ”
807 02
“ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ” တုကျင်းရှန်းက ကြက်သေ,သေနေရာမှာ ဆတ်ခနဲ သတိပြန်ဝင်လာသည်။ “ ကိုယ် အရမ်း ပျော်သွားလို့ပါ။ ကိုယ် အရမ်း ပျော်သွားတာ။ ကိုယ် … မင်းကို ဖက်လို့ ရမလားဟင်။ ”
စုရွယ်တင်းက ထိုစကားကြောင့် ရယ်ချင်သွားသည်။ သူ့ခမျာ သူမကို ဖက်ဖို့အရေး ကြိုတင် ခွင့်တောင်းနေရရှာသည်။
“ အင်း။ ရတယ်။ ”
တုကျင်းရှန်းရဲ့ မျက်လုံးတွေ တောက်ပသွားသည်။ သူက စုယန်ယန်ကို ချက်ချင်းပဲ ပွေ့ချီလိုက်ပြီးနောက် ကလေး တစ်ယောက်လိုပင် သူမကို လှည့်ပတ်နေခဲ့သည်။
စုရွယ်တင်းက ထိုမြင်ကွင်းကို ပြန်သတိရသွားချိန်မှာ မျက်လုံးတွေ နူးညံ့သွား၏။
ညီမဖြစ်သူရဲ့ ပြောင်းလဲသွားတဲ့ အမူအရာကို သတိထားမိသော လူကြီးမင်းစုသည် နောက်ပြန်လှည့်စရာလမ်း မရှိတော့ကြောင်း သိလိုက်သည်။ သူ သက်ပြင်းသာ ချပြီး “ နင် ဒီကိစ္စကို သေချာရော စဉ်းစားပြီးပြီလား။ ” ဟု မေးလိုက်သည်။
“ ကျွန်မ သေချာ စဉ်းစားပြီးပါပြီ။ ” စုရွယ်တင်းက တုကျင်းရှန်းရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သူ့ကို ပြုံးပြလိုက်သည်။ “ ကျွန်မ သူနဲ့ လက်ထပ်ချင်တယ်။ ”
သူမဘက်က သူ့ကို အသိအမှတ်ပြုမှုလည်း မရှိတာတောင် နှစ်ပေါင်းများစွာ ကြာအောင် သူမတစ်ယောက်တည်းကိုပဲ တစိုက်မတ်မတ် ချစ်လာခဲ့တဲ့ ဒီလို ယောက်ျားမျိုးကို သူမဘဝမှာ ဒီတစ်ကြိမ်သာ တွေ့ဆုံနိုင်လောက်သည်။ သူ့ကို သူမဘေးမှာသာ ရှိစေချင်ပြီး တခြားဘယ်သူ့ကိုမှ ပိုင်ဆိုင်ခွင့်မပေးချင်ပါ။
++++++