← Chapters

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း ၈၀၈

Vol. 54 Ch. 808

808 01

အခန်း ( ၈၀၈ ) အသားမည်း ပတ္တမြားခဲ။

“ ဟုတ်ပြီ ဟုတ်ပြီ။ ” ချန်ရှို့ချင်သည် သူမ သိဖို့ လိုအပ်တဲ့ အကြောင်းအရာအားလုံးနီးပါးကို နားလည်သွားပြီမို့ ခင်ပွန်းဖြစ်သူရဲ့ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။ “ ရွယ်တင်း သူ့ကို သဘောကျဖို့က အရေးကြီးဆုံးပဲ။ ပြီးတော့ ရွယ်တင်းက အမြင်ရှိတယ်လို့ ကျွန်မ ထင်တယ်။ တုလေးက တော်တော်လေး သင့်တော်တဲ့ ယောကျ်ားတစ်ယောက်ပဲ။ သူ ရွယ်တင်းကို နှစ်ချီပြီး ပိုးပန်းခဲ့တယ် ဆိုကတည်းက သူက တစ်ယောက်ဆိုတစ်ယောက် ၊ ပိတောက်ဆိုပိတောက် ဆိုတဲ့ လူစားမျိုးပဲ။ အခု … သူ ရွယ်တင်းကို အနာဂတ်မှာလည်း အရိပ်တကြည့်ကြည့်နဲ့ ချစ်သွားဖို့ ပိုအရေးကြီးလာပြီ။ ”

ခွိ …

စုယန်ယန်သည် ထိုစကားကို ကြားချိန်မှာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။ “ အရပ် ခြောက်ပေနီးပါးရှိတဲ့ သန်သန်မာမာ ယောကျ်ားကြီးတစ်ယောက်ကို အမေ ဘယ်လိုလုပ် တုလေးလို့ ခေါ်နိုင်တာလဲဟင်။ ”

ကြယ်လေးကလည်း စုယန်ယန်ရဲ့ ခံစားချက်တွေကို အာရုံခံမိသကဲ့သို့ စတင် အော်ဟစ်ငိုကြွေးခဲ့သည်။

ချန်ရှို့ချင်က သူလေးဟာ သူ့အမေအတိုင်း သံယောင်လိုက် ပြောနေသည်ဟု တွေးမိသွားသောကြောင့် နှုတ်ခမ်းတွေက ချက်ချင်းပဲ ပြုံးရောင်သန်းသွားကာ သူလေးကို အသံမြှင့်၍ စနောက်လိုက်သည်။ “ ကလေးလေးကလည်း အဲ့လို ထင်နေတာ မဟုတ်လား။ ”

“ အဲ့ … ” ကြယ်လေးသည် သူ့အဘွား သူ့ကို စကားပြောနေတာကို မြင်သောအခါ ပိုလို့တောင် စူးဝါးကျယ်လောင်စွာ ငိုကြွေးခဲ့လေသည်။

လူကြီးမင်းစုက အစတုန်းကလောက် ဒေါသမထွက်တော့ပေ။ သူ့ဇနီးရဲ့ အကြည့်က သူ့ဆီ နောက်တစ်ခေါက် ဝဲလွှင့်လာလျှင် စကားတချို့ကို ရှောရှောရှူရှူပဲ ပြောထွက်သွားခဲ့သည်။ “ ကောင်းပြီ ကောင်းပြီ။ မင်းတို့က ငါ့ကို မကောင်းတဲ့ လူကြီး ဖြစ်အောင် လုပ်နေကြတာပဲ။ မင်းတို့အသက်လည်း ငယ်တော့တာ မဟုတ်ဘူး။ မင်းတို့ လုပ်နေတဲ့ အရာကို ကောင်းကောင်း နားလည်တယ် ဆိုရင် အဆင်ပြေတယ်။ ”

ထိုစကားကို ပြောပြီးနောက် တုကျင်းရှန်းဘက်ကို လှည့်ပြီး ထပ်ပြောလိုက်သည်။ “ မင်းက လူကောင်းတစ်ယောက်နဲ့တော့ တူပါတယ်။ တကယ်လည်း လူကောင်း ဖြစ်ပါစေလို့ ငါ မျှော်လင့်တယ်။ ငါ့မှာ ညီမတစ်ယောက်ပဲ ရှိတာ။ မင်း သူ့ကို အနိုင်ကျင့်ရဲကျင့်ကြည့် ၊ ငါ မင်းကို သက်ညှာမပေးဘူး။ ”

တုကျင်းရှန်းက “ စိတ်ချပါ။ ကျွန်တော် တင်းတင်းကို ကောင်းကောင်း ထားမှာပါ။ ကျွန်တော်လည်း သူ့ကို အနိုင်မကျင့်ဘူး ၊ ဘယ်သူ့ကိုမှလည်း အနိုင်ကျင့်ခွင့်မပြုဘူး။ စိတ်ချပါ အစ်ကိုကြီး။ ” ဟု ပျာပျာသလဲ ပြန်ပြောလိုက်သည်။

“ တကယ်လည်း အဲ့လို ဖြစ်ရင်တော့ ကောင်းတာပေါ့။ ” လူကြီးမင်းစုက တုကျင်းရှန်းရဲ့ သူ့ကို ခေါ်တဲ့ အခေါ်အဝေါ်ကို မငြင်းဆန်ခြင်းအားဖြင့် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို သဘောတူကြောင်း ဖော်ပြလိုက်၏။

စုရွယ်တင်းနှင့် တုကျင်းရှန်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးမှ “ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ” ဟု ဝမ်းပန်းတသာ ပြောလိုက်ကြသည်။

“ နင်က ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ။ သူ့ကို နင်ကိုယ်တိုင် ရွေးချယ်လိုက်တာလေ။ နင် နောင်တမရဘူး ဆိုရင်ပဲ ဒီအစ်ကိုကြီးက စိတ်အေးပါပြီ။ ”

စုရွယ်တင်းနှင့် တုကျင်းရှန်းရဲ့ မင်္ဂလာပွဲကိစ္စကို ဆွေးနွေးပြီးသွားပြီးသွားသောအခါ အခန်းထဲက လေထုဟာ အရင်တုန်းကလောက် မတင်းမာတော့ပေ။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက တစ်လပြည့်မွေးနေ့ပွဲအခမ်းအနားရဲ့ ပွဲကျင်းပသူတွေဖြစ်တဲ့အလျောက် ပွဲထဲကနေ အကြာကြီးပျောက်သွားလို့ မရပါ။ သူတို့လူစုသည် သီးသန့်အခန်းထဲကနေ ခပ်သုတ်သုတ် ပြန်ထွက်ပြီး ချန်မိသားစုနှင့် လန်မိသားစုကို သွားရှာခဲ့သည်။

ပွဲထဲကနေ ဟောက်ချန်ဟွမ်း ခဏတာ ပျောက်သွားသောကြောင့် ချန်မိသားစုနှင့် လန်မိသားစုသည် အတူတူ ထိုင်နေခဲ့ကြသည်။

စုယန်ယန်က လန်အိမ်တော်မှာ ချင်ရွယ်ရူ ကိုယ်ဝန်ရှိနေတဲ့ သတင်းကို ဘာရယ်မဟုတ် ပြောဖူးသောကြောင့် မိသားစုနှစ်စုဟာ တစ်ဖက်နှင့် တစ်ဖက် လျင်မြန်စွာ ရင်းနှီးသွားခဲ့ကြသည်။

ချန်ကျွင်းဟောက်နှင့် သူ့ဇနီး လန်မင်ဟန်က သူတို့ရဲ့ ကလေးကို ဒီနေ့ ခေါ်လာခဲ့ကြသည်။ လန်မိသားစုရဲ့ ကလေးကလည်း ယောကျ်ားလေးပဲ ဖြစ်ပြီး ဆန်ပြုတ်လေးထက် နှစ်လ ၊ သုံးလ ငယ်သည်။

“ ဒါက အစ်မတို့ရဲ့ ကလေးလား။ တကယ် တစ်တုံးတစ်ခဲကြီးနော်။ အရင်တုန်းက ဒေါ်လေး ( စုယန်ယန် ) က ကျွန်မတို့အိမ်ကို လာလည်ရင်းနဲ့ သူ့အဒေါ်မှာလည်း ကိုယ်ဝန်ရှိနေတယ်လို့ ပြောပြဖူးတယ်။ သူက ကျွန်မကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သတိထားရမယ့် ကိစ္စတွေ အများကြီးကိုတောင် ပြောပြသွားသေးတယ်။ အဲ့ဒါတွေက အစ်မ သူ့ကို သင်ပေးထားတာတဲ့။ အဲ့အချိန်ကတည်းက ကျွန်မ အစ်မကို တွေ့ဖူးချင်ခဲ့တာ။ ”

808 02

အဲ့ဒီလို အကြောင်းပြချက်မျိုး ရှိနေလိမ့်မည်ဟု ထင်မထားသော ချင်ရွယ်ရူရဲ့ အမူအရာက နူးညံ့ပျော့ပျောင်းသွားသည်။ “ အစ်မက အသက်ကြီးနေပြီ ဆိုတော့ မိသားစုက အစ်မ ဒီကလေးကို ကိုယ်ဝန်လွယ်ထားတဲ့ အချိန်တုန်းက အစ်မကို အရမ်း စိတ်ပူခဲ့ကြတာ။ ညီမရဲ့ ကလေးက ဖြူဖြူပြည့်ပြည့်လေးနဲ့ တကယ် ချစ်စရာကောင်းတယ်။ အသားလေးကလည်း ပန်းရောင်သန်းပြီး နူးညံ့နေလိုက်တာများ မီးသွေးတုံးလို မည်းမှောင်နေတဲ့ ကျွန်မတို့ရဲ့ ကလေးနဲ့ တခြားစီပဲ။ ”

လန်မိသားစုရဲ့ ကလေးက အပြင်ထွက်တာ ရှားတာမို့ သူ့မျက်နှာဖောင်းဖောင်းပြည့်ပြည့်လေးက ဖြူစွတ်နေသည်။ အဘိုးဖြစ်သူက အခုတလော သူ့အပေါင်းအသင်းတွေကို ကြွားဖို့ ခဏ ခဏ ခေါ်ထုတ်သွားတာ ခံနေရတဲ့ ဆန်ပြုတ်လေးနှင့် ဆန့်ကျင်ဘက်လို့တောင် ပြောလို့ ရသည်။

ထိုအချိန်မှာ ကောင်လေးကတော့ ဆန်ပြုတ်လေးကို ‘ ငါနဲ့ သက်တူရွယ်တူပဲ ရှိတဲ့ ဒီကလေးက ဘာလို့ ဒီလောက် အသားမည်းနေတာလဲ ’ ဟု အံ့ဩနေသလို မျက်တောင်မခတ်ဘဲ စိုက်ကြည့်‌နေခဲ့သည်။

သခင်ကြီးချန်က ချွေးမဖြစ်သူရဲ့ စကားကို ကြားချိန်မှာ ဒေါသထွက်သွားသည်။ “ အသားမည်းတာက ဘာမှားနေလို့လဲ။ အသားမည်း ပတ္တမြားခဲတဲ့။ ယန်ယန်ဆို ငယ်ငယ်တုန်းက သူ့ထက်တောင် ပိုမည်းသေးတယ်။ ”

ကလေးကို ရင်ခွင်ထဲမှာ ပွေ့ချီလျက် သူတို့စကားဝိုင်းနားကို ချဉ်းကပ်လာတဲ့ စုယန်ယန်မှာ ပြောစရာစကားမရှိအောင်ပင် ဆွံ့အသွားရလေသည်။ အဘိုး သမီးကို လူကြားထဲမှာ အကြောင်းပြချက်မရှိ သိက္ခာမချဘဲ နေလို့ မရဘူးလားဟင် ၊ အဘိုးရဲ့ မြေးမလေးကို နည်းနည်းပါးပါး ဟန်လုပ်ခွင့်ပေးပါဦး … ။

++++++

All Chapters