အခန်း ၈၁၀
Vol. 54 Ch. 810
810 01
အခန်း ( ၈၁၀ ) အဖေအသစ်။
သူမက အကြာကြီး နှုတ်ဆိတ်သွားကာ အချိန် ဘယ်လောက် ကြာသွားလဲ မသိလိုက်ဘဲ တစ်စုံတစ်ယောက်သည် မျက်နှာကို လက်နှင့် အုပ်ပြီး တိုးတိတ်စွာ စတင်ငိုကြွေးခဲ့လေသည်။
“ အရှိန်အဝါကြီးတဲ့ ဥက္ကဌက စက္ကန့်ပိုင်းအတွင်း ဖြူစင်ရိုးသားတဲ့ နာနီတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ။ ဒီအဖြစ်အပျက်က ရှော့ခ်ဖြစ်စရာကောင်းလွန်းလို့ ငါ ခဏ နားမှ ရတော့မယ်။ ”
နျဉ်စစ်ယွမ်သည်လည်း ဒီအဖြစ်အပျက်ကို လက်ခံနိုင်ဖို့ အချိန်ယူခဲ့ရသည်။ စုယန်ယန်ရဲ့ မီးနေသည်ကာလတုန်းက လင်းရှောင်ချီးကတော့ ဟောက်အိမ်တော်ကို ရံဖန်ရံခါ သွားလေ့ရှိတာမို့ ကလေးထိန်းနေတဲ့ ဟောက်ချန်ဟွမ်းကို မြင်ရခြင်းနှင့် ကျင့်သားရနေပြီ ဖြစ်သည်။
ဒါပေမဲ့ နျဉ်စစ်ယွမ်ကတော့ ဒါကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ သူ့အကြည့်က ကလေးဆီကို ရုတ်တရက် ရောက်သွားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရင်ခွင်ထဲက ကလေးကို ငုံ့ကြည့်နေတဲ့ ဟောက်ချန်ဟွမ်းကို မြင်လိုက်ရ၏။ တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့ သားအဖ နှစ်ယောက်ကို ဝန်းရံနေသော လေထုက ခဏတာ အေးခဲသွားပုံရသည်။
တခြား ကလေးသာ ဆိုပါက ဟောက်ချန်ဟွမ်းရဲ့ အေးစက်တည်တင်းသော မျက်နှာကြီးကို မြင်လျှင် အော်ငိုလောက်ပေမဲ့ ဒီကလေးကတော့ ပျော်မြူးနေပုံဖြင့် ဂူးဂူးဂါးဂါးလုပ်ကာ လက်လေးတွေကိုတောင် ဝှေ့ယမ်းနေခဲ့သည်။
ဟောက်ချန်ဟွမ်းက သူ့သားလေး ဘာတွေ ပြောနေတာလဲ ဆိုတာ နားမလည်သော်လည်း ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ ချော့မြှူရင်း “ သားလေး ဗိုက်ဆာလို့လား ၊ ဒါမှမဟုတ် သေးပေါက်ချင်လို့လား။ ” ဟု မေးလိုက်သည်။
နျဉ်စစ်ယွမ် ကြက်သေ သေသွားကာ ဟောက်ချန်ဟွမ်းကို အိပ်မက်ထဲကနေ နိုးထဖို့ ပြောချင်စိတ်တွေ တဖွားဖွား ဝင်ရောက်လာသည်။ ကလေးက အခုမှ တစ်လသားပဲ ရှိသေးတာ ၊ ဗိုက်ဆာတယ် သေးပေါက်ချင်တယ် ဆိုရင်တောင် သူ့ကို ဘယ်လိုလုပ် ကြိုပြောနိုင်ဦးမှာလဲ … ။
အနီးအနားမှာ စုရုံးပြီး တိုးတိုးကျိတ်ကျိတ် ပြောနေတဲ့ ဝန်ထမ်းတွေက ခုနတုန်းက ထိတ်လန့်စရာမြင်ကွင်းကြောင့် အံ့ဩဆွံ့အနေရာကနေ တဖြည်းဖြည်း စိတ်တည်ငြိမ်လာခဲ့သည်။
သူတို့ရဲ့ စိတ်ထဲမှာ ဟောက်ချန်ဟွမ်းကို အဖေအသစ်အဖြစ် လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် ဘော့စ်အပေါ် ထားတဲ့ သူတို့ခံစားချက်တွေက ချက်ချင်း ရှုပ်ထွေးသွားခဲ့သည်။
သူတို့ရဲ့ အရှိန်အဝါကြီးတဲ့ ဘော့စ်က ညဘက်မှာ ကလေးအငိုတိတ်အောင် လုပ်နိုင်တဲ့ အဖေ မဖြစ်နိုင်တာ သေချာတယ်လို့ တစ်ဖက်မှာ ခံစားရပြီး ကျန်တစ်ဖက်မှာတော့ ဘော့စ်က အရမ်း လက်တွေ့ဆန်လွန်းတယ်လို့ ခံစားရသည်။
တူညီတဲ့ ကမ္ဘာပေါ်က တူညီတဲ့ အဖေတွေ ဖြစ်နေသရွေ့ ကိုယ့်မှာ ဘယ်လို ရာထူးဂုဏ်ဝါတွေပဲရှိရှိ အဖေအသစ်တစ်ယောက် ဖြစ်လာပြီ ဆိုတာနှင့် ကလေးကို နို့တိုက်ရမည် ၊ ထမင်းခွံ့ရမည် ၊ ဒိုက်ပါလဲပေးရမည်။
ဝန်ထမ်းတွေထဲက တချို့ ဆိုရင် ‘ မြန်မြန် သေးပေါက်ချလိုက်ပါ မင်းသားလေး။ ကျွန်တော်တို့ မင်းသားလေးကို ဘော့စ် ဒိုက်ပါလဲပေးတာကို မြင်ချလှပြီ။ ” ဟူ၍ပင် တွေးနေခဲ့ကြသည်။
အစကတည်းက ကလေးလေးရဲ့ ချစ်စရာကောင်းမှုအောက်မှာ အရည်ပျော်သွားတဲ့ အမျိုးသမီးဝန်ထမ်းတွေက ကလေးကို ဓာတ်ပုံ နည်းနည်းပါးပါး ရိုက်ချင်နေခဲ့ကြသည်။
သားဖြစ်သူကို ရင်ခွင်ထဲမှာ ပွေ့ချီထားတဲ့ ဟောက်ချန်ဟွမ်းသည် သူတို့အတွက်တော့ မှတ်ဉာဏ်ထဲမှာ ဘယ်တော့မှ မေ့လို့ မရနိုင်မယ့် ပုံရိပ် တစ်ခုလိုပဲ ဖြစ်သည်။
ပျာယာခတ်နေတဲ့ ဝန်ထမ်းတွေက ဖုန်းတွေကို ထုတ်ပြီး ဒီမြင်ကွင်းကို မှတ်တမ်းတင်ချင်နေကြသော်လည်း သူတို့ရဲ့ နေရာကို သူတို့ကိုယ်သူတို့ နားလည်သောကြောင့် လက်လွတ်စပယ် ရဲရဲတင်းတင်း မလုပ်ရဲပေ။
ယုကျစ်ယန်နှင့် ကျန်နှစ်ယောက်ကတော့ ဘာကိုမှ သိပ်စိုးရိမ်မနေပါ။ အစပိုင်း ထိတ်လန့်စရာအဖြစ်ကနေ စိတ်တည်ငြိမ်သွားပြီးနောက် ယုကျစ်ယန်သည် ဟောက်ချန်ဟွမ်းကို ကင်မရာနှင့် ဆုံးဖြတ်ချက်ပြတ်သားစွာ ချိန်ရွယ်ထားခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ဗီဒီယို အတိုလေး တစ်ပုဒ်ကို မှတ်တမ်းတင်နေခဲ့သည်။
ဒီလို တစ်သက်မှာ တစ်ကြိမ်လောက်သာ မြင်ရမယ့် မြင်ရခဲတဲ့ မြင်ကွင်းကို မှတ်တမ်းတင်ပြီး ကောင်းကောင်း ထိန်းသိမ်းထားရမည်။ မနက်ဖြန် ဟောက်ချန်ဟွမ်းက သူတို့ကို အလုပ်တွေ အပုံလိုက် ပေးပြီး အိုဗာတိုင်ဆင်းခိုင်းတဲ့အခါ ဒီဗီဒီယိုကို ထုတ်ကြည့်ပြီး အပန်းဖြေလို့ ရသည်။
ဗီဒီယိုရိုက်ထားတဲ့ သူတို့ သုံးယောက်ကို အနာဂတ်မှာ ဟောက်ချန်ဟွမ်း ပြဿနာရှာမလား ဆိုတာကိုလည်း စိတ်ပူစရာ မလိုပါ။ သူတို့ ဒီဗီဒီယိုကို သခင်မလေးလက်ထဲ ချက်ချင်း ထည့်ပေးလိုက်လို့ ရသည်။ သခင်မလေး ရှိနေရင် သခင်လေး ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ၊ သူတို့ကို ဘာမှ မလုပ်နိုင်။ ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်တဲ့ သူတို့လဲ … ။
ကိုယ့်ကိုယ်ကိုယ် ဒိုင်းကာဖြစ်လို့ ဖြစ်သွားမှန်း မသိတဲ့ စုယန်ယန်ကတော့ သန့်စင်ခန်းကို သွားနေတဲ့ လမ်းမှာကတည်းက သားဖြစ်သူကို စိတ်မချဘဲ ပြန်သွားချင်နေပြီ ဖြစ်သည်။
810 02
စိတ်လောနေတဲ့ သူမက သန့်စင်ခန်းအပြင်ဘက် ကော်ရစ်ဒါက လူကို သတိမထားမိဘဲ ခပ်သွက်သွက် ထွက်လာခဲ့လိုက်ရာ တစ်ယောက်က အဝင် ၊ တစ်ယောက်က အထွက်ဖြင့် တည့်တည့်ကြီး ဝင်တိုက်မိသွားခဲ့သည်။
စုယန်ယန်က အမလေးဟု အော်ရင်း နောက်ကို ယိုင်ကျသွားသည်။ ဒီတစ်ခေါက်တော့ သူမ ရုပ်ပျက်ဆင်းပျက် လဲကျပြီဟု တွေးနေစဉ်မှာပဲ ဖြူဆွတ်နေတဲ့ လက်တစ်ဖက်က သူမရဲ့ ခါးကို ချက်ချင်း ဆုပ်ကိုင်ရင်း သူမကို ပြန်ဆွဲပေးခဲ့သည်။
စုယန်ယန်သည် ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် ထိန်းရင်း ကြောက်ရွံ့မှုကြောင့် ရင်ဘတ်ကို လက်နှင့် ဖိထားမိသည်။ အချိန်အတော်ကြာသည်ထိ စိတ်နှင့်ကိုယ် စုစည်းလို့ မရသေး။
“ မင်း အဆင်ပြေရဲ့လား။ ”
ထိုစကားသံကို ကြားတော့မှ သူမနှင့် ဝင်တိုက်မိသူကို သတိရသွားကာ မော့ကြည့်လိုက်လျှင် မျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။ “ ရှင် … ”
သူမရဲ့ စကားမဆုံးသေးခင်မှာပဲ တစ်စုံတစ်ခုကို ရှာတွေ့သွားသလို မျက်နှာမည်းမှောင်သွားသည်။
သေစမ်း။ ဒီလူက ငါ့လက်ကို ကိုင်ထားတုန်းပဲ။
++++++