အခန်း ၈၁၁
Vol. 55 Ch. 811
811 01
အခန်း ( ၈၁၁ ) သူ ဒီထဲကို ဘယ်လို ဝင်လာတာလဲ။
ထိုအမျိုးသားရဲ့ လက်တွေဟာ လူသားတစ်ယောက်ရဲ့ လက်တွေလို့ ပြောဖို့ကိုတောင် အေးစက်လွန်းနေခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ အသားချင်း ထိတွေ့ထားတဲ့ နေရာက အေးစက်မှုတွေက စုယန်ယန်ရဲ့ လက်ဖမိုးပေါ်မှာတောင် ကြက်သီးမွေးညင်းထသွားစေခဲ့လေသည်။
စုယန်ယန်က သူမရဲ့ လက်ကို ရုန်းနေခဲ့သော်လည်း တစ်ဖက်က လွှတ်မပေးတာမို့ သူမရဲ့ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးသွားခဲ့သည်။
“ ရှင် ကျွန်မလက်ကို လွှတ်ပေးပါ။ မဟုတ်ရင် … ”
“ မဟုတ်ရင် ဘာလဲ။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေထဲမှာ ရန်လိုမှုတွေ ပြည့်နှက်နေခဲ့သည်။ “ မဟုတ်ရင် ရှင် ဒီလက်ကို ဆက်ကိုင်ထားနိုင်တော့မှာ မဟုတ်ဘူး။ ”
သို့ထျန်းယီ အံ့အားသင့်သွားကာ ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရယ်ချလိုက်မိတော့သည်။ “ မိန်းကလေးစုက ကျွန်တော် ကြားထားတဲ့ ကောလဟာလတွေနဲ့ လုံးဝ မတူဘူးပဲ။ ”
စုယန်ယန်က ထိုစကားကို ကြားချိန်မှာ သူမရဲ့ နာကျင်ကိုက်ခဲနေတဲ့ လက်ကောက်ဝတ်ကို ပွတ်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ “ ရှင် ကျွန်မကို သိလို့လား။ ”
သို့ထျန်းယီက သူမရဲ့ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ “ မိန်းကလေးစုက ကျွန်တော့်ကို မသိဘူးလား။ ” ဟူ၍ ပြန်မေးခွန်းထုတ်ခဲ့သည်။
“ ဘာလို့ ကျွန်မက ရှင့်ကို သိရမှာလဲ။ ”
သို့ထျန်းယီက သူမကို စူးစိုက်ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ မင်း ကျွန်တော့်ကို အခု မသိသေးလည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မကြာခင် သိလာမှာပဲ ဆိုတော့။ ”
စုယန်ယန်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူမ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေချိန်မှာပဲ သို့ထျန်းယီက ချာခနဲ လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
စုယန်ယန်က ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ရပ်တန့်လိုက်သည်။ ထွက်ခွာသွားသူကို သူမ နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေမိပါသည်။
ဒီလူ ဒီနေရာမှာ ဘာလာလုပ်တာလဲ … ။
အခုတော့ ကာယကံရှင်က ထွက်သွားပြီမို့ ထိုမေးခွန်းကို ဖြေပေးနိုင်မယ့် လူလည်း မရှိတော့ပါ။ စုယန်ယန်သည် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး မွေးနေ့ပွဲခန်းမဆီကို ပြန်လှည့်ထွက်လာခဲ့လိုက်၏။
အပြင်မှာ ရပ်စောင့်နေတဲ့ ဟောက်ချန်ဟွမ်းက သူမ ထွက်လာတာကို မြင်တော့ သူမဆီ ချက်ချင်း လျှောက်လာသည်။
“ မင်း ဘာလို့ အဲ့လောက် ကြာနေတာလဲ။ ”
စုယန်ယန်က ကလေးကို လက်လွှဲယူရင်း “ ကိစ္စ တစ်ခု ဖြစ်သွားလို့ပါ။ ” ဟု တည်ငြိမ်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ ဘာဖြစ်တာလဲ။ ”
“ ကျွန်မ သို့ထျန်းယီနဲ့ သန့်စင်ခန်းတံခါးဝမှာ တွေ့ခဲ့တယ်။ ”
“ သို့ထျန်းယီ … ဟုတ်လား။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာလည်း ပြောင်းလဲသွားသည်။ သို့ထျန်းယီက စုယန်ယန်ကို အခုထိ ဇွဲကြီးစွာ လိုက်ရှာနေတုန်းပဲ ဆိုတာ သိလိုက်ရတော့ သူမကို စိုးရိမ်တကြီး ဆွဲခေါ်ပြီး ခေါင်းစခြေဆုံး သေချာ ကြည့်လိုက်သည်။ “ သူ မင်းကို တစ်ခုခု လုပ်သွားသေးလား။ ”
“ ဟင့်အင်း။ ” စုယန်ယန်က ခေါင်းခါယမ်းပြီး အဖြစ်အပျက်ကို အကျဉ်းချုံ့ ရှင်းပြလိုက်သည်။ “ ကျွန်မက ဒီကို အမြန် ပြန်လာမလို့ပဲ။ သန့်စင်ခန်းထဲက လောလော လောလောနဲ့ ထွက်လာတဲ့ အချိန်မှာ တံခါးဝမှာ သူနဲ့ ဝင်တိုက်မိတာ။ သူက ကျွန်မကို လဲမကျအောင် ကူညီပေးပြီး ဘာမှ မပြောဘဲ ထွက်သွားတယ်။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကောက်ဝတ်ပေါ်က အနီရောင် အမှတ်အသားတွေကို ကြည့်ပြီး သူ့မျက်လုံးတွေက နက်ရှိုင်းသွားလေသည်။ စုယန်ယန်လိုပင် သူလည်း သို့ထျန်းယီ ဒီမှာ ရုတ်တရက် ပေါ်လာပြီး စုယန်ယန်နှင့် ဝင်တိုက်မိတာက တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ခံစားရသည်။ ပိုအရေးကြီးတာက …
“ သူ ဒီထဲကို ဘယ်လို ဝင်လာတာလဲ။ ”
သူတို့ကလေးရဲ့ တစ်လပြည့်မွေးနေ့ပွဲအတွက် ဒီဟိုတယ်က မွေးနေ့ပွဲကျင်းပမယ့် ခန်းမကို သေချာ ရှင်းလင်းထားပြီး ဖိတ်ကြားထားတဲ့ လူတွေသာ ဝင်ခွင့်ရှိတာ ဖြစ်သည်။ အကျိုးသင့်အကြောင်းသင့် ပြောရရင် သို့ထျန်းယီ ဒီထဲကို ဝင်လာလို့ မရပေ။
စုယန်ယန်က သူ့စကားကို ကြားတော့မှ တစ်ခုခု မှားယွင်းနေတာကို သဘောပေါက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ “ တစ်ယောက်ယောက်က ကြားထဲက ဖိတ်လိုက်လို့ သူ ဝင်လို့ ရသွားတာလည်း ဖြစ်နိုင်တယ်။ ”
811 02
သူတို့ ဖိတ်ကြားထားတဲ့ လူအရေအတွက်က များလည်း မများ ၊ နည်းလည်း မနည်းပါ။ ဟောက်ချန်ဟွမ်းရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေနှင့်ပင် လူဦးရေ မနည်းမနော ရှိသည်။
သို့ထျန်းယီရဲ့ စွမ်းရည်နှင့် ဆိုလျှင် သူ ဖိတ်စာတစ်စောင်ကို ရအောင် ယူပြီး ခိုးဝင်လာဖို့ ခက်ခဲမှာ မဟုတ်ပါ။ ဒါပေမဲ့ အဲ့ဒါက သူ ဒီနေ့ ဒီကို ရောက်လာတာဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားတာဖြစ်ကြောင်း ဖော်ပြနေသည်။
ဟောက်ချန်ဟွမ်းရဲ့ အတွေးတွေကတော့ စုယန်ယန်ထက် ပိုကျယ်ပြန့်သည်။ သို့ထျန်းယီက အမှန်တကယ်ပဲ တစ်ယောက်ယောက်ဆီက ဖိတ်စာကို ရပြီး ခိုးဝင်လာခဲ့တာ ဆိုရင် …
သူ့ကို ဖိတ်စာပေးတဲ့လူက စီးပွားရေးသမားတစ်ယောက် ဆိုရင် ကိစ္စမရှိပေမဲ့ သူ့ကုမ္ပဏီက ဝန်ထမ်း ဆိုရင် ဘယ်လို လုပ်မလဲ။
ငွေလေး နည်းနည်း ပေးလိုက်ရုံနှင့် ဖိတ်စာကို ရောင်းတယ် ဆိုကတည်းက ထိုဝန်ထမ်းကို ဟောက်ချန်ဟွမ်းရဲ့ ကုမ္ပဏီမှာ ဆက်အလုပ်မခန့်သင့်တာ သိသာထင်ရှားသည်။
အဲ့ဒါထက် ပိုအရေးကြီးတာကတော့ သူ့ကုမ္ပဏီက ဝန်ထမ်းအများစုက စုယန်ယန် ဘယ်သူလဲ ဆိုတာကို ရိပ်စားမိတဲ့ လူတွေချည်းပဲမို့ သို့ထျန်းယီ ထိုဝန်ထမ်းကို လာဘ်ထိုးလိုက်ရင် စုယန်ယန်ရဲ့ သရုပ်မှန်ကို အလွယ်တကူ သိနိုင်လေသည်။
++++++