အခန်း ၈၁၂
Vol. 55 Ch. 812
812 01
အခန်း ( ၈၁၂ ) မျက်စိနှင့် မျက်မြင် တွေ့ရတာတွေကိုသာ ယုံကြည်တတ်သူ။
သူ့လက်အောက်က ဝန်ထမ်းတွေကို ဘယ်လို စုံစမ်းစစ်ဆေးရင် ကောင်းမလဲ ဆိုတာ အစီအစဉ်ဆွဲရင်း ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့သည်။
စုယန်ယန်က သူ့လောက် သိပ်မတွေးသော်လည်း သူမလည်း သို့ထျန်းယီ ဒီနေရာကို ရုတ်တရက် ရောက်လာတဲ့ အဓိက အကြောင်းအရင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
“ သူ အဲ့ဒါကို သိသွားပြီလို့ ထင်လား ချန်ဟွမ်း။ ”
“ ဘာကို သိတာလဲ။ ”
“ ကျွန်မက ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဆိုတာကိုလေ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အနည်းငယ် အရောင်ပြောင်းသွားသည်။ “ မင်း ဘာလို့ မေးတာလဲ။ ”
“ သူက ကျွန်မကို မိန်းကလေးစုလို့ ခေါ်သွားတာ ၊ ပြီးတော့ ကျွန်မ သူ့ကို ဘယ်လိုလုပ် မသိရတာလဲလို့တောင် မေးသွားသေးတယ်။ သူ့လေသံကို အကဲခတ်ရသလောက် ကျွန်မ သူ့ကို သိတယ် ဆိုတာ အရမ်း သေချာနေတဲ့ ပုံပဲ။ ဒါပေမဲ့ ကျွန်မ သူနဲ့ အရင်က တစ်ခါမှ မဆုံဖူးဘူး။ ”
အနည်းဆုံးတော့ သူမ သူနှင့် မိန်းကလေးစုအဖြစ် မတွေ့ဆုံဖူးသလို ဟောက်ချန်ဟွမ်းရဲ့ ဇနီးသည်အဖြစ်လည်း မတွေ့ဆုံဖူးပေ။
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ အခြေအနေကို အပေါ်ယံ နားလည်သွားကာ သူမကို နှစ်သိမ့်ပေးလိုက်သည်။ “ ဝမ်ကျင့်ဖျင်က သူ့ကို မင်းအကြောင်း ပြောပြဖူးလို့လည်း ဖြစ်နိုင်တာပဲ။ ”
စုယန်ယန်ကတော့ နှုတ်ခမ်းတွေကိုသာ ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပါ။ ဒီနေ့ သူမကို သို့ထျန်းယီ ဆက်ဆံပုံက တော်တော်လေး ထူးဆန်းသည်။ ဒါပေမဲ့ ဆိုးဝါးတဲ့ ဆက်ဆံပုံလို့တော့ သတ်မှတ်လို့ မရဘဲ သူ့အပြောအဆိုတွေ ၊ အကြည့်တွေထဲမှာ နားလည်ရခက်တဲ့ ရင်းနှီးမှု တချို့တောင် ပါဝင်နေပါသေးသည်။
တကယ်လို့ သူသာ သူမအကြောင်းကို ဝမ်ကျင့်ဖျင်ဆီက သိထားတယ် ဆိုရင် သူ့ဆက်ဆံပုံက သေချာပေါက် ဒီလို ဖြစ်နေမှာ မဟုတ်ပေ။
“ ဘာပဲဖြစ်ဖြစ် သူ ဒီကို ရောက်လာတဲ့ ကိစ္စမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာတော့ သေချာတယ်။ သူနဲ့ ဒီရက်ပိုင်း မဆုံဖြစ်အောင် ၊ အဆက်အသွယ်မရှိအောင် ဂရုစိုက်ပါ။ ”
ပါးစပ်ကသာ ထိုသို့ ပြောလိုက်ပေမဲ့ စုယန်ယန်ဘက်က သူ့ကို စဆက်သွယ်ဖို့ကတော့ မဖြစ်နိုင်မှန်း ဟောက်ချန်ဟွမ်း သိသည်။ သို့သော်လည်း ဒီနေ့ အခြေအနေကို ကြည့်ရသလောက် စုယန်ယန်ဘက်ကလည်း နည်းနည်းလေး သတိလက်လွတ် ဖြစ်နေခဲ့သည်။
ဟိုတယ်ထဲက မွေးနေ့ပွဲကတော့ ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်နေဆဲ ဖြစ်ပြီး တစ်စုံတစ်ယောက် စောစော ပြန်သွားတာကိုတော့ ဘယ်သူမှ သတိမပြုမိခဲ့ကြပေ။
ညအမှောင်ထုနှင့် ပေါင်းစပ်ကာ တစ်သားတည်းကျလုနီးပါး ဖြစ်နေတဲ့ အနက်ရောင်ကားလေးတစ်စီးက ဟိုတယ်အပြင်ဘက်မှာ အကြာကြီး ရပ်ထားရာကနေ နောက်ဆုံးတော့ သူ့ပိုင်ရှင်အစစ်အမှန် ပြန်ရောက်လာခဲ့သည်။
“ ဘော့စ် … ” လီယွဲ့က နောက်ခန်းထဲမှာ ထိုင်နေသူကို လှည့်ကြည့်လိုက်သည်။ ထိူလူရဲ့ မျက်နှာက စာရွက်ဖြူ တစ်ရွက်လို ဖြူဖပ်နေကာ နဖူးပေါ်မှာ ချွေးစေးတွေကို မြင်နေရသည်။ ထိုလူ့ပုံစံက စိုးရိမ်စရာအခြေအနေကို ရောက်နေတဲ့ လူမမာ တစ်ယောက်လိုပဲ ဖြစ်သည်။
သို့ထျန်းယီက ထိုင်ခုံကို ခဏလောက် မှီနေခဲ့ပြီး နောက်ဆုံးမှာ သူ့မျက်နှာအမူအရာက ခုနတုန်းကထက် ပိုကြည်လင်လာခဲ့သည်။
“ ငါ ဘာမှ မဖြစ်ဘူး။ အဆင်ပြေတယ်။ ”
သူ့ကို အဲ့ဒီလိုမျိုး မြင်လိုက်ရတော့ လီယွဲ့က လက်မခံသလို မျက်မှောင်ကြုတ်လိုက်သည်။ “ ဘော့စ် မိန်းကလေးစုနဲ့ တွေ့ချင်ရင် တစ်ယောက်ယောက်ကို သူမကို ဖိတ်ကြားခိုင်းလိုက်လို့ ရတာပဲ။ ဒီလို မွေးနေ့ပွဲ သေးသေးလေးကို ဘာလို့ ဒုက္ခရှာပြီး သွားနေတာလဲ။ ဘော့စ်ခန္ဓာကိုယ်က … ”
လီယွဲ့ရဲ့ စကားမဆုံးသေးခင်မှာပဲ သို့ထျန်းယီက သူ့ကို တင်းမာသော အကြည့်ဖြင့် လှမ်းကြည့်လာလျှင် ချက်ချင်း ပါးစပ်လိုက်ရ၏။ သို့သော်လည်း သူ သို့ထျန်းယီကို စိုးရိမ်ပူပန်သော မျက်လုံးများနှင့် ကြည့်မိနေဆဲ ဖြစ်ပါသည်။
သို့ထျန်းယီသည် နှစ်ကြိမ် ချောင်းဆိုးလိုက်တော့မှ သွေးမရှိသလို ဖြူဖပ်နေတဲ့ သူ့မျက်နှာမှာ အနည်းငယ် သွေးရောင်လွှမ်းလာခဲ့သည်။ သူ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက် စိတ်ပျက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူ အပြင်သွားတဲ့ အချိန်က ဘယ်လောက်မှ မရှိသေးပေမဲ့ နာရီဝက်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်က ခြေကုန်လက်ပန်းကျသွားကာ ပင်ပန်းလွန်း၍ ပြိုလဲကျတော့မလားတောင် ထင်ရသည်။
“ သူ့ကို ဖိတ်ကြားရမယ်တဲ့လား။ မင်း သူ့ကို ဖိတ်ကြားလို့ ရမယ် ဆိုတာ သေချာလို့လား။ ”
812 02
လီယွဲ့ လည်ချောင်းထဲမှာ တစ်ဆို့သွားသည်။ မိန်းကလေးစုက လာချင်မှာ မဟုတ်သလို သူမဘေးက သက်တော်စောင့်တွေကလည်း ဖြတ်ကျော်ရ လွယ်ကူမှာ မဟုတ်ပါ။ သူတို့ အင်အားသုံးရင်တောင် သူမကို အလွယ်တကူ ခေါ်ထုတ်လာလို့ မရလောက်။
“ အဲ့လို ဆိုရင်တောင် ဘော့စ် သူ့ကို ဒီလောက် အလောတကြီး သွားတွေ့စရာတော့ မလိုဘူးလေ။ မိန်းကလေးစုရဲ့ ဘော့စ်အပေါ် မြင်တဲ့ အမြင်ကို ဘော့စ် မသိတာလည်း မဟုတ်ဘူး။ ‘’
“ သူ ငါ့ကို သဘောမကျမှန်း ငါ သိပါတယ်။ ”
“ ဒါဆို … ”
“ ဒါဆို ဘော့စ်က … ”
“ တချို့ လူတွေက သူတို့ ကြားတာကို ယုံတယ်။ ငါကတော့ ကိုယ့်မျက်စိနဲ့ ကိုယ်တိုင် မြင်ရတာကိုပဲ ယုံတယ်။ ”
ဝမ်ကျင့်ဖျင်နှင့် ဟေးရီရဲ့ ဒရာမာဇာတ်လမ်းတွဲကြောင့် စုယန်ယန် သူ့ကို အရင်ကတည်းက သိနေလောက်တယ် ဆိုတာကိုရော ၊ သူ့ကို အမြင်မကြည်လင်လောက်ဘူး ဆိုတာကိုရော သို့ထျန်းယီ သိသည်။ ဒါပေမဲ့လည်း သူ့အသက်ကို နှစ်အနည်းငယ်လောက် ဆွဲဆန့်ပေးနိုင်မယ့် ဒီအမျိုးသမီးနှင့် တွေ့ဆုံချင်ပါသေးသည်။
သူမက ကောလဟာလတွေထဲကလို အမှန်တကယ် အရည်အချင်းရှိလား ဆိုတာ သူ သိချင်သည်။
++++++