အခန်း ၈၁၃
Vol. 55 Ch. 813
813 01
အခန်း ( ၈၁၃ ) လမ်းမှားကို ပြမိခြင်း။
လီယွဲ့သည် ခဏလောက် နှုတ်ဆိတ်နေပြီးမှ မဝံ့မရဲ မေးလိုက်၏။ “ ဘော့စ် တစ်ခုခု သိထားတာလား။ ”
သို့ထျန်းယီရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားပြီး “ သူက ဟိုမိန်းမနဲ့ မတူဘူး။ ” ဟု ပြန်ပြောလိုက်သည်။
သူ့စကားက တစ်ခုခုကို ရည်ညွှန်းနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ ဘယ်အရာကိုမှ မရည်ညွှန်းတာလည်း ဖြစ်နိုင်ပါသည်။
လီယွဲ့က ပါးစပ်ပြင်လိုက်ပေမဲ့ အဆုံးသတ်မှာတော့ ဘာမှ မပြောတော့ဘဲ ပါးစပ်ပြန်ပိတ်ထားလိုက်တော့သည်။
ကလေး တစ်လပြည့်မွေးနေ့ပွဲမှာ ဧည့်သည်တွေက ဟောက်ချန်ဟွမ်းနှင်း စုယန်ယန်ကို ဂုဏ်ပြုစကားပြောရင်း ဗိုက်တွေ ဖောင်းတင်းတဲ့အထိ စားသောက်ခဲ့ကြသည်။ ဒီပွဲရဲ့ အဓိကဇာတ်လိုက် ဖြစ်တဲ့ ကလေးလေးကလည်း လက်ဆောင်တွေ အများအပြား ရရှိခဲ့သည်။
စုယန်ယန်နှင့် တခြားလူတွေဟာ ကုမ္ပဏီက ဝန်ထမ်းတွေ ပေးတဲ့ အန်ပေါင်းတွေကိုသာ လက်မခံဘဲ ပြန်ပေးခဲ့ပေမဲ့ ချန်မိသားစုနှင့် လန်မိသားစုက လူအများစုကတော့ သူတို့ ငြင်းလို့ မရတဲ့ လက်ဆောင်တွေနှင့် ချည်ပြီးတုပ်ပြီး ရောက်ရှိလာခဲ့ကြသည်။
လက်ဆောင်တွေက မျက်စိရှေ့မှောက် ရောက်နေပြီမို့ ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်သည် လက်ဆောင်တွေ ပြန်ယူသွားခိုင်းရအောင်လည်း အဆင်မပြေတော့ပေ။ ထို့ကြောင့် အိုးတိုးအမ်းတမ်းဖြင့်သာ လက်ခံခဲ့ရသည်။
မွေးနေ့ပွဲ ပြီးသွားတော့ စုယန်ယန်က စုပုံနေတဲ့ လက်ဆောင်တွေကို ကြည့်ပြီး ပင့်သက်ရှိုက်လိုက်သည်။ “ လူတိုင်း ချမ်းသာချင်တာ အံ့ဩစရာ မရှိဘူး။ သူက တစ်လသားအရွယ်ပဲ ရှိသေးတာတောင် လက်ဆောင်တွေ အများကြီး ရနေပြီ။ ကျွန်မတို့ ဒီလက်ဆောင်တွေကို ရောင်းလိုက်ရင် အနာဂတ်မှာ သူ့ရဲ့ စားဝတ်နေရေးအတွက် ကျွန်မတို့ စိတ်ပူစရာမလိုတော့မှာ သေချာတယ်။ သူ အလုပ်ကြိုးစားစရာတောင် မလိုလောက်တော့ဘူး။ ရှင်ရော အဲ့လို မထင်ဘူးလား ချန်ဟွမ်း။ ”
စုယန်ယန်က သူလေးရဲ့ မျက်နှာဖောင်းဖောင်းအိအိလေးကို ဖျစ်ညှစ်လိုက်တော့ သူလေးက သူမ သူ့ကို မြှုနေသည်ဟု ထင်သွားကာ လက်လေးတွေကို ယက်ကန်ယက်ကန် လုပ်၍ တခစ်ခစ် ရယ်မောလိုက်လျှင် သွားမပေါက်သေးတဲ့ ပန်းရောင်အံကပ်လေးက လှစ်ခနဲ ပေါ်လာပြီး ညာဘက်ပါးပေါ်မှာ ပါးချိုင့်လေး တစ်ဖက်လည်း ခွက်ထင်သွားခဲ့လေသည်။
သူ ထိုပါးချိုင့်လေးကို စုယန်ယန်ဆီက အမွေရထားတာ ဖြစ်သည်။ သူမ ကလေးဘဝတုန်းက ချန်ရှို့ချင်က သူမရဲ့ ပါးချိုင့်လေးကို အမြဲတမ်း သဘောတကျ ဖျစ်ညှစ်လေ့ရှိသည်။ အခု စုယန်ယန်ကလည်း သူမ မွေးထားတဲ့ ကလေးရဲ့ ပါးချိုင့်ကို သဘောတကျ ဖျစ်ညှစ်နေမိပြန်ပါပြီ။ မအေခြေရာကို နင်းတဲ့ သမီးတစ်ယောက်ရဲ့ ဖြစ်အင်ဟု ပြောလို့ ရသည်။
ဟောက်ချန်ဟွမ်းက သူ့ဇနီးနှင့် သားကို နွေးထွေးသော အပြုံးလေးတွေ ရီလဲ့နေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ ကိုယ်တို့ သူတို့အလှည့်ကျလည်း ပြန်ပေးရမှာပါပဲကွာ။ ”
လူတွေက ချမ်းသာတဲ့ လူတွေက ဘယ်လိုဘယ်ပုံ ဆိုတဲ့ အကြောင်းကိုသာ အမြဲတမ်း ပြောနေကြပေမဲ့ တကယ်တော့ ချမ်းသာတဲ့ လူတွေကလည်း လူထဲက လူပဲ ဖြစ်ကာ သူတို့မှာလည်း ခင်မင်ရာခင်မင်ကြောင်းတွေ ၊ ပတ်သက်ရာပတ်သက်ကြောင်းတွေ ရှိသည်။
သူတို့ကလေးရဲ့ မွေးနေ့မှာ ဘယ်လောက် ကြီးတဲ့ လက်ဆောင်တွေကိုပဲ ရ,ထားပါစေ ၊ အနာဂတ်မှာ ထိုလူတွေ မွေးထားတဲ့ သားသမီးတွေရဲ့ မွေးနေ့ကို ရောက်ရင် ထပ်တူထပ်မျှ ပြန်ပေးရသည်။ ကလေးတွေက နှစ်ကူးမှာ အန်ပေါင်းရရင် အရမ်း ပျော်သွားပေမဲ့ တခြားလူတွေက သူတို့ကို အန်ပေါင်းတွေ ဘယ်လောက်တောင် ပေးထားလဲ ဆိုတာကိုတော့ မတွေးသလိုပါပဲ။ မိဘတွေကသာ အလှည့်ကျတဲ့အခါ သူတို့တုန်းက လက်ဆောင်ရထားသလောက် ပြန်ပေးရပြီး တချို့ဆိုလျှင် ပိုတောင် ထပ်ဖြည့်ပေးကြသည်။
“ အဲ့ဒါလည်း ဟုတ်တာပဲ။ ” စုယန်ယန်က ကလေးတွေကို အားကျစိတ် ဆက်မဝင်တော့ဘဲ အန်ပေါင်းတွေ အကုန်လုံးကို အထပ်လိုက် သိမ်းဆည်းကာ ရင်မှာ အပ်ထားလိုက်သည်။
“ ကဲ ၊ ဒါတွေအားလုံးက ကျွန်မအပိုင်ပဲ။ ”
ဟောက်ချန်ဟွမ်း : ???
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ စိတ်ကို ဖတ်နိုင်သကဲ့သို့ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ “ ကမ္ဘာကြီးမှာ ဒီလို ချစ်ခြင်းမေတ္တာမျိုးလည်း ရှိတယ်။ အန်ပေါင်းတွေကို သားသမီးတွေကိုယ်စား လုံခြုံအောင် သိမ်းထားပေးတဲ့ မိဘတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ ခေါ်တယ်။ ”
ဟောက်ချန်ဟွမ်းက သူမရဲ့ စကားကြောင့် ရယ်ချင်သွားသည်။ “ မင်းက တော်တော့်ကို ဝါရင့်နေပြီပဲ။ မင်း ငယ်ငယ်တုန်းကရော ဒီလို အဖြစ်အပျက်မျိုး ကြုံဖူးခဲ့တာလား။ ”
“ အင်း။ ကျွန်မတုန်းကလည်း ကြုံဖူးတယ် ၊ ဒါပေမဲ့ အခုလောက်တော့ ပြဇာတ်မဆန်ဘူးပေါ့လေ။ ”
813 02
စုယန်ယန် ကလေးဘဝတုန်းက စုမိသားစုဟာ အခုလောက် မချမ်းသာတဲ့အပြင် အဘိုးချန်ရဲ့ အလုပ်အကိုင်က ထူးခြားတာကြောင့် ချန်မိသားစုဟာ သိုသိုသိပ်သိပ် နေထိုင်ခဲ့ရသည်။
သူမရဲ့ မွေးနေ့ပွဲအခမ်းအနားက သားဖြစ်သူရဲ့ မွေးနေ့ပွဲလောက် သေချာပေါက် မကြီးကျယ် မခမ်းနားသလို မွေးနေ့ပွဲတက်ရောက်ပေးမယ့် ဆွေမျိုး ၊ အပေါင်းအသင်းတွေလည်း များများစားစား မရှိခဲ့ပါ။ သူမ ရခဲ့တဲ့ မွေးနေ့လက်ဆောင်တွေကလည်း သူမရဲ့ သားဖြစ်သူ ရတဲ့ မွေးနေ့လက်ဆောင်တွေလို တန်ဖိုးကြီး ပစ္စည်းတွေ မဟုတ်ခဲ့ပါ။
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ သူမရဲ့ ခါးလေးကို ပွေ့ဖက်ကာ အပြုံးယဲ့ယဲ့ဖြင့် “ နောက်နှစ် မင်းရဲ့ မွေးနေ့ကျရင် ကိုယ် မွေးနေ့ပွဲအကြီးကြီး တစ်ခု ကျင်းပပေးမယ်။ ” ဟု ပြောလိုက်သည်။
စုယန်ယန်ကတော့ ရယ်မောရင်း “ ကျွန်မ ကလေးမဟုတ်တော့ဘူး။ ” ဟူ၍သာ ပြန်ပြောလိုက်ပါသည်။
“ ကလေးတွေပဲ မွေးနေ့ပွဲကျင်းပလို့ ရတာ မဟုတ်ပါဘူး။ ပြီးတော့ …… ”
“ ပြီးတော့ ဘာလဲ။ ” ဟောက်ချန်ဟွမ်းက စကားတစ်ဝက်တစ်ပျက်မှာ အကြာကြီး ရပ်နေသောကြောင့် စုယန်ယန်က သူ့ကို အူကြောင်ကြောင်လေး လှည့်ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းသည် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေပုံဖြင့် သူမကို ငုံ့နမ်းလိုက်၏။ “ မင်းက ကလေး မဟုတ်တော့ပေမဲ့ ကိုယ့်အတွက်တော့ ကလေးလေးပဲလေ။ ”
စုယန်ယန်က အငိုက်မိသွားပြီး ချက်ချင်းပဲ မျက်နှာကြီး ရဲတက်လာခဲ့သည်။
မိဘလက်သစ် နှစ်ယောက်ဟာ အိပ်ရာပေါ်ကို ရောက်သည်နှင့် ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို လုံးဝ မေ့လျော့သွားကြသည်။ ထိုအချိန်မှာပဲ ကလေးက ဂရုစိုက်မခံရ၍ စိတ်ညစ်လာပုံဖြင့် စူးစူးဝါးဝါး ကျယ်ကျယ်လောက်လောင် အော်ငိုခဲ့လေသည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းမှာ ပြောစရာစကားပင် မရှိတော့။ သွားပြီ။ သူတို့ရဲ့ သားကို မဟုတ်မဟတ်တွေ လမ်းပြမိပြီ … ။
++++++