အခန်း ၈၂၀
Vol. 55 Ch. 820
820 01
အခန်း ( ၈၂၀ ) ဘယ်လိုလုပ် လူလေးစားစရာကောင်းတော့မှာလဲ။
“ ပြန်လည်ကြိုဆိုပါတယ် ယန်ယန်။ ”
စုယန်ယန်က တုန်ချမ်းရဲ့ အဝင်တံခါးကို ဖြတ်ဝင်လာချိန်မှာပဲ သူမကို တကူးတက လာကြိုတဲ့ ရှားကျွင်းရှန့်နှင့် ဝင်တိုက်မိသွားသည်။
“ ကျွန်မ ကုမ္ပဏီကို မလာနိုင်တဲ့ အချိန်တွေမှာ အစ်ကိုကျွင်းရှန့်တစ်ယောက်တည်း ပင်ပန်းခဲ့မှာပဲ။ ”
“ ဘာမှ အပန်းမကြီးပါဘူးဟာ။ ” ရှားကျွင်းရှန့်က စုယန်ယန်ကို ပြုံးပြပြီး အပေါ်ထပ်သို့ ခေါ်လာခဲ့လိုက်သည်။
စုယန်ယန်သည် နှစ်ဝက်ကျော်မှ သူမရဲ့ ရုံးခန်းထဲကို ပြန်ရောက်ချိန်မှာ ဘဝသက်တမ်း တစ်ခုစာလောက် ကြာသွားသလို ခံစားနေရသည်။ သူမရဲ့ ကိုယ်ဝန်ဆောင်ကာလတွေ ၊ မီးတွင်းကာလတွေမှာ မအားလပ်နိုင်ခဲ့တာမို့ ရှားကျွင်းရှန့်က သိပ်အရေးမကြီးတဲ့ ကုမ္ပဏီရဲ့ အလုပ်ကိစ္စတွေမျိုးတွေဆို သူမကို ဘာမှ မပြောဘဲ သူ့တစ်ယောက်တည်း ကြည့်လုပ်သွားပေးခဲ့သည်။
အချိန်အကြာကြီး ဘာအလုပ်မှ မလုပ်ဘဲ ပျင်းပျင်းရိရိ နေခဲ့ရတဲ့ စုယန်ယန်ဟာ ရုတ်တရက်ကြီး အလုပ်ကို ပြန်လာရခြင်းနှင့် အသားမကျနိုင်ဘဲ ရှိနေပါသေးသည်။
ကံကောင်းစွာဖြင့် ထိုင်ခုံမှာ ထိုင်ပြီးနောက်မှာတော့ လျင်လျင်မြန်မြန်ပဲ စိတ်တည်ငြိမ်သွားကာ လိုရင်းကို တန်းပြောလိုက်သည်။ “ ဟေးရီက ညီမတို့နဲ့ လက်တွဲ အလုပ်,လုပ်ချင်နေတယ်လို့ အစ်ကို ပြောထားတယ်နော်။ ”
“ ဟုတ်တယ် ညီမ။ ” ရှားကျွင်းရှန့်က သူ ပြင်ဆင်ထားတာ ကြာပြီ ဖြစ်နေတဲ့ ကမ်းလှမ်းချက်စာချုပ်ကို စုယန်ယန်ထံ ကမ်းပေးလိုက်သည်။ “ ဒါက သူတို့ဘက်က ပို့ထားတဲ့ အလုပ် တွဲလုပ်ဖို့ ကမ်းလှမ်းချက်ပါ။ ”
စုယန်ယန်က စာချုပ်ကို ယူပြီး လှန်လှော ဖတ်ရှုကြည့်လိုက်သည်။ “ သူတို့က ညီမတို့နဲ့ လက်တွဲပြီး ရသစုံ အစီအစဉ် တစ်ခုနဲ့ ရှန်းရှ ဇာတ်လမ်းတွဲ တစ်ခုကို ရိုက်ကူးချင်နေတာလား။ ”
“ အင်း။ ဟေးရီအန်တာတိန်းမန့်က ဒီလက်တွဲပူးပေါင်းမှုသာ အောင်မြင်ရင် ကျုံးရီကို ရသစုံအစီအစဉ်မှာ ဦးဆောင်ခိုင်းမယ် ၊ ကျိုးဝမ်ရှုကိုလည်း ဒီဇာတ်လမ်းတွဲမှာ ရိုက်ကူးခိုင်းမယ်လို့ ပြောထားတယ်။ ”
ဟေးရီအန်တာတိန်းမန့်ရှိ ကျုံးရီရဲ့ နေရာက တုန်ချမ်းရှိ ရွှယ်ခိုင်ဝေနှင့် ဟုန်ဟွီတို့နှင့် အတူတူပဲ ဖြစ်သည်။ ဟေးရီဘက်က သူ့ကို သူတို့ရဲ့ အကျိုးတူ ပူးပေါင်းမှုမှာ ထည့်သွင်းတာက တကယ့်ကို ဖြောင့်မတ်တဲ့ လုပ်ရပ် ဖြစ်သည်။
ကျိုးဝမ်ရှုအတွက်ကတော့ …
“ ကျိုးဝမ်ရှု … ဟုတ်လား။ ” စုယန်ယန် မျက်ခုံးပင့်သွားရသည်။ “ အရင်တုန်းက ဝမ်ကျင့်ဖျင်နဲ့ ရန်ဖြစ်ခဲ့တဲ့ ဒုတိယအမျိုးသမီးဇာတ်လိုက်လား။ ”
“ ဟုတ်တယ်။ သူမပါ။ ”
“ ဟေးရီက တကယ့်ကို သဘောကောင်းနေတာပဲ။ ”
ကျိုးဝမ်ရှုအား အနုပညာအလုပ်ကို ရူးသွပ်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေမှာ ကောင်းမွန်တဲ့ အမြင် ရှိသော်လည်း သူမရဲ့ ဖျားနာမှုကြောင့် ထုတ်လုပ်ရေးအဖွဲ့ထဲနေ နှုတ်ထွက်သွားရုံက လွဲလို့ ရွေးချယ်စရာ မရှိခဲ့ပေ။
သို့သော်လည်း မျက်လုံးပါတဲ့ ဘယ်သူမဆို ထိုကိစ္စက တော်တော်လေး ရှက်စရာကောင်းတယ် ဆိုတာ ပြောနိုင်သည်။
ကုမ္ပဏီက အမျိုးသမီး အနုပညာရှင်နှစ်ယောက် ပြောင်ပြောင်တင်းတင်း ရန်ဖြစ်ပြီး ကိုယ့်အရှက်ကိုယ်ခွဲခဲ့ကြတဲ့ ကိစ္စကို ကုမ္ပဏီဘက်က ဘယ်လောက်ပဲ ဖုံးဖိပေးထားပါစေ ၊ သူတို့အတွက် ရှက်စရာတော့ ကောင်းသည်။
ထိုပြဿနာ နာမည်ကြီးသွားတုန်းက စုယန်ယန်လည်း တခြားလူတွေလိုပဲ ကျိုးဝမ်ရှု ဆိုတဲ့ ကောင်မလေးတော့ ဒီနယ်ပယ်မှာ ဆက်မရပ်တည်နိုင်တော့ဘူးလို့ ထင်ခဲ့မိသော်လည်း မျှော်လင့်မထားစွာဖြင့် လအနည်းငယ်အတွင်းမှာပဲ မိန်းကလေးကျိုးဟာ အနုပညာလောကနေ မပျောက်ကွယ်သွားရုံသာမက အလုပ်အကိုင်တွေတောင် တိုးတက်လာခဲ့သည်။
820 02
ထိုအချိန်ကျမှ စုယန်ယန်သည် သို့ထျန်းယီအတွက် ဝမ်ကျင့်ဖျင်ဟာ သူမ ထင်ထားသလောက် အရေးမပါမှန်း နားလည်သွားခဲ့သည်။ ဝမ်ကျင့်ဖျင်နှင့် သို့ထျန်းယီ တစ်အိမ်ထဲ မနေတော့ဘူး ဆိုတဲ့ သတင်းကို ကြားပြီးနောက်မှာ ထိုထင်မြင်ချက်က ပိုသေချာသွားသည်။
အခု ဟေးရီက သူတို့ လက်တွဲပူးပေါင်းတဲ့ ကိစ္စမှာ အကျိုးအမြတ်ဖြစ်ထွန်းစေမယ့် အနုပညာရှင်တစ်ယောက်ဟု အာမခံနေပြန်ပါပြီ။ ဒါက သူတို့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်လို့ ဖော်ပြနေတာလား ၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တွေ ရှိနေတာလား … ။
စုယန်ယန်က စာချုပ်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ “ အစ်ကို့အမြင်မှာ ညီမက အရူးတစ်ယောက်နဲ့ တူနေလား။ ” ဟု ရုတ်တရက် ထမေးလိုက်သည်။
“ မတူပါဘူး။ ”
စုယန်ယန်က သရော်ပြုံး ပြုံးပြီး စာချုပ်ထည့်ထားတဲ့ အိတ်ကို ရှားကျွင်းရှန့်ထံ ပြန်ပစ်ပေးလိုက်သည်။ “ အဲ့ဒါဆို သူတို့ကို ငြင်းလိုက်ပါ။ သူတို့က ပူးပေါင်းချင်တယ် ဆိုတိုင်း ညီမတို့က လွယ်လွယ် သဘောတူလိုက်ရင် ဘယ်လိုလုပ် လူလေးစားစရာကောင်းတော့မှာလဲ။ ”
စီးပွားရေးလောကမှာ အဆုံးမရှိတဲ့ ရန်သူရယ်လို့ မရှိဘဲ အဆုံးမရှိတဲ့ အကျိုးအမြတ်တွေသာ ရှိသော်လည်း သို့ထျန်းယီကတော့ အစကတည်းက ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်ကာ သူမကို ဆက်ဆံပုံကလည်း ဒွိဟဖြစ်စရာကောင်းသည်။ သူက စီးပွားဖက်ကောင်းတစ်ယောက် မဟုတ်ပါ။
ရှားကျွင်းရှန့်က သူမရဲ့ စကားကို ကြားတော့ စိတ်အေးသွားသည်။ သူလည်း ဒီပူးပေါင်းမှုကို အလုပ်ဖြစ်မယ်လို့ ထင်မထားတာ အသိအသာပင်။
“ ကျွန်မ ကုမ္ပဏီကို မလာနိုင်တဲ့ အချိန်တုန်းက ကုမ္ပဏီမှာ အဆင်ပြေရဲ့လား။ ”
“ အကုန်လုံး ကောင်းကောင်းမွန်မွန် လည်ပတ်နေကြပါတယ်။ ညီမ စောင့်ကြည့်နေတဲ့ အနုပညာရှင်တွေကလည်း အခု အရှိန်မှန်မှန်လေးနဲ့ သွားနေကြတယ်။ ညီမ သူတို့အတွက် စီစဉ်ပေးထားတဲ့ လမ်းကြောင်းအတိုင်းပဲ အစပိုင်းမှာ သူတို့အတွက် ကြော်ငြာတွေ ၊ လူအာရုံစိုက်ရမယ့် ကိစ္စတွေ အများကြီး ပေးမထားဘူး။ သူတို့က သင်ယူစရာ ရှိတာတွေကိုပဲ အဓိက အာရုံစိုက်ပြီး သင်ယူနေကြတယ်။ ”
စုယန်ယန်က ချက်ချင်း စိတ်ဝင်စားသွားသည်။ “ သူတို့ဘက်က မကျေနပ်တာတွေ ၊ ဘာတွေရော မရှိဘူးလား။ ”
++++++