← Chapters

အခန်း ၈၂၁

Vol. 55 Ch. 821

အခန်း ၈၂၁

Vol. 55 Ch. 821

821 01

အခန်း ( ၈၂၁ ) သားအဖတွေကြားက ဝိရောဓိ။

“ မကျေနပ်တာတွေတော့ သေချာပေါက် ရှိတာပေါ့ ၊ ဒါပေမဲ့ အဲ့ဒါတွေ အကုန်လုံးက စကားနဲ့ ပြောတဲ့ မကျေနပ်ချက်တွေပါပဲ။ သူတို့ပဲ သီးသန့် ရှိတဲ့ နေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြပါတယ်။ အလုပ်ကိုလည်း ဝတ်ကျေတန်းကျေ မဟုတ်ဘဲနဲ့ စိတ်ပါလက်ပါ လုပ်ကြတယ်။ ”

“ ကောင်းတယ်။ ညီမတို့ သူတို့အတွက် အခွင့်အလမ်းကောင်းတွေ စီစဉ်ပေးလို့ ရတယ်။ အထူးသဖြင့် ဟွမ်းကျစ်တုံးနဲ့ တခြားလူတွေအတွက် ညီမတို့ အရင်တုန်းက မျက်စိကျခဲ့တဲ့ ကြော်ငြာလေးတွေကို စီစဉ်ပေးလို့ ရတယ်။ ”

သူ့ကုမ္ပဏီက အနုပညာရှင်တွေကို စုယန်ယန် ဘယ်လောက် ကာကွယ်ပေးတတ်လဲ ဆိုတာ လူတိုင်း သိသည်။ ထိုလူကို အရင်ကတည်းက အခွင့်အလမ်းတွေ အများကြီး စုပုံ မပေးခဲ့တဲ့ ပထမဆုံး အကြောင်းအရင်းက သူတို့ကို နေရာတစ်ခုကို သူတို့ဘာသာ ရအောင် ယူတတ်စေချင်လို့လည်း ပါသည်။ ဒုတိယ အကြောင်းပြချက်ကတော့ ရုတ်တရက် အောင်မြင်ကျော်ကြားလာပြီးနောက်ပိုင်းမှာ သူတို့တွေ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက် သန်မာလဲ ဆိုတာ ကြည့်ချင်သည်။

အနုပညာနယ်ပယ်က အဆိပ်အတောက်ဆန်လွန်းတဲ့ အကြောင်းအရင်းက စကားနှင့် မဖော်ပြနိုင်အောင် ဆိုးဝါးလွန်းတဲ့ ကိစ္စတွေကြောင့်ပင်။ ပြီးတော့ အနုပညာရှင်တွေကလည်း အောင်မြင်လာချိန်မှာ မောက်မောက်မာမာ ပြုမူတတ်သည်။

စုယန်ယန်က ရွှေတွေကို အချိန်ကြာကြီး ယူဆောင်လာပေးနိုင်မယ့် ၊ ကြာရှည်တည်မြဲမှုရှိတဲ့ ပိုက်ဆံသစ်ပင်ကို လိုချင်တာ ဖြစ်ပြီး လူတိုင်း တက်နင်းသွားလို့ ရတဲ့ မြက်ပင်မျိုးကို မလိုချင်ပါ။

“ အစ်ကို ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်လမ်းတွဲတွေရော အခြေအနေ ဘယ်လိုလဲ။ ”

“ တချို့ ဇာတ်လမ်းတွဲတွေကိုတော့ ရိုက်ကူးပြီးသွားပြီ။ မြန်တဲ့ ဇာတ်လမ်းတွဲတွေကို ပြန်လည်ဆန်းစစ်ဖို့ ပို့ပြီးသွားပြီ။ နှောင့်နှေးတဲ့ ဇာတ်လမ်း‌တွဲတွေကတော့ နောက်ပိုင်းထုတ်လုပ်ရေးကို ရောက်နေပါပြီ။ အရမ်း ရှည်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ ရှန်းရှ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးပြီးဖို့ကတော့ တစ်လ ၊ နှစ်လလောက် ကြာဦးမယ် ထင်တယ်။ ”

စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်ပြီ။ ကျွန်မ နားလည်ပြီ။ ”

သူမ ကုမ္ပဏီကို ရောက်ရုံပဲ ရှိသေး ၊ ဟေးရီဘက်က လက်တွဲပူးပေါင်းဖို့ တောင်းဆိုလာတဲ့ ကမ်းလှမ်းချက်ကို ရလိုက်တာမို့ စိတ်ကြည်လင်သွားခဲ့သည်။

အခြားတစ်ဖက်၌ ကိုယ်ဝန်သည်မိန်းမနှင့် သားဖြစ်သူကို ဂရုစိုက်ဖို့ နှစ်ဝက်ကျော် ခွင့်ယူခဲ့တဲ့ ဟောက်ချန်ဟွမ်းသည်လည်း ပြဿနာလေးကို ရင်ဆိုင်နေခဲ့ရသည်။

ကုမ္ပဏီရှယ်ယာရှင်အစည်းအဝေးမှာ ဟောက်ချန်ဟွမ်း ရောက်လာပြီး ဟောက်ချီဟန်ကို ဥက္ကဌရာထူးကနေ မောင်းထုတ်ကာ ထိုရာထူးကို လွှဲပြောင်းယူခဲ့တဲ့ အချိန်ကတည်းကနေ အခုချိန်ထိ ဟောက်ချီဟန်က ဟောက်ချန်ဟွမ်းကို ပြဿနာရှာဖို့ ကြိုးစားနေခဲ့တာ ဖြစ်သည်။ သို့သော် ဟောက်ချန်ဟွမ်းက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။

ကုမ္ပဏီထဲက မောင်းထုတ်ခံလိုက်ရတဲ့ အချိန်မှာ ဟောက်ချီဟန်မှာလည်း ထိုက်သင့်တဲ့ ပိုင်ဆိုင်မှုတွေတော့ ရှိပေမဲ့ သူက ကြီးကျယ်ခမ်းနားပြီး လူတွေရဲ့ မြှောက်ပင့်စကားတွေကို ခံစားရတဲ့ ဘဝကိုပဲ လိုချင်တာပါ။ အရူးတကာ့အရူးတွေထဲမှာ အဲ့ဒါက အဆိုးဝါးဆုံး ရူးသွပ်မှုပင်။

သူ ကုမ္ပဏီကို ပြန်ပြေးသွားပြီး ဟောက်ချန်ဟွမ်းဆီက အရာရာတိုင်းကို ပြန်ယူချင်ခဲ့သည်။ ဒါပေမဲ့ သူ့အတွက် အစောင့်ခွေးတွေထက် မပိုတဲ့ လုံခြုံရေးတွေက သူ့ကို အပြင်မှာပဲ ရပ်ခိုင်းခဲ့သည်။

သူ ဘယ်လောက်ပဲ ထိုးနှက်ကန်ကျောက်ပါစေ ၊ ကုမ္ပဏီအနားကို နည်းနည်းလေးတောင် မကပ်နိုင်။ လုံခြုံရေးတွေက ဒေါသထွက်သွားပြီး သူ့ကို မြေကြီးပေါ်ကိုတောင် တွန်းလှဲပစ်ခဲ့သည်။

ဘဝတစ်လျှောက်လုံး အပျော်အပါးလိုက်စားလာခဲ့တဲ့ ဟောက်ချီဟန်က အသက်လည်း မငယ်တော့ပါ။ ဒီထောင်ထောင်မောင်းမောင်း လုံခြုံရေးတွေကို သူက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူ ချက်ချင်းပဲ မြေကြီးပေါ်ကို လဲကျသွားခဲ့သည်။

ခန္ဓာကိုယ်နာကျင်မှုက ဒုတိယဖြစ်ကာ သူ့ကို ဝိုင်းကြည့်နေတဲ့ လူတွေရဲ့ အကြည့်ကို ဟောက်ချီဟန် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပေ။

ပိုးစိုးပက်စက် အရှက်ခွဲခံလိုက်ရသော ဟောက်ချီဟန်သည် အိမ်ကို ပြန်ရောက်တော့ မြင်,မြင်သမျှ ပစ္စည်းတိုင်းကို ရိုက်ခွဲမိသည်။ အဲ့ဒီလို လုပ်ပြီးတဲ့အထိ သူ့ဒေါသကို ဖြေဖျောက်ဖို့ မလုံလောက်သေးဘူးလို့ ခံစားနေရသေးကာ ဟောက်မိသားစုအိမ်တော်ကို ပြေးသွားပြီး ဟောက်ချန်ဟွမ်းကို ပြဿနာရှာချင်သည်။ သူ သွားတဲ့အချိန် စုယန်ယန်နှင့် တွေ့ရရင်တော့ အကောင်းဆုံးပဲ ဟူ၍ ယုတ်မာသော အကြံအစည်ကိုတောင် တွေးနေမိလေသည်။

821 02

သူ့မိန်းမ ကိုယ်ဝန်ပျက်ကျလို့ သူ့သားတောင် အဖတ်မတင်တော့တာကို ဟောက်ချန်ဟွမ်းရဲ့ သားက လူ့လောကထဲကို ရာရာစစ ဘာလို့ ရောက်လာမှာလဲ … ။ သူ့မှာ အခု ဘာမှ မကျန်တော့ပါ။ သူ သေရမယ် ဆိုရင်တောင် သူနှင့်အတူ လူတချို့ကိုပါ တစ်ပါတည်း ဆွဲချသွားချင်သည်။ စုယန်ယန်နှင့် သူ့ဗိုက်ထဲက ကလေးကို သူနှင့်အတူ ဆွဲချသွားပြီး ဟောက်ချန်ဟွမ်းတစ်ယောက်တည်း အဖော်မဲ့စွာ ကျန်ခဲ့ရင်တော့ အကောင်းဆုံးပဲ ဖြစ်သည်။

သို့သော် ထိုအတွေးက အိပ်မက်သာ ဖြစ်ပြီး ဟောက်ချီဟန်တစ်ယောက် ဟောက်အိမ်တော်ရဲ့ ခြံတံတိုင်းနားကိုတောင် မကပ်နိုင်ခဲ့ပါ။ သူ အိမ်ပြန်ရောက်တော့ ဒေါသတွေ ထပ်ထွက်နေခဲ့ပြီး သူ့ကို ကူညီပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာချင်သည်။ ဒါပေမဲ့ တစ်ချိန်တုန်းက သူ ခေါ်လိုက်တိုင်း အချိန်မရွေး ကူညီပေးဖို့ အဆင်သင့် ဖြစ်ခဲ့တဲ့ လူတွေ အကုန်လုံး သူ့ကို ရှောင်နေကြပြီ ဆိုတာကို သိလိုက်ရသည်။ ကူညီပေးဖို့ နေနေသာသာ ၊ ပြဿနာတွေကြားထဲမှာ သူ့ကို ချနင်းမသွားတာနှင့်တင် ကျေးဇူးတင်သင့်နေပါပြီ။

ဟောက်ချီဟန် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဆောက်တည်ရာမရ ဖြစ်နေစဉ်မှာ ဟောက်ရှောက်ဖုန်းက လူတချို့ကို ဦးဆောင်ကာ သူတို့ နေခဲ့တဲ့ အိမ်တော်ဟောင်းကို သွားပြီး ပိုက်ဆံတွေ ၊ လက်ဝတ်ရတနာတွေ အကုန်လုံးကို လုယူသွားတယ် ဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရသည်။

ဟောက်ရှောက်ဖုန်းရဲ့ လုပ်ရပ်က သူ့ဒဏ်ရာကို ဆားသိပ်လိုက်သလိုပဲ ဖြစ်သည်။

++++++

All Chapters