အခန်း ၈၂၂
Vol. 55 Ch. 822
822 01
အခန်း ( ၈၂၂ ) ဒဏ်ရာကို ဆားသိပ်ခြင်း။
ဟောက်ချီဟန်သည် ထိုသတင်းကို ကြားသောအခါ နေရာမှာပဲ ချက်ချင်း သတိလစ်သွားခဲ့သည်။
“ မွေးရကျိုးမနပ်တဲ့ သား ၊ မွေးရကျိုးမနပ်တဲ့ သား။ ”
သူ အိမ်ပြန်ရောက်တော့ ကြမ်းပြင်ပေါ်က ဖရိုဖရဲ အပျက်အဆီးတွေနှင့် ပြုတ်ပျက်ပွင့်ထွက်နေတဲ့ မီးခံသေတ္တာကို မြင်လျှင် ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။
“ ရဲကို ခေါ်။ ရဲကို အခုချက်ချင်း ခေါ်ပြီး သူ့ကို ဖမ်းခိုင်းလိုက်။ ငါ သူ့ကို ထောင်ထဲ ထည့်မယ်။ ”
“ အဲ့လို လုပ်လို့ ဘယ်ဖြစ်မလဲ။ ” အံ့ဩစရာကောင်းစွာဖြင့် ရွှယ်ပိုင်လီက ဟောက်ချီဟန်ကို ဖြောင်းဖြနေခဲ့သည်။
“ ကျွန်မတို့ကို အခု စောင့်ကြည့်နေတဲ့ မျက်လုံးတွေ ဘယ်လောက်တောင် ရှိလဲ ဆိုတာ အစ်ကိုဟန် သိလား။ သူတို့က ကျွန်မတို့ သွေးရူးသွေးတန်း ဖြစ်တာကို မြင်ချင်နေတာ။ ဒီသတင်းသာ ပျံ့သွားရင် ကျွန်မတို့ကို နောက်ကွယ်မှာ လှောင်ရယ်နေမယ့် လူတွေ ဘယ်လောက်တောင် များလိုက်မလဲ။ ပြီးတော့ ကျွန်မတို့ရဲ့ ပိုက်ဆံတွေ လုယူခံလိုက်ရတယ် ဆိုတာကိုသာ လူတွေ သိသွားရင် … ”
သူ့ကို အေးစက်စွာ စောင့်ကြည့်နေတဲ့ လူတွေက စော်စော်ကားကား ချိုးချိုးနှိမ်နှိမ် စကားတွေကိုတောင် ပြောလာလောက်သည်။ သူတို့က သူ့ကို မြေကြီးပေါ် တွန်းလှဲချပြီး တက်နင်းသွားဖို့ စောင့်နိုင်တော့မှာ မဟုတ်ပါ။
ဂုဏ်သိက္ခာနှင့် ပိုက်ဆံကြားမှာ ဟောက်ချီဟန်က ဂုဏ်သိက္ခာကိုပဲ ရွေးချယ်ခဲ့သည်။ ဒီကိစ္စကို သူ ဒီတိုင်း ငြိမ်ခံနေမှာ မဟုတ်တာက လွဲလို့ပေါ့ … ။
တစ်နေ့မှာ ဟောက်ရှောက်ဖုန်းကို ရအောင် ရှာပြီး ဒီကျေးဇူးမသိတတ်တဲ့ သားကို သတ်ပစ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုခဲ့သည်။
သူတို့က သွေးသားရင်း သားအဖတွေ ဖြစ်သော်လည်း တစ်ယောက်ကို တစ်ယောက် အသက်သေတဲ့အထိ တိုက်ခိုက်ချင်သော အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ တကယ့်ကို ကံကြမ္မာဆိုးပါပဲ။
သူ့ဘေးက လူတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားသလို ဟောက်ချီဟန်သည်လည်း ဒေါသထွက် ဝမ်းနည်းလာခဲ့သည်။ ထို့အတူ ရွှယ်ပိုင်လီကိုလည်း ပိုလို့တောင် ယုံကြည် ချစ်မြတ်နိုးလာခဲ့သည်။
“ ကိုယ့်မှာ အခု မင်းတစ်ယောက်ပဲ ရှိတော့တယ် ကလေး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကိုယ် အဲ့ခွေးသူတောင်းစား ဟောက်ချန်ဟွမ်းရဲ့ လှည့်ကွက်မှာ ယာယီ အငိုက်မိသွားတာ။ ကိုယ် ပြန်ခေါင်းထောင်နိုင်တဲ့ အချိန်ကျ ကိုယ်နဲ့ သက်ဆိုင်တဲ့ အရာတွေ အကုန်လုံးကို ချက်ချင်း ပြန်ယူမယ်။ အဲ့အချိန် ရောက်ရင် ကိုယ် မင်းကို ခမ်းခမ်းနားနား လက်ထပ်ယူပြီး တစ်မိုးအောက်တစ်ယောက် သခင်မဟောက် ဖြစ်အောင် လုပ်ပေးမယ်။ ”
ရွှယ်ပိုင်လီက ဟောက်ချီဟန်ကို နာခံစွာ ပွေ့ဖက်ထားရင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။ “ အဆင့်အတန်းတွေ ၊ နေရာတွေကို ကျွန်မ ဂရုမစိုက်ပါဘူး။ အစ်ကိုဟန်နဲ့သာ အခုလိုမျိုး အတူ ရှိနေနိုင်မယ် ဆိုရင် ညီမမှာ ဘာနေရာမှ မရှိရင်တောင် ၊ ညီမရဲ့ ခက်ခဲကြမ်းတမ်းမယ် ဆိုရင်တောင် ဆင်းရဲဒုက္ခတွေကို ကျေကျေနပ်နပ် ရင်ဆိုင်သွားချင်တယ်။ ”
“ ကျွတ် … ” ဟောက်ချီဟန်ရဲ့ နှလုံးသားထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရကာ ရွှယ်ပိုင်လီကို ပိုလို့တောင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။
ဟောက်ရှောက်ဖုန်းတို့ သားအမိနှစ်ယောက်ကို ဘယ်လို လက်စားချေပြီး သူ့ချစ်သူလေးကို ဘယ်လို ပြန်ပေးဆပ်ရမလဲ ဟူ၍ တွေးနေသော ဟောက်ချီဟန်သည် သူ့ရင်ခွင်ထဲက မျက်လွှာချထားသူရဲ့ မျက်လုံးထဲက အေးစက်မှုတွေ ၊ စိတ်ပျက်ရွံရှာမှုတွေကို သတိမထားမိခဲ့ပေ။
ဟောက်ရှောက်ဖုန်းရဲ့ ရိုက်ချက်က ပြင်းလွန်း၍ ဟောက်ချီဟန် စိတ်ထောင်းကိုယ်ကြေကာ အိပ်ရာထဲမှာ အချိန်တစ်ခုထိ လဲသွားခဲ့သည်။
822 02
ဟောက်ချီဟန် နည်းနည်းလေး သက်သာလာချိန်မှာတော့ စုယန်ယန်ရဲ့ ဗိုက်ထဲက ကလေးက မွေးပြီးခဲ့ပြီ ဖြစ်ကာ တစ်လပြည့်မွေးနေ့ကိုတောင် ကျင်းပနေပါပြီ။
ဟောက်ချီဟန် အမုန်းတရားများဖြင့် အံကြိတ်လိုက်သည်။ ပျော်ရွှင်စရာကောင်းတဲ့ ထိုမွေးနေ့ပွဲကို ဖျက်ဆီးဖို့ ပွဲထဲကို ဝင်နိုင်မယ့် မွေးနေ့ဖိတ်စာကို ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ သူနှင့် တစ်ချိန်တုန်းက ရင်းနှီးခဲ့တဲ့ စီးပွားရေးပါတနာတွေ အကုန်လုံးဟာ မျက်နှာတွေ ပြောင်းလဲသွားကြပြီ ဆိုတာကို သိလိုက်ရသည်။
ဖိတ်စာကို ရမယ့်အစား လှောင်ပြောင်သရော်ခံလိုက်ရတဲ့အတွက် ဒေါသတွေသာ အကြီးအကျယ် ထွက်ခဲ့ရသည်။
နောက်ဆုံးမှာတော့ ဖိတ်စာအတု လုပ်ပြီး ပွဲထဲကို ဝင်နိုင်ဖို့ ကြိုးစားရုံက လွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပါ။ ဒါပေမဲ့ သူ မဝင်ရသေးခင်မှာပဲ သူက ဟိုတယ်ရဲ့ နာမည်ပျက်စာရင်းထဲကို ရောက်နေပြီးသား ဆိုတာ သိလိုက်ရသည်။ သူ့လက်ထဲမှာ ရှိတဲ့ ဖိတ်စာက အတု ဆိုတာကို ထည့်ပြောနေစရာ မလိုတော့ပါ။ အစစ် ဆိုရင်တောင် သူ့ကို ဘယ်သူမှ ပေးဝင်မှာ မဟုတ်။
ဟောက်ချီဟန်သည် အမျက်ချောင်းချောင်းထွက်သွားပြီး ဟိုတယ်ဝန်ထမ်းတွေနှင့် ထိုနေရာမှာပဲ ရန်ဖြစ်မိတော့မလိုတောင် ဖြစ်သွားခဲ့ရသည်။ ဇာတ်လမ်းအဆုံးမှာတော့ သူပဲ “ ယဉ်ယဉ်ကျေးကျေး ” မောင်းထုတ်ခံခဲ့ရပါသည်။
ကံကြမ္မာရဲ့ ထိုးနှက်ချက်တွေကို အဆက်မပြတ် တွေ့ကြုံခံစားရပြီးနောက်မှာ နှစ်လ ၊ သုံးလအတွင်း ကမ္ဘာကြီးရဲ့ အေးစက်မှုနှင့် နွေးထွေးမှုကို တစ်လှည့်စီ ခံစားခဲ့ရသော ဟောက်ချီဟန်သည် သူ့ကိုယ်သူ လမ်းပေါ်က ကြွက်တွေထက်တောင် ဆိုးဝါးတဲ့ လမ်းဘေးခွေး တစ်ကောင်လို ဘဝမျိုးမှာ နေထိုင်နေသည်ဟု ခံစားလာခဲ့ရသည်။
သူ့ကို အခုလို ဖြစ်အောင် လုပ်ခဲ့သူကတော့ အထပ်မြင့်အဆောက်အအုံကြီးထဲမှာ ဇိမ်ကျကျ ထိုင်ရင်း ငွေကြေးနှင့် အာဏာက ယူဆောင်လာပေးတဲ့ အကျိုးအမြတ်မျိုးစုံကို ပျော်ပျော်ကြီး ခံစားနေလောက်သည်။
+++++++