အခန်း ၈၂၄
Vol. 55 Ch. 824
824 01
အခန်း ( ၈၂၄ ) မင်းတောင် မကြောက်ရင် ငါကလည်း ဘာကို ကြောက်ရမှာလဲ။
ထိုအချိန်မှာ ဟောက်ချီဟန်ကတော့ သူ့ရဲ့ မွေးရကျိုးမနပ်တဲ့ သားဟာ သူ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ သူ့လည်ပင်းကို ဟောက်ချန်ဟွမ်းဆီမှာ ဇက်စင်းပေးလိုက်ပြီ ဆိုတာ မသိပေ။ ဟောက်ချန်ဟွမ်းက လက်ကို အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် သူ့လည်မျိုကို လိမ်ချိုးပြီး ငရဲပို့ဖို့ လုံလောက်သည်။
ဟောက်ချီဟန်က ကုမ္ပဏီအပြင်ဘက် နေရောင်အောက်မှာ သတင်းထောက်တွေကို အဆင်သင့် ရပ်စောင့်ခိုင်းထားရင်း စိတ်ထဲမှာတော့ သူတို့ ဒီနေ့လည်း လက်ဗလာနှင့် ပြန်သွားရလိမ့်ဦးမည်ဟု တွေးနေမိသည်။
သတင်းထောက်တွေက နေရောင်အောက်မှာ သူနှင့်အတူ အကြာကြီး ရပ်စောင့်နေရတဲ့အတွက် စိတ်ပျက်ဒေါသထွက်လာပြီး ဟောက်ချန်ဟွမ်းကို သေချာပေါက် အပြစ်တင် ဝေဖန်ကြလိမ့်မည်။
သို့သော်လည်း လူတွေဆီမှာ ဟောက်ချန်ဟွမ်း ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခံရမယ့် အခြေအနေဆိုးအကြောင်း သူ တွေးလို့ မဆုံးသေးခင်မှာပဲ ရောက်လာမှာ မဟုတ်ဘူးလို့ သူ ထင်ထားသူက သူတို့မျက်စိရှေ့မှာပဲ အောက်ထပ်ကို ဆင်းလာခဲ့လေသည်။
ဟောက်ချီဟန်ကို ဝန်းရံထားတဲ့ သတင်းထောက်တွေက အသားနံ့ကို အနံ့ခံမိတဲ့ တောရိုင်းသတ္တဝါတွေကဲ့သို့ပင် အရှေ့ကို အုပ်လိုက်ကြီး ချီတက်လာပြီး ဟောက်ချန်ဟွမ်းရဲ့ မျက်နှာနား မိုက်ခရိုဖုန်းတွေကို ကပ်ဖို့ ကြိုးစားခဲ့ကြသည်။
တံခါးဝက လုံခြုံရေးအစောင့်တွေက သဘာဝကျစွာပင် သူတို့ကို အဲ့ဒီလို လုပ်ခွင့်မပေးဘဲ သတင်းထောက်တွေ ဟောက်ချန်ဟွမ်းအနားကို မကပ်နိုင်သေးခင်ကတည်းက ဟောက်ချန်ဟွမ်းကို လူသားနံရံသဖွယ် ဝိုင်းကာပေးပြီး သူ့ကို သတင်းထောက်တွေနှင့် ခွဲထားလိုက်သည်။
ဟောက်ချီဟန်က နောက်ဆုံးမှ သတိဝင်လာကာ အမြန် ရှေ့တိုးပြီး အော်ပြောလိုက်သည်။ “ ဟောက်ချန်ဟွမ်း … အဖေနဲ့ အမေ မင်းကို လာရှာမှာကို မင်း ကြောက်နေတာ မဟုတ်လား။ ”
သူ့မိဘတွေကို ထည့်ပြောတာကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ အမူအရာက မည်းမှောင်သွားသည်။ သူ လှောင်ပြုံး ပြုံးလိုက်၏။ “ မင်းတောင် မကြောက်ရင် ငါကလည်း ဘာကို ကြောက်ရမှာလဲ။ ”
ဘေးက သတင်းထောက်တွေက ထိုစကားကို ကြားသောအခါ ချက်ချင်းပဲ စိတ်ဝင်စားသွားခဲ့ကြပြီး လူချမ်းသာမိသားစုရဲ့ အတွင်းရေးကိစ္စတွေကို သူတို့ ကလော်ထုတ်မိသလို ခံစားလိုက်ရပါသည်။ ထိုစကားကို လူထုကြားမှာ ပွက်လောရိုက်စေမယ့် သတင်းတစ်ပုဒ် ဖြစ်အောင် မိနစ်ပိုင်းအတွင်း ပြောင်းလဲဖန်တီးလို့ ရသည်။
ဟောက်ချီဟန်က ဟောက်ချန်ဟွမ်းအား ထိုစကားကို ပြောလိမ့်မည်ဟု မျှော်လင့်မထားတာမို့ မျက်လုံးတွေ ပြူးကျယ်သွားလျက် အချိန်အတော်ကြာ ကြက်သေ သေနေခဲ့မိသည်။
ဟောက်ချန်ဟွမ်းအနားကို ကပ်လို့ မရဘူး ဆိုတာကို နားလည်သွားတဲ့ သတင်းထောက်တွေက အနေအထားပြောင်းပြီး သူ့ကို ဝန်းရံလိုက်ကြသည်။
အဲ့ဒီတော့မှပဲ ဟောက်ချီဟန်က အသိစိတ်ပြန်ဝင်လာကာ အံကြိတ်၍ ပြောလိုက်သည်။ “ ဘာကို ကြောက်ရမှာလဲ။ အဖေက သူ့ဆန္ဒကို သေတမ်းစာထဲမှာ ရေးထားခဲ့တယ်။ သူက ဟောက်ကော်ပိုရေးရှင်းကို ငါ့ဆီ လွှဲပေးခဲ့တာ။ အဲ့အချိန်မှာ မင်းခြေထောက်တွေက မသန်စွမ်း ဖြစ်နေတာလေ။ ငါက ငါတို့ရဲ့ ညီအစ်ကိုဆက်ဆံရေးကို အလေးထားလို့ မင်းကို သနားခဲ့တယ် ၊ အဲ့ဒါကြောင့် မင်းကို အမြဲတမ်း ကူညီအားပေးခဲ့တယ်။ မင်းခြေထောက်တွေ ပြန်ကောင်းသွားတာနဲ့ မင်းက အဖေ ငါ့အတွက် ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာကို လုယူပြီး ငါ့ကိုပါ မောင်းထုတ်ပစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ”
ဟောက်ချီဟန်ရဲ့ စကားတွေက ကြေကွဲဆို့နင့်ဖွယ်အတိ။ သူက ကြင်နာတတ်တဲ့ စိတ်ကြောင့် ဒုက္ခရောက်နေသော နစ်နာသူတစ်ယောက်လို သရုပ်ဆောင်ရင်း တစ်ချိန်တည်းမှာပဲ ဟောက်ချန်ဟွမ်းကို အပြစ်တင်ကာ သူ့ကြင်နာမှုကို ကျေးဇူးကန်းမှုဖြင့် တုံ့ပြန်ခဲ့သူဟု မျက်နှာပြောင်တိုက်စွာ ပြောဆိုခဲ့လေသည်။
ကျိုးယန်ပိုင်က ဘေးကနေ နားထောင်ရင်း ဒေါသတွေ တဖွားဖွား ထွက်လာခဲ့ရသည်။ ‘ မင်းကို သနားလို့ အမြဲတမ်း ကူညီအားပေးခဲ့တယ် ’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သူ မှတ်တောင် မမှတ်မိနိုင်လောက်အောင်ပါပဲ။
ဟောက်ချီဟန်လို လူယုတ်မာကောင်အတွက်တော့ သူ့သခင်လေးရဲ့ ခြေထောက်တွေကို ပိုဆိုးသွားအောင် တိတ်တဆိတ် မလုပ်ကြံတာနှင့်တင် ကျေးဇူးတင်စရာကောင်းနေပြီ။ သူ့လို လူမျိုးက သခင်လေးရဲ့ ခြေထောက်တွေကို ဆေးကုသမှုခံယူအောင် အားပေးတိုက်တွန်းမှာတဲ့လား။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ။
ကျိုးယန်ပိုင်ရဲ့ ဒေါသနှင့် ဆန့်ကျင်စွာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာကတော့ မပြောင်းမလဲ။ သူက တခြားလူတစ်ယောက် ပြောတဲ့ စကားကို နားထောင်နေသကဲ့သို့ အလွန် တည်ငြိမ်နေခဲ့သည်။
ဟောက်ချီဟန်ရဲ့ စကားဆုံးသည်နှင့် ဟောက်ချန်ဟွမ်းကို နာမည်တချို့ကို ရွတ်ပြလိုက်၏။
824 02
“ စုန့်ကန်းရီ ၊ ကျန်းဟယ်အိုက် ၊ နျဉ်မင်ကျစ် … ” ဟောက်ချန်ဟွမ်းက နာမည် ဆယ်ခုကျော်ကို တစ်မိနစ်တောင် မကြာလိုက်ဘဲ ဆက်တိုက် ရွတ်ပြလိုက်သည်။
ဟောက်ချန်ဟွမ်းကို ဝန်းရံထားတဲ့ သတင်းထောက်တွေက သူ ထိုနာမည်တွေကို ရုတ်တရက်ကြီး ဘာလို့ ရွတ်ပြနေတာလဲ ဆိုတာ နားမလည်သော်လည်း ဟောက်ချီဟန်ကတော့ ချက်ချင်းပဲ ဆွံ့အသွားသည်။ ပထမနာမည်ကို ကြားလိုက်ကတည်းက သူ့အမူအရာက အေးခဲသွားခဲ့ပြီး နောက်ထပ် နာမည်တွေကို ဆက်ကြားလေ သူ့မျက်နှာက ဖြူဆုတ်လာလေပင်။
အဆုံးသတ်မှာတော့ ဟောက်ချီဟန်ရဲ့ မျက်နှာက စာရွက် တစ်ရွက်လို ဖြူဖတ်ဖြူရော် ဖြစ်နေခဲ့ပြီး မျက်လုံးတွေကလည်း ပြူးကျယ်နေခဲ့သည်။ ဟောက်ချန်ဟွမ်းကို မယုံကြည်နိုင်စွာ ကြည့်နေတဲ့ သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့တုန်လှုပ်မှုတွေနှင့် မျှော်လင့်ချက်အမျှင်လေးကို ဖမ်းဆုပ်ထားသည်။
ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားပြီး ဟောက်ချန်ဟွမ်းရဲ့ နောက်ဆုံး မျှော်လင့်ချက်အမျှင်လေးကို ဖြတ်ပစ်လိုက်သည်။ “ အဲ့နာမည်တွေက ကုမ္ပဏီကနေ ဒီနေ့ ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်းတွေပဲ။ မင်း သူတို့နဲ့ တော်တော်လေး ရင်းနှီးတယ် မဟုတ်လား။ ”
+++++++