အခန်း ၈၂၅
Vol. 55 Ch. 825
825 01
အခန်း ( ၈၂၅ ) ဒူးထောက်ဦးညွှတ်ခြင်း။
ဟောက်ချီဟန်က ဟောက်ကော်ပိုရေးရှင်းမှာ ဆယ်နှစ်ကျော် ဥက္ကဌလုပ်လာခဲ့တာ ဖြစ်သည်။ တုန်လှုပ်နေမှုကို အမြန် ထိန်းချုပ်၍ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ဟောက်ချီဟန် ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။ “ မင်း ဘာလုပ်ချင်နေတာလဲ။ အဲ့လူတွေက ကုမ္ပဏီမှာ လုပ်သက်အကြာဆုံး ဝန်ထမ်းဟောင်းတွေပဲ။ သူတို့က ဘာမှ အကူအညီမဖြစ်တော့ဘူး ဆိုရင်တောင် တစ်ချိန်တုန်းကတော့ ဟောက်ကော်ပိုရေးရှင်းအတွက် အလုပ်ကြိုးစားခဲ့ကြတဲ့ လူတွေပါ။ မင်းက ငါ့ကို မောင်းထုတ်ရုံတင် မဟုတ်ဘူး ၊ ဟောက်ကော်ပိုရေးရှင်းအတွက် အပင်ပန်းခံပေးခဲ့တဲ့ ဝန်ထမ်းဟောင်းတွေကိုပါ မောင်းထုတ်ချင်နေတာလား။ ကုမ္ပဏီထဲက လူတွေ စိတ်ပျက်သွားမှာကို မင်း မစိုးရိမ်ဘူးလား။ ”
“ စိတ်ပျက်သွားမှာ … ဟုတ်လား။ သူတို့တောင် သူတို့ရဲ့ လုပ်ရပ်က ကုမ္ပဏီက ဝန်ထမ်းတွေကို စိတ်ပျက်စေမှာ မစိုးရိမ်တောင် ငါက သူတို့အတွက် ဘာကို လိုက်စိုးရိမ်ပေးနေရမှာလဲ။ ”
ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ရင်း ထိုစကားကို ပြောလိုက်တာ ဖြစ်သည်။ သူ့အကြည့်က သူ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားပြီး သူ့နှလုံးသားထဲက လောဘကြီးကာ မသန့်စင်တဲ့ အတွေးတွေ အကုန်လုံးကို ဖယ်ရှားပစ်နိုင်သကဲ့ပင် အေးစက်စူးရှနေသည်။
“ သူတို့က တကယ်လည်း ကုမ္ပဏီအတွက် အလုပ်ကြိုးစားပေးခဲ့ကြတဲ့ ဝန်ထမ်းဟောင်းတွေပါ။ သူတို့သာ အနေအထိုင်ဆင်ခြင်ပြီး လုံ့လဝီရိယရှိရှိ အလုပ်,လုပ်ရင် ငါကလည်း သူတို့ကို ထိမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ရာထူးကို အသုံးချပြီး တရားမဝင်တဲ့ လုပ်ရပ်ကို မလုပ်ခဲ့သင့်တာလေးပဲ။ ”
ဟောက်ချီဟန်ရဲ့ အမူအရာက လုံးဝ ပြောင်းလဲသွားသည်။ သူ အရှေ့ကို တက်ချင်၍ သူ့ဘေးက သတင်းထောက်တွေကို တွန်းဖယ်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။
ဟောက်ချန်ဟွမ်းက သူ့ရှေ့က လူတွေကို အကြည့်တစ်ချက် ပေးလိုက်တော့ မူလတုန်းက တိုးမပေါက်အောင် ပြည့်ကျပ်နေခဲ့တဲ့ လူသားတံတိုင်းကြားမှာ ဟောက်ချီဟန်ရဲ့ တစ်ကိုယ်စာ သွားသာရုံ လမ်းကျဉ်းကျဉ်းလေး ဖြစ်ပေါ်လာသည်။
ဟောက်ချီဟန်နောက်က သတင်းထောက်တွေက ရုတ်တရက်ပဲ နိုးနိုးကြားကြား ဖြစ်လာပြီး ထိုလမ်းကျဉ်းကျဉ်းလေးကို ထိုးဖောက်ပြီး ဟောက်ချန်ဟွမ်းရှေ့ကို ပြေးဝင်ချင်၍ ပြေးလာခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သူတို့က လုံခြုံရေးအစောင့်တွေလောက် မမြန်ဘဲ အပြင်မှာ နောက်တစ်ကြိမ် တားဆီးခံလိုက်ရပြန်၏။ သတင်းထောက် တချို့ ဆိုလျှင် ဒေါသထွက်လွန်း၍ လုံခြုံရေးတွေကို ကျိန်ဆဲချင်နေခဲ့ကြသည်။
ခြေလှမ်းတွေ ရပ်တန့်သွားပေမဲ့ သူတို့ရဲ့ ပါးစပ်တွေကိုတော့ အလွယ်တကူ မရပ်တန့်နိုင်။
“ ဥက္ကဌဟောက် … ခင်ဗျားက ကုမ္ပဏီထဲက အတွင်းလူတစ်ယောက်နဲ့ ပူးပေါင်းပြီး ခင်ဗျားအစ်ကို,ကို ဟောက်ကော်ပိုရေးရှင်းထဲက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ လူကြီးမင်းဟောက်ရဲ့ စကားကို ဖြေရှင်းချင်တာတွေ ရှိပါသလား။ ”
“ သေတမ်းစာအကြောင်း လူကြီးမင်းဟောက် ပြောတာက အမှန်ပဲလား ဥက္ကဌဟောက်။ သခင်ကြီးဟောက်က သေတမ်းစာထဲမှာ ဟောက်ကော်ပိုရေးရှင်းကို လူကြီးမင်းဟောက်ဆီ တကယ် လွှဲပေးခဲ့တာလား။ အဲ့ဒါကြောင့် ဥက္ကဌဟောက်က သခင်ကြီးဟောက်ရဲ့ သေတမ်းစာကို မကျေနပ်လို့ ဟောက်ကော်ပိုရေးရှင်းကို အစ်ကိုလက်ထဲက ပြန်လုယူခဲ့တာလား။ ”
“ တရားဥပဒေကို ချိုးဖောက်တယ် ဆိုတဲ့ စကားက ဘာကို ပြောချင်တာပါလဲ ဥက္ကဌဟောက်။ အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းဟောင်းတွေက တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ် တစ်ခုခု လုပ်ခဲ့တာလား။ ဥက္ကဌဟောက်ကရော သူတို့ကို အဲ့လုပ်ရပ်တွေအတွက် တာဝန်ယူခိုင်းမှာလား။ ”
“ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ မေးခွန်းကို ဖြေကြားပေးပါ ဥက္ကဌဟောက်။ ”
825 02
“ ဥက္ကဌဟောက် … ”
သတင်းထောက်တွေက မေးခွန်းတွေကို တစ်ခုပြီး တစ်ခု တရစပ် မေးနေခဲ့ကြသည်။ ဟောက်ချန်ဟွမ်း ဘယ်မေးခွန်းကိုပဲဖြေဖြေ ‘ လူချမ်းသာမိသားစုကြားက အတွင်းရေးပဋိပက္ခ ’ ဆိုပြီး သတင်းဖွဖို့ လုံလောက်သည်။
သို့သော်လည်း သူက စကားတစ်ခွန်းမှ ပြန်မဖြေခဲ့တဲ့အပြင် သူ့ရှေ့ကို ပြေးလာပြီး သူ့အင်္ကျီကော်လံကို ဆွဲဆုပ်ဖို့ ကြိုးစားနေတဲ့ ဟောက်ချီဟန်ကို အေးစက်စက် ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ သူ့ခြေထောက်ရှည်ရှည်တွေကို အရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူက လူတံတိုင်းကြီးရဲ့ အကွယ်မှာ ဟောက်ချီဟန်ရဲ့ ဒူးကို ဖြတ်ကန်ပစ်လိုက်လျှင် ဟောက်ချီဟန်က ချက်ချင်း ဟန်ချက်ပျက်ပြီး သူ့ရှေ့မှာ ဒူးထောက်လဲကျသွားလေသည်။
ကျိုးယန်ပိုင်သည် ထိုမြင်ကွင်းကို ကြည့်ကာ ပျော်ရွှင်သွား၍ လေတောင်ချွန်လိုက်မိသည်။ “ အိုက်ယား ၊ ပြီးခဲ့တာတွေ ပြီးပါစေတော့။ ခင်ဗျားက ရုတ်တရက်ကြီး ဘာလို့ ဦးညွှတ်လိုက်တာလဲ။ မြန်မြန်ထ မြန်မြန်ထ။ ခင်ဗျားက တော်တော်လေး အိုနေပြီ။ ဒါ သခင်လေးကို အသက်တိုအောင် လုပ်နေတာလား။ ”
ကျိုးယန်ပိုင်က ထိုသို့သာ ပြောလိုက်သော်လည်း ဟောက်ချီဟန်ကို သွားကူဖို့တော့ စိတ်ကူးမရှိပေ။ အစကနေ အဆုံးထိ ဘေးမှာပဲ တစ်ချိန်လုံး အေးစက်စွာ ထိုင်ကြည့်ရင်း အားရဝမ်းသာပင် ဖြစ်နေခဲ့သေးသည်။
“ မင်း … ” ဟောက်ချီဟန်က ဒေါသပေါက်ကွဲတော့မလို ဖြစ်သွားကာ နေရာမှ ထဖို့ လုပ်လိုက်ပေမဲ့ ဟောက်ချန်ဟွမ်းက သူ့ပခုံးကို ဖိချပြီး သူ့ကို ဒူးထောက်ထားတဲ့ အနေအထားအတိုင်း မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားခဲ့သည်။
“ ငါ ဒီသတင်းကို ဘယ်က ရလာလဲ ဆိုတာ မင်း သိလား။ ”
++++++