← Chapters

အခန်း ၈၂၆

Vol. 56 Ch. 826

အခန်း ၈၂၆

Vol. 56 Ch. 826

826 01

အခန်း ( ၈၂၆ ) သားအဖရန်ပွဲ။

ဟောက်ချီဟန်သည် တုန်လှုပ်သွားကာ သူ့မျက်နှာအမူအရာက ခဏတာ ဗလာနတ္ထိဖြစ်သွားခဲ့သည်။

ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို သူ နားလည်တာမို့ စိတ်ထဲကနေ ဟောက်ချန်ဟွမ်းဆီမှာ အရေးကြီးတဲ့ သက်သေတွေ မရှိလောက်ပါဘူးဟု ကိုယ့်ကိုယ်ကိုယ် အားပေးနေမိသည်။ မဟုတ်ရင် သူ ဒီအချိန်ထိ ဘာမှ မလုပ်ဘဲ ငြိမ်နေမှာ မဟုတ်ပါ။

ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း ကြောက်ရွံ့တုန်လှုပ်နေသည့် ခံစားချက်ကို ရပ်တန့်မရ။ တကယ်လို့ ဟောက်ချန်ဟွမ်းမှာ သက်သေတွေ ရှိနေခဲ့ရင် ဘယ်လို လုပ်မလဲ … ။

ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်ရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုကို မြင်သွားကာ ထေ့ငေါ့မှု ၊ ခြိမ်းခြောက်မှုတို့နှင့် လှောင်ပြုံး ပြုံးလိုက်၏။ “ မင်းရဲ့ သားလိမ္မာလေးကိုပဲ ပြန်မေးကြည့်လိုက်ဦး။ ”

ဟောက်ချီဟန်ရဲ့ အမူအရာပြောင်းလဲသွားကာ “ မဖြစ်နိုင်ဘူး။ ” ဟု ကြိမ်းမောင်းလိုက်သည်။

ဟောက်ချန်ဟွမ်းက သူ့ကို သနားသလို စိုက်ကြည့်လိုက်သည်။ “ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ သူ မင်းကို သစ္စာမဖောက်ဘူးလို့ ထင်နေတာလား ၊ ဒါမှမဟုတ် သူ့မှာ မင်း အသည်းအသန် ဖုံးကွယ်နေတဲ့ အရာကို ရအောင် ယူနိုင်တဲ့ အရည်အချင်းမရှိဘူးလို့ ထင်နေတာလား။ ”

ဟောက်ချီဟန်ရဲ့ မျက်နှာက ဖြူရော်သွားသော်လည်း သူ ဟောက်ချန်ဟွမ်းကို ဘာမှ ပြန်လည် မချေပနိုင်ပေ။ ဟောက်ရှောက်ဖုန်းက လူတွေကို ခေါ်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို လုယူထွက်ပြေးသွားခဲ့ပြီမို့ သူ့ကို သစ္စာမဖောက်ပါဘူးလို့ ပြောလို့ မရ‌ပါ။

သူ့မှာ အရည်အချင်းရှိလား ၊ မရှိဘူးလား ဆိုတာကတော့ …

ဟောက်ချီဟန်ရဲ့ အမြင်အရ ဟောက်ရှောက်ဖုန်းမှာ ထိုအရည်အချင်းမျိုး ရှိဖို့ လုံးဝ မဖြစ်နိုင်သော်လည်း အဓိက အချက်က သူတို့သားအဖနှစ်ယောက် အခုလို ခွာမပြဲခင်တုန်းက ဟောက်ချီဟန်သည်လည်း သူ့သားကို အလေးအနက် သဘောထားခဲ့လို့ပင်။

ထိုအချက်ကြောင့်ပဲ ဟောက်ချီဟန်က ထိုအချိန်တုန်းက ဟောက်ရှောက်ဖုန်းရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ မပြင်ဆင်ထားခဲ့တာ ဖြစ်သည်။ ထိုအချက်အလက်တွေကို ဟောက်ရှောက်ဖုန်း ရသွားတာ အံ့ဩစရာမရှိပါ။

ဟောက်ချီဟန်သည် အခြေအနေကို နားလည်သွားသောအခါ ဒေါသထွက်လွန်း၍ အသားတွေပင် တဆတ်ဆတ် တုန်လာမိသည်။ သူ့ဘဝမှာ ဝက်သားကင်ထက်တောင် ဆိုးဝါးတဲ့ ‌ဟောက်ရှောက်ဖုန်းလို သားမျိုးကို မွေးမိလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးပါ။

ဟောက်ချန်ဟွမ်းက သူ ပြောချင်တဲ့ စကားတွေကို ပြောပြီးသွားပြီမို့ ဒီလူတွေဆီမှာ ဆက်အချိန်ကုန်ခံမနေတော့ဘဲ လုံခြုံရေးအစောင့်တစ်ယောက်ကို ဟောက်ချီဟန်အား မောင်းထုတ်ခိုင်းကာ ကုမ္ပဏီထဲ ချာခနဲ လှည့်ဝင်လာခဲ့လိုက်သည်။

“ သူတို့ကို အချင်းချင်း … ပြန်သတ်စေချင်လို့ သခင်လေး ဒီလို ပြောလိုက်တာလား။ ”

“ သူတို့သားအဖနှစ်ယောက်က အစကတည်းက တစ်ယောက်ကို တစ်ယောက် မုန်းတီးနေကြတာ မဟုတ်ဘူးလား။ ”

ဟောက်ချီဟန်ရဲ့ အိမ်ကို ဟောက်ရှောက်ဖုန်း သူ့လူတွေကို ခေါ်လာပြီး လုယက်သွားတဲ့ အချိန်ကတည်းက ၊ ဒါမှမဟုတ် ထို့ထက်တောင် ပိုစောနိုင်တဲ့ အချိန်ကတည်းက ထိုသားအဖနှစ်ယောက်မှာ ပြန်လည်သင့်မြတ်နိုင်ချေ လုံးဝ မရှိတော့ပေ။

သူက အခု မီးပုံထဲကို လောင်စာထပ်ထည့်ပြီး ဒီသားအဖရန်ပွဲကို ပိုစိတ်လှုပ်ရှားစရာကောင်းအောင် လုပ်လိုက်ရုံပါပဲ။

ဟောက်ချန်ဟွမ်းရဲ့ ဟာသပြဇာတ် ပြီးဆုံးသွားပြီး သိပ်မကြာခင်မှာပဲ အချိန်ရှိခိုက် လုံ့လစိုက်နေတဲ့ ထိုသတင်းထောက်တွေ ရေးထားတဲ့ ထူးထူးဆန်းဆန်း သတင်း ခုနှစ်ပုဒ် ၊ ရှစ်ပုဒ်လောက် ထွက်လာခဲ့သည်။

စုယန်ယန်သည် လင်းရှောင်ချီး လှမ်းပို့ပေးတဲ့ သတင်း Page ကို လက်ခံရရှိချိန်မှာ ကုမ္ပဏီက ဝန်ထမ်းအပြောင်းအရွေ့တွေကို စီစဉ်ရင်း အလုပ်ရှုပ်နေခဲ့တာ ဖြစ်သည်။ ထိုသတင်း ရုတ်တရက် တက်လာတာကို မြင်တော့ ချက်ချင်း နှိပ်မကြည့်ဘဲ သတင်းခေါင်းစဉ်ကို အရင်ဆုံး ဖတ်ကြည့်လိုက်လျှင် “ တစ်ယောက်ကို တစ်ယောက် မုန်းတီးနေတဲ့ ဟောက်ညီအစ်ကို။ ” ဟူသော စကားလုံးတွေကို မြင်လိုက်ရလေသည်။

ဟောက်ညီအစ်ကို … ။ အဲ့ဒါ သူမရဲ့ ယောက်ျားကို ပြောနေတာလား။

စုယန်ယန်သည် ထိုသတင်းကို နှိပ်ကြည့်လိုက်တော့ အမှန်တကယ်ပဲ သူမယောက်ျားအကြောင်း သတင်း ဖြစ်နေပါသည်။

826 02

ဒီသတင်းကို ရေးတဲ့ သတင်းထောက်က အကြီးတန်း တည်းဖြတ်ဆရာ ဆိုတာ သိသာစွာပင် စကားလုံးရွေးချယ်မှုကို ကျွမ်းကျင်ပိုင်နိုင်ကာ မျက်စိထဲမှာ ထင်ထင်ရှားရှား ပုံပေါ်လာအောင် သတင်းရေးသားထားခဲ့သည်။

သတင်းအောက်ဆုံးမှာ Live ဗီဒီယိုလေး တစ်ပုဒ်ကိုလည်း တစ်ဆက်တည်း တွဲထားသည်။ ဗီဒီယိုအရည်အသွေးကတော့ အရမ်းကြီး မကောင်းတာမို့ အဝေးက ရိုက်ထားတာပဲ ဖြစ်လိမ့်မည်။ လူပုံရိပ်တွေကိုသာ ဝေဝေဝါးဝါး မြင်နေရ‌ပေမဲ့ သူတို့ ပြောနေတဲ့ တင်းမာသော စကားသံတွေကိုတော့ သေချာ ကြားနိုင်သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို မေးလိုက်တဲ့ ဟောက်ချီဟန်ရဲ့ မေးခွန်းတွေကို ကြားချိန်မှာ ဒေါသကြောင့် စားပွဲကို ဘုံးခနဲ ရိုက်ပြီး နေရာမှ ထမိတော့မလိုတောင် ဖြစ်သွားသည်။ ချက်ချင်းပဲ ဟောက်ကော်ပိုရေးရှင်းကို ပြေးသွားပြီး ဟောက်ချီဟန်ကို တစ်စစီ ဆွဲဖြဲပစ်ချင်မိသည်။

ထို့နောက် သူမယောက်ျားရဲ့ တန်ပြန်စကားတွေကို ဆက်တိုက် ဆိုသလို ကြားလိုက်ရသည်။ ထိုနေရာမှာ ရှိနေခဲ့တဲ့ လူတွေလိုပင် စုယန်ယန်လည်း ဟောက်ချန်ဟွမ်း ရွတ်ပြတဲ့ နာမည်တွေကို သေချာ မသိပေမဲ့ ထိုလူတွေက ဟောက်ချန်ဟွမ်းကို ဟောက်ရှောက်ဖုန်း ပေးသွားတဲ့ သက်သေ တစ်စိတ်တစ်ပိုင်း ဆိုတာ အကြမ်းဖျင်း ခန့်မှန်းကြည့်လို့ ရသည်။

ထို့အပြင် ဟောက်ချီဟန်ရဲ့ တုံ့ပြန်မှုကလည်း သူမ၏ ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့သည်။

++++++

All Chapters