← Chapters

အခန်း ၈၃၀

Vol. 56 Ch. 830

အခန်း ၈၃၀

Vol. 56 Ch. 830

830 01

အခန်း ( ၈၃၀ ) - မွှေကြော်

ရာသီဥတုက အခုတလော အများကြီး ပြောင်းလဲသွားကာ နေ့အချိန်နှင့် ညအချိန်ကြားက အပူချိန်ကွာဟမှုဟာလည်း ( ၁၀ ) ဒီဂရီနီးပါး ရှိသည်။ အအေးမိတတ်တဲ့ ရာသီဥတုမျိုး ဖြစ်၍ လက်လွတ်ပစယ် နေတတ်တဲ့ လူကြီးတွေတောင် အလွယ်တကူ အအေးမိနိုင်လေရာ ခန္ဓာကိုယ်အားနည်းတဲ့ ကလေးတွေ ဆိုရင် ပြောဖွယ်ရာ မရှိတော့။

စုယန်ယန်ရဲ့ စကား‌ဆုံးသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက အမေတွေ အများကြီးရဲ့ ထောက်ခံချက်ကို ချက်ချင်း ရရှိခဲ့သည်။

[ ဟုတ်တယ် ဟုတ်တယ်။ ငါ့ကလေးလည်း လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အအေးမိထားတာ။ သူ့မှာ အအေးမိပြီး အဖျားတွေ တက်နေတာ ၊ နှာတွေလည်း စေးတယ်။ ရက်ပိုင်းလောက်နဲ့ကို ဝိတ်ကျသွားတယ်။ အရမ်း ပျော့တဲ့ ဆေးတွေနဲ့ကျတော့လည်း အဖျားပျောက်ဖို့ မလွယ်ဘူး ၊ ဆေးပြင်းတွေ အများကြီး တိုက်တော့လည်း ကလေးရဲ့ ကျန်းမာရေးအတွက် အဆင်မပြေပြန်ဘူး။ သူ အအေးမိပြီးတဲ့နောက်ပိုင်း အိပ်ရာထဲမှာပဲ လှဲနေရတာ။ မိဘတွေဖြစ်တဲ့ ငါတို့အတွက် စစ်တိုက်နေရသလို ခံစားရတယ်။ ]

[ ငါ့ကလေးလည်း အတူတူပဲ။ ခါတိုင်းဆို မျောက်ရှုံးအောင် ဆော့တဲ့ ကလေးက အအေးမိတာနဲ့ ကြောင်ပေါက်လေးလို အရမ်း အားနည်းသွားတာ။ အရင်တုန်းက သူ လျှောက်ဆော့ပြီး ပြဿနာရှာတိုင်း ငါ သူ့ကို ချီပြီး ဖင်ကို ရိုက်လိုက်တာပဲ။ အခု သူ ဘာပြဿနာမှ မရှာဘဲ ငြိမ်နေတော့ ငါ့နှလုံးသားထဲမှာ တစ်ခုခု လစ်ဟာပြီး ဝမ်းနည်းနေမိတယ်။ ]

အမေတွေက ဖန်သားပြင်ပေါ်မှာ သူတို့ကလေးတွေအကြောင်း မျှဝေရင်း အလုပ်ရှုပ်နေခဲ့ကြပုံမှာ ကြည့်ရှုသူ‌တွေထဲက တစ်ကိုယ်တည်းသမားတွေအကုန်လုံး ချမ်းတုန်သွားပြီး ဘာမှ ဝင်မပြောရဲတဲ့အထိ။

[ အီးဟီးဟီး ၊ ကလေးရဖို့ နေနေသာသာ ငါ့မှာ လက်ထပ်ရမယ့် ချစ်သူတောင် ရှိတာ မဟုတ်ဘူး။ ငါ ငိုချင်လာပြီ။ ]

“ လီလီသစ်တော်သီးနဲ့ ကြာစွယ်စွပ်ပြုတ်မှာ အဓိကပါဝင်ပစ္စည်းက လီလီပန်း ၊ သစ်တော်သီးနဲ့ ကြာစွယ်တို့ပဲ ဖြစ်ပါတယ်။ ဆေးဖက်ဝင်သုတပေါင်းချုပ်မှာ သစ်တော်သီးနဲ့ လီလီပန်းဟာ အပူကို ငြိမ်းစေတယ် ၊ ချွဲသလိပ်ကို ပျော်စေတယ် ၊ အဆုတ်ကို သန့်စင်ပေးတယ် ၊ ရေငတ်ပြေစေတယ်လို့ ပြောထားပါတယ်။ ကြာစွယ်တွေမှာလည်း အပူကို ရှင်းလင်းနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒီပါဝင်ပစ္စည်း သုံးမျိုးကို နှပ်ချက်လိုက်ရင် ကလေး အအေးမိတာ ၊ ချောင်းဆိုးတာနဲ့ တခြား ဝေဒနာတွေကို အတိုင်းအတာတစ်ခုထိ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ”

စုယန်ယန်က လီလီပန်းတွေကို အပိုင်းသေးသေးလေးတွေ ဖြစ်သွားအောင် ဖဲ့ခြွေလိုက်ပြီးနောက် သစ်တော်သီးနှင့် ကြာစွယ်ကိုလည်း အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးလိုက်သည်။ သူမက လီလီပန်းနှင့် ကြာစွယ်တွေကို အရင်ဆုံး ဆယ်မိနစ်ကြာ နှပ်ချက်ပြီးနောက် သစ်တော်သီးတွေကို စွပ်ပြုတ်ထဲ ထပ်ထည့်လိုက်သည်။

“ ကျွန်မ ချောင်းဆိုးတာကို ပျောက်ကင်းစေတဲ့ စွပ်ပြုတ်ကို အရင်တုန်းက ချက်ခဲ့ဖူးပါတယ်။ အဲ့ဒါကလည်း ကလေးတွေအတွက် သင့်တော်ပါတယ်။ ကျွန်မ ဒီနေ့ ချောင်းဆိုးတာကို ပျောက်ကင်းစေတဲ့ မုန်လာဥဖြူပျားရည်ဖျော်ရည်လို့ ခေါ်တဲ့ တခြား ဟင်းလျာ တစ်မျိုးကို ထပ်ချက်ပြသွားပါ့မယ်။ မုန်လာဥဖြူတွေမှာ ဂျင်းဆင်းကိုတောင် ယှဉ်နိုင်တဲ့ အာနိသင် ရှိတယ်လို့ လူသိများပါတယ်။ အိုး ၊ ကျွန်မရဲ့ အရင်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ဂျင်ဆင်းအကြောင်း ပါဖူးတယ်နော်။ ကြည့်ရှုသူအသစ်တွေကတော့ အရင်မှတ်တမ်းကို ကြည့်လို့ ရတယ် ဆိုတာ မသိလောက်ဘူး။ ”

830 02

“ မုန်လာဥဖြူက အာဟာရဓာတ်ပြည့်ဝပြီး ချွဲသလိပ်ကို ပျော်စေ ၊ ချောင်းဆိုးတာကို ပျောက်ကင်းစေတဲ့ အာနိသင် ရှိပါတယ်။ အပူကိုလည်း ငြိမ်းစေပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးပါတယ်။ ဂျင်းကလည်း ဘတ်တီးရီးယားတွေကို ပိုးသတ်ပြီး အအေးဓာတ်ကို လျှော့ကျစေပါတယ်။ ချောင်းဆိုးတာကို သက်သာစေပြီး အစာအိမ်နဲ့ သွေးအားကို အားကောင်းစေတဲ့ ပျားရည်နဲ့ တရုတ်ဆီးသီးအနီတွေ ထပ်ထည့်လိုက်ပါ။ အေးတဲ့ ရာသီဥတုကြောင့် ချောင်းဆိုးတာ ၊ အအေးမိတာတွေအတွက် ထိရောက်ပါတယ်။ ”

စုယန်ယန်သည် ပါးစပ်ကလည်း ပြောရင်း လက်ကလည်း ပြောရင်း မုန်လာဥဖြူအတုံးလေးတွေနှင့် ပါးပါးလှီးထားတဲ့ ဂျင်းလေးတွေကို အိုးထဲ ထည့်လိုက်ပါသည်။

စွပ်ပြုတ် နှစ်မျိုးလုံး ကျက်ဖို့ အချိန်နည်းနည်းတော့ ကြာလိမ့်မည်။ စုယန်ယန်က စွပ်ပြုတ်ချက်ပြီးသွားတော့ တခြား ဟင်းလျာတွေကို ချက်ချင်းပဲ စတင်ချက်ပြုတ်လိုက်၏။

“ နောက်ထပ်အနေနဲ့ ကလေးရဲ့ သွေးအားနည်းရောဂါကို ပျောက်ကင်းစေတဲ့ ဆေးဖက်ဝင်ဟင်းလျာ နှစ်မျိုးကို ကျွန်မတို့ ချက်ပြုတ်သွားပါ့မယ်။ တချို့ကလေးတွေက မိခင်ဝမ်းထဲက ထွက်,ထွက်လာချင်းကနေ ခြောက်လအရွယ်ထိ သွေးအားနည်းရောဂါကို ခံစားရလေ့ရှိပါတယ်။ အဲ့အချိန်မှာ သူတို့ကို သွေးအားကောင်းစေပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ့် အစားအစာတွေကို သူတို့ စားဖို့ လိုအပ်ပါတယ်။ သံဓာတ်က သွေးတွေကို အသစ်ဖြစ်ပေါ်စေတယ်လို့ လူတွေ ပြောကြတာ ရှိပါတယ် ၊ ဘာလို့ဆို သံဓာတ်က လူ့ခန္ဓာကိုယ်ထဲက အနီရောင်ဆဲလ်တွေကို စုစည်းပြီး သွေးအားနည်းရောဂါကို သက်‌သာစေလို့ပါ။ သံဓာတ်ပါတဲ့ ပါဝင်ပစ္စည်းတွေ အများကြီး ရှိတဲ့ထဲကမှ အသည်းကတော့ သံဓာတ်ပါဝင်မှုအများဆုံးပါပဲ။ ”

“ ကျွန်မ ဒီနေ့ သိုးအသည်းနဲ့ ခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ် ၊ ကြက်သွန်မြိတ်တွေကို မွှေကြော် ချက်ပြပါ့မယ်။ ”

သူမက ဟင်းလျာနှစ်မျိုးလုံးအတွက် အသည်းကို အသုံးပြုထားသော်လည်း သိုးအသည်းအတွက် ကြက်သွန်မြိတ်ကို အသုံးပြုပြီး ဝက်အသည်းအတွက်တော့ လတ်ဆတ်တဲ့ ခရမ်းသီးကို အသုံးပြုခဲ့သည်။

ဘာကိုပဲသုံးသုံး အသည်းပေါ်က အဖြူရောင်အမြှေးပါးလေးကို အရင်ဆုံး ဖယ်ရှားဖို့ လိုသည်။ မဟုတ်ရင် အသည်းမှာ အညှီနံ့တွေ စွဲကျန်ခဲ့လိမ့်မည်။ အညှီနံ့ပြင်းလွန်းတဲ့ အစားအသောက်ကို ကလေးတွေ မပြောနဲ့ ၊ လူကြီးတွေတောင် စားချင်မှာ မဟုတ်။

စုယန်ယန်က အသည်းပေါ်က အမြှေးပါးကို အကြိမ်အနည်းငယ် ပွတ်တိုက် ဖယ်ရှားကာ အလွှာပါးလေး ဖြစ်အောင် လှီးပြီးနောက် ရေနှင့် ဆေးလိုက်သည်။

“ ကလေးတွေက ခုခံအားနည်းလို့ သူတို့ စားမယ့် အစားအသောက်တွေကို ရှင်တို့ ပိုဂရုစိုက်ရမယ်။ သေချာ မကျက်သေးတဲ့ အစားအသောက်တွေထဲမှာ မမြင်ရတဲ့ ဘတ်တီးရီးယားတွေ မရှိစေရင် ပိုးသေသွားအောင် ဒီလိုမျိုး ရေထဲမှာ ပြုတ်လိုက်ပါ။ အဲ့ဒါက ပိုစိတ်ချရတယ်။ ”

စုယန်ယန်သည် ပြောရင်း ပါးပါးလှီးထားတဲ့ သိုးအသည်းတွေကို သက်သက် ဖယ်ထားကာ အိုးကို မြှောက်၍ ဆီကို အပူပေးပြီးနောက် ကြက်သွန်နီတွေ ၊ ဂျင်းတွေကို ထည့်ကာ မွှေးရနံ့တွေ ထွက်လာတဲ့အထိ မွှေကြော်လေး ကြော်လိုက်သည်။ ထို့နောက် ပါးပါးလှီးထားတဲ့ သိုးအသည်းတွေကို အိုးထဲ ထည့်လိုက်တော့ ရုတ်ချည်း ဆိုသလိုပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ မီးခိုးတွေ ၊ စားချင်စဖွယ် မွှေးရနံ့တွေ ဖုံးလွှမ်းသွားလေသည်။

++++++

All Chapters