အခန်း ၈၃၂
Vol. 56 Ch. 832
832 01
အခန်း ( ၈၃၂ ) - သူဌေးလက်သစ်။
[ အမာခံကြည့်ရှုသူ ( တစ်ရက်စာတောင် မခံဘူး ) ဆီက ဇိမ်ခံဗီလာ အခု ( ၁၀၀ ) ကို ရသွားတဲ့အတွက် တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ အတည်ပြုပြီးတဲ့နောက် အသုံးပြုသူ ( တစ်ရက်စာတောင် မခံဘူး ) က ( ယန်ယန်ရဲ့ မီးဖိုချောင်လေး ) တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ အဆင့်တက်သွားပြီး ငွေအဆင့်ကြည့်ရှုသူ ဖြစ်သွားပါပြီ။ ]
ထိုဆုချီးမြှင့်မှုမက်ဆေ့ခ်ျကို ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲကို လက်ဆောင်တွေ မိုးရွာချသလို ကျလာခဲ့သည်။ ထိုအဖြစ်အပျက်က စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက သန်းဆယ်ချီတဲ့ ကြည့်ရှုသူတွေကို မှင်သက်သွားစေသလို တခြားချန်နယ်တွေက ကြည့်ရှုသူတွေကိုလည်း ဆွဲဆောင်သွားခဲ့သည်။
[ ငါ သေချာ မှတ်မိသလောက် ဆိုရင် ဇိမ်ခံဗီလာ တစ်ခုကို ( ၁၅၀၀ ) ဒေါ်လာကျတယ် မဟုတ်လား။ အဲ့ဒါဆို ဒီသူဌေးလက်သစ်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲကို ရောက်,ရောက်ချင်းကတည်းက ဒေါ်လာ တစ်သိန်းကျော် သုံးလိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်လား။ လူချမ်းသာတွေ ပိုက်ဆံအသုံးကြမ်းပုံက ငါတို့တောင် စိတ်ကူးယဉ်လို့ မရဘူးပဲ။ အားကျလိုက်တာ။ ]
[ ငါ သူဌေးကြီးတွေကို ကြည့်ဖို့ ပြေးသွားတာနဲ့ တင်ဆက်သူ ဒေါ်လာ တစ်သိန်းကျော် လက်ဆောင်ရတာကို မြင်လိုက်ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူက လောလောလတ်လတ်ကမှ ချမ်းသာလာတဲ့ သူဌေးလက်သစ် မဟုတ်တာ သေချာတယ်။ ]
[ ဦးဆောင်သူစာရင်းထဲမှာ ထိပ်ဆုံးရောက်နေတဲ့ သူဌေးကြီး ပြီးရင် ငါတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ နောက်ထပ် သူဌေးကြီးတွေ ထပ်ပေါ်လာတော့မှာလား။ ]
စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ စောင့်ဆိုင်းနေတဲ့ သူဌေးလက်သစ်တွေ အများကြီး ရှိသော်လည်း ဟောက်ချန်ဟွမ်း ရှိနေတဲ့အတွက်ကြောင့် ထိပ်ဆုံးနေရာကို သူတစ်ယောက်တည်းပဲ တစ်နှစ်လုံး သိမ်းပိုက်လာကာ လူတိုင်းကို ရယ်မောနေခဲ့သည်။
အဲ့ဒါက တခြား တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေထဲမှာ အလွယ်တကူ နေရာရနိုင်တဲ့ သူဌေးလေးတွေကိုလည်း နည်းနည်းလေး တိမ်မြုပ်သွားစေခဲ့သည်။
နောက်ဆုံးမှာတော့ တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက် ရောက်လာပြီမို့ လူတိုင်း အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။ ဘယ်သူက တိုက်ပွဲဝင်နိုင်မယ့် တကယ့် သူဌေးကြီးလဲ ဆိုတာ သူတို့ ကြည့်ချင်သည်လေ။
သေချာပေါက်ပင် လူတိုင်းကတော့ ဒီကိစ္စကို ဝမ်းသာနေကြတာ မဟုတ်ပါ။ ပုံမှန်မဟုတ်တဲ့ ငွေပမာဏကြောင့် ထိတ်လန့်သွားတဲ့ ကြည့်ရှုသူ တချို့ဟာ စိုးရိမ်စိတ်တွေ ဝင်လာခဲ့ကြသည်။
[ ဒေါ်လာတစ်သိန်းကျော်ကို တစ်ထိုင်တည်း သုံးပစ်လိုက်တာလား။ သူက တကယ်ပဲ အရမ်း ချမ်းသာတဲ့ လူလား ၊ ဒါမှမဟုတ် သူ့ပိုက်ဆံ မဟုတ်တဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်နေတာလား။ ဒုတိယတစ်ခု မဟုတ်ဖို့တော့ ငါ မျှော်လင့်တယ်။ ခပ်ဆင်ဆင် ဆောင်းပါး နှစ်ပုဒ်ကို လွန်ခဲ့တဲ့ နှစ်ရက်တုန်းကမှ ငါ ဖတ်ထားတာ။ တစ်ခုခုဆို တင်ဆက်သူအပေါ် ဘာထိခိုက်မှုမှ မရှိဖို့ပဲ ဆုတောင်းတယ်။ ]
[ ငါလည်း အပေါ်ထပ်က တစ်ယောက်နဲ့ အမြင်တူတယ်။ ငါလည်း နည်းနည်းလေး စိုးရိမ်မိတယ်။ ]
သူဌေးလက်သစ်က တုံ့ပြန်သည့်အနေဖြင့် စုယန်ယန်အတွက် နောက်ထပ် ဇိမ်ခံဗီလာ ဆယ်ခုကို လက်ဆောင်ပေးလိုက်ပြန်ပါသည်။
[ တစ်ရက်စာတောင် မခံဘူး : ငါ့မှာ ပိုက်ဆံရှိတယ်။ ]
ထိုစကားက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေကို ထိတ်လန့်သွားစေခဲ့ကာ ကွန်းမန့်ဆက်ရှင်ထဲမှာ ခဏလောက် ခြောက်ကပ်တိတ်ဆိတ်သွားပြီးမှ ကွန်းမန့်တွေ ဝုန်းခနဲ လျှံတက်လာခဲ့လေသည်။
[ သောက်ကျိုးနည်း။ သူ လူရော ဟုတ်ရဲ့လား။ ]
832 02
[ “ ငါ့မှာ ပိုက်ဆံရှိတယ် ” ဆိုတဲ့ စကားမှာ လူချမ်းသာတစ်ယောက်ရဲ့ လူရှိန်စရာကောင်းတဲ့ အရှိန်အဝါတွေကို ရနေတယ်။ ဒီလူရှိန်စရာကောင်းတဲ့ စီအီးအိုက ဘယ်က ရောက်လာတာလဲ။ တစ်ယောက်ယောက် ငါ့ကို စိတ်နဲ့ ကိုယ်နဲ့ ကပ်အောင် လုပ်ပေးစမ်းပါ။ ]
[ လူချမ်းသာတစ်ယောက်ရဲ့ အရှိန်အဝါ ဆိုတာ ဘာကို ပြောချင်တာလဲ။ ပိုက်ဆံအနံ့လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ။ ]
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေဟာ စိတ်သက်သာရာရသွားကာ သူဌေးအသစ်စက်စက်ကြီးကို စတင် ချီးကျူးခဲ့ကြတော့သည်။
သို့သော်လည်း စုယန်ယန်ကတော့ ထိုလူရဲ့ ID ကို ဖတ်ရင်း မျက်နှာမည်းမှောင်သွားရသည်။ တစ်ရက်စာတောင် မခံဘူးတဲ့လား … ။
ပထမ စာလုံးတချို့ကို နောက်ပြန် ဖတ်ကြည့်လိုက်ရင် … သို့ထျန်းယီ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေတာ မဟုတ်လား။
သူက သူမတို့မိသားစုရဲ့ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကိုလည်း ရောက်လာကာ သူမကလေးအတွက် တစ်လပြည့်မွေးနေ့ ကျင်းပနေတဲ့ ဟော်တယ်ထဲကိုလည်း ခိုးဝင်လာခဲ့သည်။ မူလတုန်းက သူမတို့နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်နေတဲ့ ကုမ္ပဏီကလည်း ရုတ်တရက်ကြီး သဘောကောင်းစွာပင် သူမတို့နှင့် လက်တွဲပူးပေါင်းချင်နေသည်။ အခုလည်း သူက သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ပေါ်လာပြန်ပါပြီ။ စုယန်ယန်ကတော့ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ မထင်တော့။
စုယန်ယန်သည် နှလုံးခုန်နှုန်းတွေ တဒိန်းဒိန်း မြန်လာခဲ့လျက် ဒီသူဌေးကြီးကို ဘယ်လို လျစ်လျူရှုရင် ကောင်းမလဲ ဆိုတာ တွေးနေစဉ်မှာပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ ထိပ်ဆုံးကနေ အန်ပေါင်းလေးတွေ ပြုတ်ကျလာကာ ရောင်စုံ အထူး Effect လေးတွေလည်း ပေါ်လာခဲ့သည်။
[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အက်ဒ်မင် ( တောင်တန်းပေါ်က ပိုးစာပင် ) ပို့လိုက်တဲ့ ဇိမ်ခံဗီလာတွေကို လက်ဆောင်ရသွားတဲ့ တင်ဆက်သူ ( ယန်ယန် ) ကို ဂုဏ်ပြုပါတယ်။ အတည်ပြုပြီးတဲ့နောက် အသုံးပြုသူ ( တောင်တန်းပေါ်က ပိုးစာပင် ) ဟာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်း ( ယန်ယန်ရဲ့ မီးဖိုချောင်လေး ) ထဲမှာ အဆင့်တက်သွားပြီး အကြီးမြတ်ဆုံးကြည့်ရှုသူ ဖြစ်သွားပါပြီ။ ဒါ့အပြင် ‘ အချစ်က ရွှေထက် ပိုခိုင်မာတယ် ’ ဆိုတဲ့ အထူးသီးသန့် ခေါင်းစဉ်ကိုလည်း ရသွားပါပြီ။ ]
++++++