အခန်း ၈၃၄
Vol. 56 Ch. 834
834 01
အခန်း ( ၈၃၄ ) - ဘယ်သူက ကလေးမဟုတ်တာလဲ။
[ တစ်ရက်စာတောင် မခံဘူး : ငါ မှားသွားတယ် ၊ တောင်းပန်ပါတယ်။ အဲ့လိုမျိုး ထပ်မဖြစ်စေရဘူး။ ]
[ တောင်တန်းပေါ်က ပိုးစာပင် : ငါလည်း အတွေးတိမ်သွားတယ်။ တောင်းပန်ပါတယ်။ အဲ့လိုမျိုး ထပ်မဖြစ်စေရပါဘူး။ ]
ကြည့်ရှုသူများသည် ထိုမက်ဆေ့ခ်ျ နှစ်စောင်ကို မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ ကြည့်နေမိခဲ့ကြ၏။ ဒီသူဌေးကြီးနှစ်ယောက်က အလျှော့ပေးတာ တကယ့်ကို မြန်လွန်းလိုက်တာ …
ဒါပေမဲ့ … သူတို့ ဘာလို့ ရုတ်တရက် စိတ်ပျက်သွားသလို ခံစားရတာပါလိမ့်။
သူဌေးကြီးနှစ်ယောက် အလျော့ပေးလိုက်သောအခါ မူလတုန်းက စိုးရိမ်နေခဲ့တဲ့ ကြည့်ရှုသူတွေက သဘောထားတင်းမာသွားခဲ့ကြသည်။
[ ကျွတ် ကျွတ် ကျွတ်။ သူတို့လေသံကို ကြည့်လိုက်ပါဦး။ တင်ဆက်သူရဲ့ မျက်နှာသာပေးမှုကို ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ အပျော်မယားတွေနဲ့ မတူဘူးလား။ သူတို့ စိတ်ထဲကနေ ဘယ်လောက်တောင် ဒေါသကျိတ်ထွက်သွားကြမလဲ။ ]
[ ဒီနှစ်ယောက်ပဲ ရှိတာကို မင်းက သူတို့ကို အပျော်မယားတွေလို့ သတ်မှတ်နေတုန်းလား။ အလွန်ဆုံးမှ သူတို့က သုံးနှစ်သားအဆင့်ပဲ ရှိတာ။ ငါတို့ရဲ့ တင်ဆက်သူကလည်း ဧကရာဇ် မဟုတ်တဲ့ မူကြိုကျောင်းအုပ်ပဲ။ လက်တစ်ဖက်မှာ ကလေးတစ်ယောက်ကို ချီထားရင်း ကလေးဆိုးတွေကို ဆုံးမကိုင်တွယ်တဲ့ နေရာမှာ သူမက အရမ်း ကျွမ်းကျင်တယ်။ ( ကြွားဝါနေသော အီမိုဂျီလေးဖြင့် ) ]
[ ဟားဟားဟား ၊ ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကတော့ တကယ် ကြည့်ရကျိုးနပ်တယ်ဟေ့။ တင်ဆက်သူ ဟင်းချက်ပြတာကို ကြည့်ပြီး အရသာရှိတဲ့ အစားအသောက်ကောင်းတွေကို စားရရုံတင် မဟုတ်ဘူး ၊ သူဌေးကြီး နှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ရင်း လူဝေဖန်ခံရတာကိုပါ ကြည့်လိုက်ရတယ်။ ကိန်းကြီးခမ်းကြီးနိုင်တဲ့ စီအီးအိုကြီး အချစ်နွံမှာ နစ်ဝင်သွားတာကို ငါ စိတ်ကူးနဲ့ ပုံဖော်ကြည့်လို့ ရနေပြီ။ ]
[ ဟမ့် ၊ ငါ မင်းတို့အကြောင်း ပြောနေတာနော်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဖန်သားပြင်ပေါ်မှာ မင်းတို့ လုပ်လိုက်တာကို ကြည့်ပါဦး။ နေရာတိုင်းမှာ ဆုလက်ဆောင်တွေ ပျံဝဲပြီး အထူး Effect တွေကလည်း နေရာတိုင်းမှာပဲ။ ငါတို့မှာ မျက်စိတွေတောင် ကျိန်းတယ်။ မင်းတို့က ချမ်းသာတော့ရော ဘာလုပ်ရမှာလဲ။ ငွေအပုံလိုက်ပေးရုံနဲ့ တင်ဆက်သူရဲ့ နှလုံးသားကို ရနိုင်မယ်လို့ ထင်နေတာလား။ တုံးလိုက်တာ ၊ တင်ဆက်သူက ငါ့အပိုင်ပဲကွ။ ]
[ တင်ဆက်သူ ပြောတာ မှန်တယ်။ မင်းတို့မှာ ပိုက်ဆံရှိတာကို ကြွားဝါလို့ ရပါတယ်။ ဒါပေမဲ့ ပိုက်ဆံရှိတိုင်း တင်ဆက်သူရဲ့ နှလုံးသားကို ရလိမ့်မယ်လို့ ထင်နေတာလား။ တင်ဆက်သူက ကလေးနဲ့ ယောက်ျားနဲ့ ရှိတဲ့ အိမ်ထောင်သည် ဆိုတာရော သိရဲ့လား။ မင်းတို့က စာရိတ္တပျက်စီးနေတဲ့ ကောင်တွေပဲ။ ]
အထူး Effect တွေကြောင့် မျက်စိကျိန်းသွားတဲ့ ကြည့်ရှုသူတွေ ၊ အစကတည်းက လူချမ်းသာတွေဆို သိပ်ကြည့်မရတဲ့ ကြည့်ရှုသူတွေက အဆင့်သတ်မှတ်ခြင်းအဆင့်ဇယားမှာ ထိပ်ဆုံးရောက်နေတဲ့ သူဌေးကြီးနှစ်ယောက်ကို ပြောကွက်ရသွားပုံဖြင့် ချက်ချင်းပဲ စတင် လှောင်ပြောင်ခဲ့ကြလေသည်။
သို့သော်လည်း ထိုလူတွေ ကွန်းမန့် တစ်ကြောင်း မန့်ပြီးလို့ နောက်တစ်ကြောင်း ထပ်မန့်ဖို့ ဟန်ပြင်နေစဉ်မှာပဲ တစ်စုံတစ်ခုကို နားလည်သွားခဲ့ရသည်။
[ လေးစားရပါသော အသုံးပြုသူ ၊ မင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အတွက် နာရီဝက် ဘန်းခံလိုက်ရပါတယ်။ ကျေးဇူးပြုပြီး အဘန်းခံရခြင်းမှ ပြေပျောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးပါ။ သင့်ရဲ့ အွန်လိုင်းပေါ်က စကားအပြောအဆိုကိုလည်း ဆင်ခြင်ပြီး ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ဖြစ်ပါစေ။ ]
လူတိုင်း ဆွံ့အသွားခဲ့ကြသည်။
သောက်ကျိုးနည်း ၊ ချမ်းသာတာက တကယ့်ကို တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ။ အဆင့်သတ်မှတ်ခြင်းဇယားမှာ ထိပ်ဆုံးရောက်နိုင်ရုံတင် မဟုတ်ဘူး ၊ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ အက်ဒ်မင်လည်း ဖြစ်နိုင်သေးတယ် … ။
834 02
သူဌေးကြီးနှစ်ယောက်က ဘာပြဿနာမှ ထပ်မရှာခဲ့သောကြောင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုသည် မူလအတိုင်း အသက်ဝင် အေးချမ်းသွားခဲ့သည်။
စုယန်ယန်က မျက်စိကျိန်းစရာ အထူး Effect တွေကို ခဏ ပိတ်ထားလိုက်ပြီး ကျန်ရှိနေတဲ့ ဆေးဖက်ဝင်ဟင်းလျာ သုံးမျိုးကို ချက်ဖို့ပဲ အာရုံစိုက်ထားလိုက်သည်။
ပိုးစာပင်နှင့် အသားအနှစ်အပြင် နှမ်းနက်နှင့် လိမ္မော်ခွံမွှေကြော်လည်း ရှိသေးသည်။ ပိုးစာပင်အနှစ်က အနည်းငယ် ချိုပြီး နှမ်းနက်ကတော့ စားချင်စဖွယ် မွှေးကြိုင်နေသည်။ ပြုတ်ပြီးသွားတဲ့နောက်မှာတော့ ဆေးသောက်နေရသလို ခံစားချက်မျိုး လုံးဝ မရတဲ့ ချိုမြိန်ကာ အရသာရှိသော စွပ်ပြုတ် တစ်ခွက် ရရှိလာခဲ့သည်။
ပျားရည်နှင့် နှမ်းနက်စွပ်ပြုတ်ကို ထမင်းစားပြီးချိန်မှာ အစာပိတ်အဖြစ် အချိုတည်းလို့ ရပါသည်။ နွားနို့ ၊ပျားရည်တို့နှင့် မွှေကြော်ထားသော နှမ်းနက်သည် အချိုကြိုက်တဲ့ ကလေးတွေအတွက် အလွန် သင့်တော်သည်။
ကန်စွန်းဥအရင့်တွေမှာလည်း သူ့အချိုအရသာနှင့်သူ ရှိသည်။ ချိုမြိန်သော မုယောစပါး ၊ သကြားဖြူ အနည်းငယ်တို့ဖြင့် ရောပြုတ်လိုက်ရင် ကလေးတွေရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို အစာကိုလည်း ကြေလွယ်စေသည်။
စုယန်ယန် ထိုဟင်းလျာတွေ အကုန်လုံးကို ချက်ပြုတ်ပြီးစီးခါနီး အချိန်မှာတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အစပိုင်းကတည်းက ချက်နေခဲ့တဲ့ လီလီသစ်တော်သီးနှင့် ကြာစွယ်စွပ်ပြုတ်လည်း ကျက်ခါနီးပြီ ဖြစ်သည်။ သူမက ကြိုပြင်ဆင်ထားတဲ့ ပါးပါးလှီထားသော လီလီပန်းအလွှာလေးတွေကို ထပ်ထည့်ပြီး ဆယ်မိနစ်ကြာ နှပ်ချက်လိုက်သည်။
“ ကဲ … ဒါကတော့ ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ ဟင်းလျာတွေ အကုန်လုံးပါပဲ။ ထုံးစံအတိုင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု မပြီးခင် ကံစမ်းမဲနှိုက်ဖို့လည်း ရှိပါတယ်။ ကျွန်မတို့ ကြည့်ရှုသူတွေထဲက ကံထူးရှင်တွေကို ရွေးချယ်မှာမို့ အဲ့လူတွေ အကုန်လုံး ဟင်းလျာတွေကို မြည်းစမ်းခွင့်ရမှာပါ။ ဒီနေ့ဟင်းလျာတွေက ကလေးတွေအတွက် ဆေးဖက်ဝင်တဲ့ ဟင်းလျာတွေ ဆိုပေမဲ့ တကယ်တော့ လူကြီးတွေလည်း ဒီဟင်းလျာတွေကို စားနိုင်ပါတယ်။ ဒါပေမဲ့ ရှင်တို့လို အရွယ်ရောက်ပြီးသား လူကြီးတွေကရော ကလေးတွေဆီက အစားအသောက်တွေကို မျက်နှာပြောင်တိုက်စွာ လုယူနိုင်လို့လား။ အသိစိတ်မရှိဘဲနဲ့ လက်ဖဝါးတွေကို ပွတ်သပ်ပြီး လူတိုင်းက ကလေးပဲလို့ အရှက်မရှိ ပြောနေတဲ့ လူကြီးတွေတော့ ရှိပေမဲ့လို့ မစိုးရိမ်ပါနဲ့။ ကျွန်မတို့ရဲ့ ပြိုင်ဘက်က ကလေးတွေ ဖြစ်နေတာနဲ့ပဲ သက်ညှာမှာ မဟုတ်ပါဘူး။ ”
+++++