← Chapters

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း ၈၃၅

Vol. 56 Ch. 835

835 01

အခန်း ( ၈၃၅ ) - ကျွန်မရဲ့ ကလေးကြီး။

ကံစမ်းမဲနှိုက်ခြင်းက မြန်မြန်ဆန်ဆန်ပဲ ပြီးသွားကာ ကံထူးရှင်ကြည့်ရှုသူစာရင်း ထွက်လာခဲ့သည်။

စုယန်ယန်က ထိုစာရင်းထဲမှာ သို့ထျန်းယီ မပါတာ သေချာအောင် တစ်ချက် ကြည့်လိုက်ပြီးမှ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးမှုတ်ထုတ်ရင်း နောက်,လာမယ့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ အကြောင်းအရာကို အမြည်းပြောပြလိုက်သည်။

“ နောက်တစ်ခေါက်မှာ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်မလာဘူး ဆိုရင် ရှင်တို့ ကလေးတွေ ဝမ်းလျောတာ ၊ ကြို့ထိုးတာ ၊ ညသန်းခေါင် အော်ငိုတာ ၊ အာဟာရဓာတ်ချို့တဲ့တာတို့လို ကိစ္စတွေကို ဂရုစိုက်ပေးလို့ ရပါတယ်။ နောက်တစ်ခေါက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ဘယ်အချိန်မှာ ဖြစ်မလဲ ဆိုတာကတော့ ကျွန်မရဲ့ အရင်တုန်းက အကြိမ်ရေအတိုင်း ပြန်ရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။ ရှင်တို့ ဒီလိုမျိုး အကြာကြီး ထပ်မစောင့်နေစေရပါဘူး။ ”

စုယန်ယန်သည် ထိုသို့ ပြောပြီးနောက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက လူအုပ်ကြီးကို လျစ်လျူရှုကာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပိတ်ပစ်လိုက်တော့သည်။

ထို့နောက် တစ်ဖက်ကို လှည့်ကြည့်လိုက်ချိန်တွင် မီးဖိုချောင်တံခါးဝမှာ ရပ်နေသော သူမရဲ့ ယောက်ျားကို တွေ့လိုက်ရသည်။

ဒီလူ ခုနတုန်းကမှ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုမှာ ပိုက်ဆံတွေ အများကြီး သုံးထားတယ် ဆိုတာကို သတိရသွားတော့ စုယန်ယန်တစ်ယောက် မျက်မှောင်ကြုတ်ပြီး လှောင်ပြုံး ပြုံးလိုက်မိသည်။

ဟောက်ချန်ဟွမ်းသည် သူ့မိန်းမရဲ့ အေးစက်စက် အပြုံးကို မြင်ချိန်မှာ ဘာ့ကြောင့်ရယ်မသိဘဲ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ သူတော့ ဒီတစ်ခါ ဒုက္ခရောက်ပြီဟု ခံစားလိုက်ရသည်။

သူ့ရဲ့ အာရုံခံနိုင်စွမ်းက အလွန် တိကျတာမို့ ဟောက်ချန်ဟွမ်းသည် ချက်ချင်းပဲ သူ့မိန်းမဆီ သွားပြီး မျက်နှာချိုသွေးလိုက်၏။ “ ဦးလေးကျန်းက မင်း အလုပ်က ပြန်ရောက်ကတည်းက မီးဖိုချောင်ဝင်နေတာလို့ ပြောတယ်။ ရုတ်တရက်ကြီး မင်းကိုယ်တိုင် ဟင်းချက်ဖို့ ဘယ်လို စိတ်ကူးရသွားတာလဲ။ ”

စုယန်ယန်က သူ့ကို ငဲ့စောင်းကြည့်ရင်း စိတ်ထဲကနေ ‘ ဟန်ဆောင်နေလိုက် ၊ ဆက်ဟန်ဆောင်နေလိုက်။ လွန်ခဲ့တဲ့ နာရီဝက်တုန်းကမှ ရှင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ပိုက်ဆံဖြုန်းထားတာလေ။ ဒါပေမဲ့ ရှင်က အခုတော့ ကြာပန်းဖြူလေးလို အပြစ်ကင်းချင်ယောင် ဟန်ဆောင်နေတယ်။ ’ ဟု ပြောနေမိသည်။

သူ့မှာ ရုပ်ရှင်မင်းသား လုပ်ဖို့ အရည်အချင်းရှိတယ် ဆိုတာကို သူမ အရင်တုန်းက မသိခဲ့ပေ။

“ ကျွန်မ အိမ်ပြန်ရောက်တော့ ကလေးက ကြို့ထိုးနေတာနဲ့ ရုတ်တရက် စိတ်ကူးရသွားလို့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်လိုက်တာပါ။ ”

“ ကလေးက ကြို့ထိုးတယ် .. ဟုတ်လား။ ” ဟောက်ချန်ဟွမ်းက တစ်ယောက်တည်း စိတ်ထဲကနေ တွေးလိုက်သည်။ အဲ့ဒါက နောက်,လာမယ့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ အကြောင်းအရာ မဟုတ်ဘူးလား။

ကလေးကြို့ထိုးနေတာ မြင်လို့ စိတ်ကူးရသွားတယ် ဆိုရင်လည်း အဲ့ဒါကို ဘာလို့ ဒီတစ်ခေါက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုမှာ မလုပ်ဘဲ နောက်တစ်ခေါက်အတွက် သိမ်းထားတာလဲ … ။

ကံမကောင်းစွာဖြင့် တစ်ယောက်သော သူဟာ လောလောဆယ်မှာတော့ သူ့မကျေနပ်ချက်တွေကို သိမ်းဆည်းထားရလေသည်။ သူ့သံသယတွေ ဘယ်လောက်ပဲ ကြီးမားနေပါစေ လွှတ်ပေးလို့ မရဘဲ အချိန်တစ်ခုထိ ထိန်းသိမ်းထားမှ ရမည်။

စုယန်ယန်သာ သူ့အတွေးတွေကို သိရင် “ ကျွန်မလည်း အဲ့ဒါကို ဒီတစ်ခေါက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုမှာ သုံးချင်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကလေးမှ အဲ့ဒါကို အခု စားလို့ မရတာ။ ကျွန်မ လုပ်ချင်တာကို လုပ်လို့ ရတယ်။ ” ဟု သေချာပေါက် ပြန်ပြောလိမ့်မည်။

“ ဦးလေးကျန်းက သူ အစာစားတာ အရမ်း မြန်လို့ ကြို့ထိုးတာလို့ ပြောတယ်။ ခုနတုန်းက ကျွန်မ သူ့ကို ကျောပုတ်ပေးခဲ့သေးတယ် ၊ သူ အခုတော့ အဆင်ပြေနေပါပြီ။ ”

ဟောက်ချန်ဟွမ်းသည် ခေါင်းညိတ်ထောက်ခံလိုက်သော်လည်း သူ့အကြည့်က စုယန်ယန် ပြင်ဆင်ထားတဲ့ ဟင်းလျာတွေဆီ အလိုလို အကြည့်ရောက်သွားခဲ့သည်။ “ အကုန်လုံး အဆင်ပြေရဲ့လား။ ”

835 02

“အင်း။ ပြေပါတယ်။ ”

“ ကိုယ် မင်းကို ကူသယ်ပေးမယ်။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ စားပွဲပေါ်က ဟင်းပန်းကန် နှစ်ပန်းကန်ကို ယူကာ ထွက်လာခဲ့လိုက်သည်။

စုယန်ယန်က လျှပ်ပြက်သလို ထွက်ခွာပျောက်ကွယ်သွားတဲ့ သူ့ပုံရိပ်ကို ကြည့်ပြီး အန္တရာယ်ကြီးစွာ မျက်မှောင်ကြုတ်လိုက်သည်။

သူ ပြေးတာ မြန်လိုက်တာ။ ဟမ့် ၊ သူမ နောက်မှ သူနဲ့ ဒီကိစ္စကို စာရင်းရှင်းရမယ်။

စုယန်ယန်က ဟင်းလျာတွေ အများကြီးကို ပြင်ဆင်ထားခဲ့တာ ဖြစ်သည်။ ဆန်ပြုတ်တွေ ၊ စွပ်ပြုတ်တွေ ၊ ဟင်းတွေ ၊ အချိုပွဲတွေ ရှိသော်လည်း အများစုက အချိုအရသာတွေချည်းမို့ ကလေးတွေအကြိုက်သာ ဖြစ်ကာ လူကြီးတွေရဲ့ ပါးစပ်နှင့်တော့ မကိုက်ပါ။

“ ဒီစားပွဲပေါ်က ဟင်းလျာတွေ အကုန်လုံးကို ရှင့်ကို ကုန်အောင် စားစေချင်တယ်။ ”

ဟင်းပန်းကန်ကို လက်လှမ်းနေတဲ့ ဟောက်ချန်ဟွမ်းရဲ့ လက်က ရုတ်တရက် ရပ်တန့်သွားရသည်။ “ မင်းက ကိုယ့်ကို ဒါတွေ အကုန်လုံး ကုန်အောင် စားစေချင်တာလား။ ”

“ အင်းလေ။ ကျွန်မတို့ရဲ့ သားက အခုမှ တစ်လသားပဲ ရှိသေးတာ။ သူ အာဟာရဖြည့်စွက်စာကိုတောင် စားတတ်သေးတာ မဟုတ်ဘူး။ ဒါတွေကိုဆို ပိုတောင် ဝေးသေးတယ်။ ဒီဟင်းလျာတွေက ကျွန်မရဲ့ ကလေးလေးအတွက် မဟုတ်ဘူး ၊ ကျွန်မရဲ့ ကလေးကြီးအတွက်။ ”

ဟောက်ချန်ဟွမ်း : “ … ” ဒါဆို ကိုယ်က မင်းရဲ့ ကလေးကြီးလို့ ပြောချင်တဲ့ အဓိပ္ပာယ်လား။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ အတွေးတွေကို ဖောက်ထွင်းမြင်နေသကဲ့သို့ပင် နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွား၏။ သူမ ခပ်ယဲ့ယဲ့ ပြုံးပြီး “ ရှင် ဒီနေ့ အများကြီး စားရမယ် ကလေးကြီး။ ” ဟု ပြောလိုက်သည်။

ဘေးမှာ ရပ်နေတဲ့ ဦးလေးကျန်းက စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ ရယ်ချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မရတော့ပေ။ ခွီး … ။

သခင်ကြီးနှင့် သခင်မကြီး ကွယ်လွန်သွားကတည်းကနေ အခုချိန်ထိ သူ့သခင်လေးကို တစ်စုံတစ်ယောက်က ကလေးကြီးလို့ ခေါ်တာကို ကြားဖူးတာ ဒါ ပထမ‌ဆုံးအကြိမ် ဖြစ်သည်။

ဟောက်ချန်ဟွမ်းကတော့ ပြောစရာစကားပင် ပျောက်ဆုံးသွားကာ ချက်ချင်းပဲ မျက်နှာကြီး ရဲတက်လာခဲ့ပါတော့သည်။

++++++

All Chapters