အခန်း ၈၃၆
Vol. 56 Ch. 836
836 01
အခန်း ( ၈၃၆ ) - မပြောပလောက်တဲ့ ငွေပမာဏ။
ဟောက်ချန်ဟွမ်းသည် သူ့ဇနီးကို ဆန့်ကျင်တဲ့ စကားမျိုး ပြောမထွက်သောကြောင့် အစားအသောက်တွေထဲမှာ မျက်နှာကို မြုပ်ထားပြီး “ ကလေးကြီး ” ဆိုတဲ့ သူ့ကိုယ်ပိုင်နေရာကိုသာ တိတ်တိတ်လေး လက်ခံလိုက်သည်။
စုယန်ယန်က သူမခင်ပွန်းကို စနောက်ပြီးတော့မှ စိတ်ထဲမှာ နည်းနည်းလေး နေသာထိုင်သာရှိသွား၏။ သို့သော်လည်း အဲ့ဒါက “ နည်းနည်းလေး ” ပဲ ဖြစ်ကာ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ တစ်စုံတစ်ယောက် အလျှံအပယ် ပေးခဲ့တဲ့ လက်ဆောင်တွေအကြောင်း တွေးမိတော့ နှမြောလွန်းလို့ ငိုတောင် ငိုချင်သည်။
အဲ့ဒါက တကယ့်ပိုက်ဆံအစစ်တွေ ဖြစ်ပြီး ထိုပိုက်ဆံတွေထဲက တစ်ဝက်ကို ပလက်ဖောင်းက ဝါးမျိုသွားမှာ ဖြစ်သည်။
သို့ထျန်းယီ ပေးတဲ့ လက်ဆောင်တွေကလည်း မနည်းလွန်း ၊ မများလွန်းပေမဲ့ ထိုအတွက် သူမမှာ ဘာမှ ဆုံးရှုံးစရာ မရှိတာမို့ စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ဝမ်းနည်းစွာ မော့ကြည့်လိုက်မိသည်။
ဟောက်ချန်ဟွမ်းက လီလီသစ်တော်သီးနှင့် ကြာစွယ် အဖြူရောင်စွပ်ပြုတ်ကို ကုန်အောင် သောက်ပြီးခါစမှာ စုယန်ယန်ရဲ့ အဓိပ္ပာယ်ပါသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။
“ ??? ” သူ ဟင်းလျာတွေ အကုန်လုံးကို ကုန်အောင် စားထားတယ်လေ။ သူမ သူ့ကို ဘာလို့ အဲ့လိုမျိုး ကြည့်နေရတာလဲ …။
ဟောက်ချန်ဟွမ်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး “ မင်း တစ်ခုခုကို စိတ်ဆိုးနေတာလားဟင်။ ” ဟု မေးလိုက်တော့ စုယန်ယန်က “ အင်း။ ” ဟု ပြန်ပြောပါသည်။
“ ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လို့လဲ။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို အကြာကြီး စိုက်ကြည့်နေပြီးမှ လေသံယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ ခုနတုန်းကတင် ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ လက်ဖွာတဲ့ လူနှစ်ယောက်က ရန်ဖြစ်နေကြတာပင်။ သူတို့နှစ်ယောက်က ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပေါတောတော ဖြစ်အောင် လုပ်သွားလို့ နည်းနည်း ဒေါသထွက်နေတာ။ ”
ဟောက်ချန်ဟွမ်းသည် ဆန်ပြုတ်သောက်နေရင်း သီးတော့မလိုတောင် ဖြစ်သွားရသည်။ “ လက်ဖွာတဲ့ လူနှစ်ယောက်တဲ့လား။ ” အဲ့ထဲက တစ်ယောက်က … သူလား … ။
“ အဲ့လူတွေက ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်တဲ့ ပရိသတ်တွေပါပဲ။ ဒါပေမဲ့ သူတို့ ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ဘာလို့ ရုတ်တရက်ကြီး လက်ဆောင်တွေ အပြိုင်အဆိုင် ပေးနေကြတာလဲ မသိဘူး။ ”
“ … လက်ဆောင်တွေ အများကြီး ရတာ မကောင်းဘူးလား။ ”
“ ကောင်းတာက ကောင်းပါတယ်။ ဘယ်အရာကိုပဲဖြစ်ဖြစ် သင့်တင်မျှတမှုလေးနဲ့ လုပ်ဖို့တော့ လိုတာပေါ့လေ။ အရမ်း များလွန်းတာကလည်း အရမ်း နည်းလွန်းတာလိုပဲ မကောင်းဘူး။ ပုံမှန်ဆို သူတို့က ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို သူတို့ ကြည့်နေပါတယ် ၊ ကျွန်မကို သူတို့ အားပေးနေပါတယ် ဆိုတာ သိအောင် လက်ဆောင် တစ်ခု ၊ နှစ်ခုလောက်ပဲ ပေးတာ။ ဒီနေ့တော့ ကျွန်မရဲ့ ဖန်သားပြင်မှာ အထူး Effect တွေနဲ့ချည်း ပြည့်နေလို့ ဒေါသတောင် ထွက်မိတယ်။ သူတို့ကြောင့် ကျွန်မပရိသတ်တွေရဲ့ ကွန်းမန့်တွေကိုတောင် မမြင်ရဘူး။ ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ပုံတွေလည်း သူတို့ရဲ့ အထူး Effect တွေနဲ့ အဖုံးခံလိုက်ရတယ်။ သူတို့က နာမည်ကြီးချင်ရုံသက်သက် လုပ်နေတာ။ သူတို့က ကျွန်မကို အားပေးချင်တဲ့ စိတ်နဲ့ လုပ်တယ် ဆိုရင်တောင် ဒါကြီးကတော့ မဟုတ်သေးဘူး။ ”
“ ပြီးတော့ ပိုက်ဆံ ဆိုတာ ချင့်ချင်ချိန်ချိန် သုံးရတယ်။ သူတို့ ကျွန်မရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ အဲ့လောက် ပိုက်ဆံတွေ အများကြီး သုံးလိုက်တာကို သူတို့ဘာသာ မနှမြောဘူး ဆိုရင်တောင် သူတို့ရဲ့ မိသားစုဝင်တွေကတော့ မနှမြောဘဲ နေမတဲ့လား။ ”
836 02
ဟောက်ချန်ဟွမ်းသည် ဘာ့ကြောင့်ရယ်မသိဘဲ မလုံမလဲ ဖြစ်သွားမိလေသည်။ “ သူတို့အတွက် ဒါက မပြောပလောက်တဲ့ ငွေပမာဏလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့။ တကယ့်ကို မပြောပလောက်တဲ့ ငွေပမာဏမျိုးလေ။ ”
ဟောက်ချန်ဟွမ်းကတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ပိုက်ဆံဖြုန်းမိသွားတယ်လို့ သူ့ကိုယ်သူ မထင်ပါ။ ပြောရရင် ဟိုအကောင့်ရဲ့ ID က သို့ထျန်းယီနှင့် ပတ်သက်ဆက်နွယ်နေတာ သိသိသာသာပင်။
ဒီကောင်က သူ့ဇနီးအကြောင်းကို လူရှာပြီး လိုက်စုံစမ်းထားရုံသာမက သူ့ကိုပါ ပထမနေရာက မောင်းထုတ်ပြီး သူ့နေရာကို ဝင်ယူချင်နေခဲ့သည်။ ဒီကောင့်ရဲ့ လုပ်ရပ်တွေက ဘယ်ခြေလှမ်းကို လှမ်းနေတယ် ဆိုတာ သူ ကောင်းကောင်း သိသည်။
သူက သူတို့အတွက် ဘာကောင်းကျိုးမှ ဖြစ်စေမှာ မဟုတ်တဲ့ ဒီကောင့်ကို မတိုက်ခိုက်ဘဲနဲ့ သူ့နေရာကို ဝင်ယူပြီး သူ့ဇနီးကို ခိုးယူသွားတာကို ဒီတိုင်း ထိုင်ကြည့်နေရမှာလား … ။
သူ သို့ထျန်းယီရဲ့ အကောင့်ကို မဘန်းရတဲ့ အကြောင်းအရင်းကတော့ သူသာ အဲ့ဒီလို လုပ်လိုက်ရင် သူက သို့ထျန်းယီကို ငွေကြေးချမ်းသာမှုအရ မယှဉ်နိုင်ပါဘူးလို့ လူတိုင်းကို ပြောသလို ဖြစ်သွားမှာ မဟုတ်လား။ သူ့ဘာသာ စိတ်မလုံမလဲဖြစ်လွန်းလို့ ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးသလို ဖြစ်သွားမှာ မဟုတ်လား။ ပိုက်ဆံဖြုန်းရုံပဲ ရှိတဲ့ ကိစ္စမှာ သူ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါ။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ဒီပိုက်ဆံတွေအကုန်လုံးက သူ့အိတ်ကပ်ထဲကို ပြန်ရောက်လာမှာပဲ။ သူ့ဘက်က သို့ထျန်းယီကို ဝက်ဆိုဒ်အတွက် အခွန်ဘဏ္ဍာရှာပေးနေတဲ့ ခပ်တုံးတုံး သူဌေးတစ်ယောက်လို သဘောထားရုံသာ။
“ ဪ … ” စုယန်ယန်က ထိုစကားကို ကြားတော့ ဟောက်ချန်ဟွမ်းကို ကြည့်ရင်း စိတ်ထဲက တွေးမိသွားသည်။ ‘ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ သူ့ကို မုန့်ဖိုးတွေ အများကြီး ပေးမိသွားတာပဲ။ သန်းဆယ်ချီနေတဲ့ ပိုက်ဆံတွေကတောင် သူ့အတွက် မပြောပလောက်တဲ့ ငွေပမာဏ ဖြစ်သွားပါရောလား။ ဟမ့် … ’
ဟောက်ချန်ဟွမ်းကတော့ သူ့မုန့်ဖိုးတွေ လျှော့ချခံရတော့မည် ဆိုတာကို မသိသော်လည်း မသိစိတ်ထဲမှာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားနေခဲ့သည်။
ထို့နောက် ခရမ်းသီးနှင့် အသည်းကင်ဟင်းလျာဆီ အကြည့်ရောက်သွားကာ သူ့မျက်လုံးတွေ အရောင်လက်သွားသည်။ “ ဒီဟင်းလျာက … ”
++++++