အခန်း ၈၃၉
Vol. 56 Ch. 839
839 01
အခန်း ( ၈၃၉ ) - ကိုယ့်မျက်ချေးကို မမြင်ဘဲ သူများမျက်ချေးကိုသာ မြင်သူ။
စုယန်ယန် အလွန် အံ့ဩသွားရသည်။ သူက ဖြေရှင်းချင်တယ်တဲ့လား။ ဘယ်လို ဖြေရှင်းမှာလဲ။
သူ့ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အပြုအမူနှင့် သူ့ကုမ္ပဏီက အနုပညာရှင်တွေရဲ့ အမှားကျူးလွန်မှုကိုတော့ ထိုလူတွေကို အလုပ်ထုတ်တာမျိုးဖြစ်ဖြစ် လုပ်ပြီး ဖြေရှင်းလို့ ရပေမဲ့ ဝမ်ကျင့်ဖျင်ကို ဘယ်လို ဖြေရှင်းမှာလဲ … ။
အသိစိတ်ဝင်စမ်းပါ အမျိုးသားဇာတ်လိုက်အသစ်ရဲ့။ ဝမ်ကျင့်ဖျင်က အမျိုးသမီးဇာတ်လိုက်ပဲ။ ရှင် သူ့ကို လုံးဝ သဘောမကျရင်တောင် ပြိုင်ဘက်ကုမ္ပဏီက ဘော့စ်နဲ့ အပေးအယူလုပ်ဖို့အတွက်နဲ့တော့ သူ့ကို အသုံးမချသင့်ဘူး။
ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတဲ့ သူမကြောင့် မူရင်းဝတ္ထုက ဝမ်ကျင့်ဖျင် ဒုက္ခပင်လယ်ဝေတဲ့ ဇာတ်ကွက်အသစ် တစ်ခုကို ဖန်တီးနေတာလား။ သူတို့က မူလတုန်းက တောင်ထိပ်မှာ ထိုင်ပြီး ကျားတွေ တိုက်ခိုက်နေတာကို ပွဲကြည့်ချင်နေတဲ့ ဝမ်ကျင့်ဖျင်ကို အတူတူ ဆွဲချသွားချင်နေတာလား။
စုယန်ယန်ရဲ့ ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေးနေပြီး သူမရှေ့က လူကို ခဏကြာသည်ထိ ဘာပြန်ပြောရမှန်း မသိခဲ့ပါ။
သို့ထျန်းယီက စုယန်ယန်ရဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ အပြုံးမပျက် ဆက်ပြောလိုက်သည်။ “ ဒီနည်းလမ်းနဲ့ စိတ်ရင်းဖော်ပြတာကိုရော မိန်းကလေးစုက ဘယ်လို သဘောရပါသလဲ။ ”
စုယန်ယန်က သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပွင့်ပွင့်လင်းလင်း မေးလိုက်တော့သည်။ “ ရှင် ဝမ်ကျင့်ဖျင်ကို နာမည်ကြီးအောင် လုပ်ပေးချင်လို့ ရှင့်ကုမ္ပဏီရဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ပေးခဲ့တာလို့ ကျွန်မ ထင်နေတာ။ ရှင်နဲ့ သူနဲ့ကြားမှာ ပြေလည်တဲ့ ဆက်ဆံရေး တစ်ခု ရှိတယ်လို့ပေါ့။ ”
“ အဲ့ဒီတုန်းက သူ့ကို စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ခဲ့လို့ပါ။ ”
“ စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ခဲ့လို့ … ” စုယန်ယန်က မျက်ခုံးတစ်ဖက် ပင့်ရင်း စိတ်ဝင်စားသွားသည်။ “ အဲ့တော့ ရှင်က ကျွန်မကို သူ့ထက် ပိုအသုံးဝင်မယ်လို့ ထင်လို့ ကျွန်မဆီ လာပြီး သူ့ကို စတေးချင်နေတာလား။ ”
သို့ထျန်းယီရဲ့ မျက်နှာပေါ်က အပြုံးက အနည်းငယ် ဖျော့တော့သွားသော်လည်း သူက အနည်းငယ်မျှ တုံ့ဆိုင်းမနေပါ။ “ မင်းက သူနဲ့ မတူဘူး။ ”
“ အတူတူပါပဲ။ ” စုယန်ယန်က သူ့ကို စကားဖြတ်ပြောလိုက်သည်။ အခငတော့ သူမရဲ့ စိတ်ခံစားချက်တွေ တည်ငြိမ်သွားပြီ ဖြစ်ကာ သို့ထျန်းယီကို ကြည့်တဲ့ အကြည့်က အရေးမပါတဲ့ လူတစ်ယောက်ကို ကြည့်နေသလို ၊ လှောင်ပြောင်သရော်ချင်လို အကြည့်မျိုး ရှိ၏။ “ ကျွန်မတို့ရဲ့ စံချိန်စံနှုန်းတွေ မတူဘူး ဆိုတာက ဒါကို ပြောတာပါ။ ကျွန်မနဲ့ သူနဲ့ကြားမှာ ရန်ငြိုးတွေ ရှိတယ် ဆိုတာကိုတော့ ဝန်ခံပါတယ် ၊ ဒါပေမဲ့ သူက အခု ရှင့်ဘက်မှာ ရပ်တည်ပြီးနေပြီ .. ရှင်ကလည်း သူ့ကို လက်ခံပြီးနေပြီ။ ကျွန်မနဲ့ ညှိနှိုင်းဖို့အတွက်နဲ့ သူ့ကို အသုံးမချသင့်ဘူး။ ”
သို့ထျန်းယီ မျက်မှောင်ကြုတ်လိုက်သည်။ “ အရေးကြီးတဲ့ ကိစ္စလေးတွေကြောင့် ကိုယ် သူ့ကို လက်ခံခဲ့တာပါ။ ဒါပေမဲ့ သူနဲ့ အကြာကြီး ထိတွေ့ဆက်ဆံပြီးတဲ့နောက်မှာတော့ သူ ကိုယ့်ကို ပြခဲ့သမျှ အရာရာတိုင်းက အတုအယောင်တွေပဲ ဆိုတာ နားလည်သွားတယ်။ ကိုယ့်ကို ချဉ်းကပ်လာတဲ့ သူ့ရည်ရွယ်ချက်ကလည်း မရိုးရှင်းဘူး။ သူတောင် ကိုယ့်ကို အသုံးချနိုင်သေးရင် ကိုယ်ကရော သူ့ကို ဘာလို့ အသုံးချလို့ မရ,ရမှာလဲ။ ”
“ ဒါဆို တစ်နေ့မှာ ကျွန်မ ဒါမှမဟုတ် တုန်ချမ်းက ရှင် ထင်ထားသလောက် အသုံးမဝင်တော့ဘူး ၊ ရှင် လိုချင်တဲ့ အရာကို မပေးနိုင်တော့ဘူး ဆိုရင် ရှင်က ကျွန်မကိုရော ဝမ်ကျင့်ဖျင်ကို ရောင်းသလိုမျိုး ရောင်းလိုက်မှာပဲလား။ ”
သို့ထျန်းယီ ဆွံ့အသွားသလို သူနှင့်အတူ ပါလာတဲ့ လီယွဲ့လည်း မျက်လုံးပြူးသွားသည်။ တစ်စုံတစ်ယောက်က သူ့ဘော့စ်ကို မညှာမတာ မှိုချိုးမျှစ်ချိုး ပြောနေတဲ့ အဖြစ်ကို သူ မယုံနိုင်ပါ။
839 02
ပိုလို့တောင် မယုံနိုင်စရာအကောင်းဆုံးကတော့ သူ့ဘော့စ်က ဒေါသထွက်တာထက် အံ့ဩသွားတဲ့ ပုံစံပေါက်သွားတာပင်။ ဒီအမျိုးသမီးက တကယ်ပဲ သာမန်အမျိုးသမီး မဟုတ်ပါလား။
သို့ထျန်းယီသည် ပြောစရာစကားပျောက်ဆုံး၍ ဆွံ့အနေခဲ့တာက စက္ကန့်ပိုင်းလောက်ပဲ ကြာကာ စုယန်ယန်ရဲ့ စကားထဲက ဟာကွက်ကို သူ ချက်ချင်း ရှာတွေ့သွားခဲ့သည်။
“ မင်းတို့နှစ်ယောက်က မတူဘူးလို့ ကိုယ် ပြောပြီးပြီပဲ။ အစကတည်းက သူ ကိုယ့်ကို ချဉ်းကပ်လာခဲ့တဲ့ ရည်ရွယ်ချက်က မသန့်စင်ခဲ့ဘူး။ ကိုယ် သူနဲ့ လက်တွဲပူးပေါင်းနေတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ခဲ့ဘူး။ အလွန်ဆုံးမှ အသုံးဝင်တဲ့ လူကို မှီခိုခဲ့တဲ့ ဆက်ဆံရေးအဆင့်ထက် မပိုခဲ့ဘူး။ မင်းကိုတော့ ကိုယ် တကယ့်ကို စိတ်ရင်းနဲ့ … ”
သူ့စကားမဆုံးခင်မှာပဲ နောက်တစ်ကြိမ် ဖြတ်ပြောခံလိုက်ရပြန်သည်။ “ ကျွန်မအတွက်တော့ အတူတူပဲ။ ကျွန်မက ဝမ်ကျင့်ဖျင်နဲ့ မတူပေမဲ့ ရှင်ကတော့ သူနဲ့ အတူတူပဲ။ ရှင် ကျွန်မနဲ့ တုန်ချမ်းကို ဘာလို့ ရုတ်တရက် စိတ်ဝင်စားသွားတာလဲ ဆိုတာ ကျွန်မ သေချာ မသိပေမဲ့ ရှင်က ကျွန်မတို့နဲ့ လက်တွဲပူးပေါင်းဖို့ အသည်းအသန် ကြိုးစားနေတာပဲ။ ဒါပေမဲ့ အတိတ်တုန်းက ပြဿနာတွေကြောင့်ပဲဖြစ်ဖြစ် ၊ ကုမ္ပဏီရဲ့ အနာဂတ်အတွက်ပဲဖြစ်ဖြစ် ဒီပူးပေါင်းမှုက အလုပ်ဖြစ်မယ်လို့ မထင်ဘူး။ ”
စုယန်ယန်သည် သို့ထျန်းယီကို စိုက်ကြည့်ပြီး ထိုစကားကို ပြောလိုက်တာ ဖြစ်သည်။ ဝမ်ကျင့်ဖျင် သူ့ကို စချဉ်းကပ်ခဲ့တဲ့ ရည်ရွယ်ချက်က မသန့်စင်ဘူး ဆိုတာကိုပါ တစ်ခါတည်း တိုက်ရိုက် အတိုချုံ့ ပြောလိုက်တာပါ။ အခု သူမကို ချဉ်းကပ်လာတဲ့ သူ့ရည်ရွယ်ချက်ကရော သန့်စင်တယ်လို့ ပြောလို့ ရပါ့မလား … ။
သူတို့က ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ လူတွေချည်းသာမို့ သူ့အတွေးကို ခန့်မှန်းရတာ မခက်ခဲပါ။ ရိုးရိုးလေး ပြောရလျှင်တော့ သို့ထျန်းယီက ကိုယ့်မျက်ချေးကို မမြင်ဘဲ သူများမျက်ချေးကို မြင်တဲ့ လူစားမျိုး ဖြစ်သည်။
++++++