← Chapters

အခန်း ၈၄၀

Vol. 56 Ch. 840

အခန်း ၈၄၀

Vol. 56 Ch. 840

840 01

အခန်း ( ၈၄၀ ) - ခခယယ တောင်းပန်ခြင်း။

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် အခန်းထဲမှာ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

လီယွဲ့ရဲ့ နဖူးမှာ ချွေးစေးတွေ စိုရွဲနေ၏။ သူ့ရဲ့ ဒေါသကြီးတဲ့ ဘော့စ်က မိန်းကလေးစုကို ဒီရုံးခန်းထဲမှာတင် တစ်ခုခု ထလုပ်လိုက်မှာကို သူ စိုးရိမ်လှသည်။ သို့သော်လည်း သူ မျှော်လင့်ထားသော မမြင်သင့်တဲ့ အဖြစ်အပျက်တွေ တစ်ခုမှ ဖြစ်မလာဘဲ သူ့ကို စိတ်ပျက်သွားစေခဲ့သည်။

သို့ထျန်းယီက စုယန်ယန်ကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။ “ မင်းက အရမ်း ဉာဏ်ကောင်းတယ်။ ဝမ်ကျင့်ဖျင်နဲ့ လုံးဝ မတူတဲ့ အချက်က အဲ့ဒါပဲ။ ”

စုယန်ယန် : “ ??? ” ရှင် လူတစ်ယောက်ကို ငတုံး ဆိုပြီး လှောင်ပြောင်နေတာလို့ ကျွန်မ ယူဆရမှာလား။

“ မင်းက ဉာဏ်ကောင်းလို့ပဲ ကိုယ် ဒီလောက် အလုပ်ရှုပ်ခံပြီး မင်းကို လာရှာခဲ့တဲ့ တကယ့်အကြောင်းအရင်း အစစ်ကို ခန့်မှန်းနိုင်တာလေ။ ”

“ … မဟုတ်ဘူး။ ကျွန်မ ဘာမှ မသိဘူး။ ” ဆိုရိုးစကား ရှိတယ်လေ … ဘာဆိုလဲ … ။ များများသိတဲ့ လူက မြန်မြန်သေတယ်တဲ့။ သူမ ဒီချောက်နက်ကြီးထဲကို ခုန်ချမှာ မဟုတ်ပါ။

ကံမကောင်းစွာဖြင့် စုယန်ယန်က ဒီချောက်နက်ကြီးကို ရှောင်ကွင်းသွားချင်ပေမဲ့ သို့ထျန်းယီကတော့ သူမရဲ့ ဆန္ဒအတိုင်း ရှောင်ကွင်းသွားခွင့်မပေးခဲ့ပါ။

“ ကိုယ် မင်းကို ဘယ်လို ခေါ်ရင် ကောင်းမလဲ။ မိန်းကလေးစုလို့ ခေါ်ရမလား ၊ စားသောက်ဆိုင်မန်နေဂျာစုလို့ ခေါ်ရမလား … ဒါမှမဟုတ် တင်ဆက်သူစုလို့ ခေါ်ရမလား။ ”

“ ရှင် ပြောနေတဲ့ စကားတွေကို ကျွန်မ နားမလည်ဘူး။ ” စုယန်ယန်သည် အစကတည်းက စိတ်ပြင်ဆင်ပြီးသွားပြီမို့ သူ့ရဲ့ ရုတ်တရက်ဆန်သော ထုတ်ဖော်ချက်ကို ကြားချိန်မှာ တုန်လှုပ်မသွားခဲ့။ “ ကျွန်မလို လူစိမ်းတစ်ယောက်ကို ရှင် ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားသွားပါလိမ့်လို့ အံ့ဩနေတာ။ လတ်စသတ်တော့ ရှင်က လူမှားနေတာပဲ။ ”

သို့ထျန်းယီကလည်း စုယန်ယန် ဝန်ခံမှာ မဟုတ်မှန်း ‌ကြိုမျှော်လင့်ထားပုံရသည်။ သူ့မျက်နှာပေါ်က အပြုံးက ပြောင်းလဲမသွားဘဲ အသံတိုးတိုးဖြင့် ဆက်ပြောသည်။ “ ကိုယ် လူမှားတာလား ၊ လူမှန်တာလား ဆိုတာ မင်းရော ၊ ကိုယ်ရော သိတယ်။ မိန်းကလေးစုရှေ့မှာ ဒီနေ့ ဒီလို ပြောနိုင်တယ် ဆိုကတည်းက ကိုယ့်မှာ မိန်းကလေးစုရဲ့ သရုပ်မှန်ကို သက်သေပြဖို့ ခိုင်လုံတဲ့ သက်သေ ရှိနေလို့ပါ။ ”

စုယန်ယန်ရဲ့ မျက်နှာမည်းမှောင်သွားရသည်။ သို့ထျန်းယီရဲ့ အပြုအမူတစ်ခုချင်းစီက သူ သူမရဲ့ သရုပ်မှန်ကို သံသယဝင်နေတယ်လို့ ဖော်ပြနေ၏။ သူမရဲ့ သရုပ်မှန်ကို သူ တကယ် သိလို့ ဒီစကားကို ပြောတာပဲဖြစ်ဖြစ် ၊ လိမ်ပြောနေတာပဲဖြစ်ဖြစ် ‌ဒီနေ့က စလို့ သူမ အရင်လို စိတ်ဖြောင့်လက်ဖြောင့် စိတ်ချလက်ချ နေလို့ မရလောက်တော့ပါ။

စုယန်ယန် သက်ပြင်းရှိုက်လိုက်မိသည်။ “ အဲ့တော့ ရှင်က ဘာလုပ်ချင်လို့လဲ။ သူခိုးဖမ်းသလို အမူအရာနဲ့ ကျွန်မရဲ့ ကုမ္ပဏီကို လာပြီး ဒီလို စကားတွေ လာပြောနေတာ။ ဒီကိစ္စ သုံးပြီး ကျွန်မကို ရှင်နဲ့ ပူးပေါင်းဖို့ ခြိမ်းခြောက်လို့ ရမယ်လို့ ထင်နေတာလား။ ”

ဒီအချိန်မှာတော့ စုယန်ယန် လှောင်ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ပါ။ “ အဲ့လို ဆိုရင်တော့ လူကြီးမင်းသို့ စိတ်ပျက်သွားမှာ စိုးရိမ်မိတယ်။ ကျွန်မရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားရတဲ့ အကြောင်းပြချက်က ကျွန်မရဲ့ ဝါသနာကို လူသိရှင်ကြားဖြစ်အောင် လုပ်စရာ မလိုဘူးလို့ ထင်လို့ပဲ။ အခု ကျွန်မအကြောင်းကို ရှင် သိသွားပြီ ဆိုတော့လည်း လူသိရှင်ကြား လုပ်ရုံပဲပေါ့။ အဲ့လို လူသိရှင်ကြား လုပ်လိုက်ရင် ကျွန်မနဲ့ ကျွန်မကုမ္ပဏီအတွက် ကျော်ကြားမှုကိုတောင် ယူဆောင်လာပေးလိမ့်မယ်။ ဘယ်လိုပဲကြည့်ကြည့် ကျွန်မအတွက် အရှုံးမရှိတဲ့ ကိစ္စပဲ မဟုတ်လား။ ”

“ မိန်းကလေးစုက ကိုယ့်ကို အရမ်း ရန်လိုပြီး တစ်ဖက်သတ် မုန်းတီးနေတာပဲ။ ” ဝှီးချဲ‌ပေါ်မှာ ထိုင်နေတဲ့ သို့ထျန်းယီရဲ့ အမူအရာက ပြောင်းလဲမသွား။ “ ကိုယ် မိန်းကလေးစုရဲ့ သရုပ်မှန်ကို ပြောတဲ့ အကြောင်းအရင်းက မိန်းကလေးစုကို ခြိမ်းခြောက်ချင်လို့ မဟုတ်ဘူး။ အကူအညီတောင်းချင်လို့ပါ။ ”

“ ကျွန်မကို အကူအညီတောင်းချင်လို့ …. ” စုယန်ယန်ရဲ့ နှလုံးသားက စည်းချက်တစ်ချက် လွတ်သွားသော်လည်း သတိရှိသော အမူအရာကို သူမ ဆက်ထိန်းထားဆဲ ဖြစ်သည်။ “ လူကြီးမင်းသို့ရဲ့ အကူအညီတောင်းတဲ့ ပုံစံက တကယ် ထူးဆန်းတယ်နော်။ ”

840 02

သို့ထျန်းယီကတော့ သူမရဲ့ ထေ့ငေါ့စကားကို စိတ်ထဲ မထည့်ပါ။ “ ကိုယ်က ကျန်းမာရေးသိပ်မကောင်းဘူး ဆိုတာ မင်းလည်း သိလောက်မှာပါ မိန်းကလေးစု။ ကိုယ် ရောဂါတစ်မျိုးကို ခံစားနေရတာ နှစ်ချီနေပြီ။ အမှတ်မထင် မိန်းကလေးစုရဲ့ ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းတဲ့ စားသောက်ဆိုင်ကို ရောက်သွားပြီး အဲ့ဒီက အစားအသောက်တွေကို စားဖြစ်ခဲ့တယ်။ အဲ့လိုနဲ့ မိန်းကလေးစုရဲ့ စားသောက်ဆိုင်က ဆေးဖက်ဝင်ဟင်းလျာတွေက ကိုယ့်ရောဂါကို သက်သာစေတယ် ဆိုတာ သိလိုက်ရတယ်။ ”

သို့ထျန်းယီက ပြောရင်း လီယွဲ့ဆီက ဆေးစစ်ချက်ရလဒ်စာရွက်ကို စုယန်ယန်ဆီ ကမ်းပေးလိုက်သည်။

စုယန်ယန်သည် ဆေးစစ်ချက်ရလဒ်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားရသည်။ အမှတ်မထင် တိုက်ဆိုင်မှုတဲ့လား … ။ ဒါကို တိုက်ဆိုင်မှုလို့ ပြောတာက ကျွန်မကို အရူးလို သဘောထားနေတာနဲ့ အတူတူပဲ … ။

+++++

All Chapters