← Chapters

အခန်း ၈၄၁

Vol. 57 Ch. 841

အခန်း ၈၄၁

Vol. 57 Ch. 841

841 01

အခန်း ( ၈၄၁ ) - ရှင့်ရောဂါကို ကုသနိုင်မယ့် တစ်နေ့တော့ ရောက်လာမှာပါ။

စုယန်ယန်က ထိုဆေးစစ်ချက်စာရွက်ကို မယူဘဲ သို့ထျန်းယီကိုသာ ကြည့်ကာ မျက်ခုံးပင့်၍ တဟင်းဟင်း ရယ်လိုက်သည်။ “ လူကြီးမင်းသို့က ကျွန်မကို ရှင့်ရောဂါကို သက်သာ‌အောင် ဆေးဖက်ဝင်ဟင်းလျာတွေ ချက်ပေးစေချင်တာနဲ့ပဲ ဇာတ်လမ်းဆင်တာ များနေပြီ။ ”

“ ကိုယ်က ရောဂါသက်သာချင်တာ မဟုတ်ဘူး။ ”

“ သက်သာချင်တာ မဟုတ်ဘူး ….. ”

“ အမြစ်ပြတ်ပျောက်ကင်းချင်တာ။ ”

စုယန်ယန်က ပြက်လုံးကောင်းတစ်ပုဒ်ကို ကြားလိုက်ရသလိုပင် ရယ်လိုက်သည်။ “ ရှင် နောက်နေတာပဲ ဖြစ်ရမယ် လူကြီးမင်းသို့။ ကျွန်မနဲ့ ရှင်နဲ့ကြားမှာ ခင်မင်ရင်းနှီးမှုလည်း မရှိသလို ကျွန်မကလည်း ရှင့်ကို ကူညီပေးပါ့မယ်လို့ သဘောတူထားသေးတာ မဟုတ်ပါဘူး။ ရှင့်ကို ကူညီမယ် ဆိုရင်တောင် အဲ့လို ယုတ္တိမရှိတဲ့ အာမခံချက်မျိုးကို ကျွန်မ မပေးနိုင်ဘူး။ ဆရာဝန်တစ်ယောက်က ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ၊ ဘယ်ရောဂါကိုမဆို ပျောက်ကင်းအောင် ကုသပေးမယ်လို့ အာမ,မခံနိုင်ဘူး ဆိုတာ ရှင် သိထားရမယ်။ ”

သို့ထျန်းယီက သူမနှင့် ထိုအကြောင်းကို ငြင်းခုံမနေဘဲ “ မိန်းကလေးစုရဲ့ ခင်ပွန်းက အက်ဆီးဒင့်ကြောင့် ဆယ်နှစ်နီးပါး ခြေထောက်အကြောသေသွားတယ်ခဲ့လို့ ကိုယ် ကြားထားတယ်။ ” ဟု ပြောလိုက်သည်။

အကြောသေတယ် ဆိုတဲ့ စကားလုံးက စုယန်ယန်ရဲ့ အရှိုက်တည့်တည့်ကို ထိသွားပြီး သူမရဲ့ မျက်နှာကို မည်းမှောင်သွားစေသည်။

သို့သော် သို့ထျန်းယီကတော့ ဘာကိုမှ မမြင်လိုက်သလို ပုံစံဖြင့် ဆက်ပြောနေခဲ့သည်။ “ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူ ဘယ်လို ဘေးထွက်ဆိုးကျိုးမှ မရှိဘဲနဲ့ လူကောင်းပကတိအတိုင်း ပြန်ဖြစ်သွားခဲ့တယ်။ ”

“ ကျွန်မခင်ပွန်းက နှစ်ချီပြီး ကုသမှုခံယူခဲ့တာလေ။ သူ ပြန်‌သက်သာလာတာ မထူးဆန်းဘူး။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်း လူကောင်းပကတိ ပြန်ဖြစ်သွားခြင်းအတွက် ကျေးဇူးတင်ရမယ့် လူတွေက ဒီနှစ်တွေ တစ်လျှောက်လုံး သူ့ကို ကုသလာပေးခဲ့တဲ့ ဆရာဝန်တွေ ဖြစ်ကြောင်း တမင် ပြောလိုက်သည်။

ဒါပေမဲ့ သို့ထျန်းယီကို သူမ ဆန္ဒရှိသလို ယိမ်းယိုင်သွားအောင် လုပ်လို့ မရပါ။ “ မိန်းကလေးစုပဲ ပြောတော့ တချို့ ရောဂါတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေတောင် ကုသပေးနိုင်မယ်လို့ အာမ,မခံနိုင်ဘူးဆို။ ”

“ ရှင့်ရောဂါကို အရှင်းပျောက်အောင် ကုလို့ မရတဲ့ အကြောင်းအရင်းက နည်းပညာတွေ မဖွံ့ဖြိုးသေးလို့ပဲ။ ဆေးပညာကတော့ အမြဲတမ်း တိုးတက်ပြောင်းလဲနေတာ။ အရင်က ကုသလို့ မရတဲ့ ရောဂါကို အနာဂတ်မှာလည်း ကုသလို့ မရဘူးလို့ ပြောလို့ မရဘူး။ ”

“ မိန်းကလေးစု ပြောသလိုဆို ကိုယ့်ရောဂါကိုလည်း တစ်နေ့မှာ ကုသလို့ ရမယ် ဆိုတဲ့ အဓိပ္ပာယ်လား။ ”

စုယန်ယန်က နွေးထွေးချင်ယောင်ဟန်ဆောင်ထားသော အပြုံးတုလေးဖြင့် ပြုံးပြလိုက်သည်။ “ ရှင့်ရောဂါကို ကုသနိုင်မယ့် တစ်နေ့တော့ ရောက်လာမှာပါလို့ ကျွန်မ ပြောတာပါ။ အဲ့နေ့က နှေးမလား ၊ မြန်မလား ဆိုတာကိုတော့ ဘယ်သူ သိမှာလဲ။ ကျွန်မလည်း အတိအကျကြီးတော့ မပြောနိုင်ဘူးလေ။ ”

နှစ် သုံး ၊ လေးရာအတွင်းမှာတော့ သို့ထျန်းယီရဲ့ သွေးရောဂါတစ်မျိုးကို ကင်ဆာရောဂါလိုပဲ ပျောက်ကင်းအောင် ကုသလို့ ရလောက်ပါသည်။ ဆရာဝန်တွေက သို့ထျန်းယီရဲ့ ရောဂါကို သေစေနိုင်တဲ့ ရောဂါမှန်း သိတာတောင် ဒီရောဂါကို ကုသနိုင်မယ့် အထူးဆေးဝါးကို အခုချိန်ထိ မထုတ်လုပ်နိုင်သေးတဲ့ အကြောင်းအရင်းကတော့ ဒီရောဂါကို လေ့လာဖို့ နှစ်ရာချီပြီး အချိန်လိုအပ်လို့ပါပဲ။

အဲ့အချိန်ထိ သို့ထျန်းယီ အသက်ရှင်နေနိုင်မှာ မဟုတ်ပါ။ ဆေးဝါးထုတ်လုပ်နိုင်တဲ့ အချိန်ကျ သို့ထျန်းယီ ဘယ်နှဘဝလောက် ဝင်စား‌ပြီးနေပြီလဲ ဆိုတာတောင် ဘယ်သူမှ သိမှာ မဟုတ်။ ထို့ကြောင့် သို့ထျန်းယီရဲ့ ရောဂါနှင့် ပတ်သက်လို့ ဘယ်ဆရာဝန်မှလည်း ဘာမှ လုပ်မပေးနိုင်ပေ။

သို့ထျန်းယီက သူမရဲ့ စကားကို ကြားချိန်မှာ သူ့မျက်လုံးထဲက အလင်းရောင်လေး မှိန်ဖျော့သွားသော်လည်း စိတ်ပျက်ခြင်းနှင့် ကျင့်သားရနေသကဲ့သို့ပင် မူလအတိုင်း လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

“ နည်းနည်းလေး ခက်ခဲနိုင်မယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ မိန်းကလေးစု ကိုယ့်ကို ကူညီပေးနိုင်မယ်လို့ ယုံကြည်တယ်။ အနာဂတ်မှာ ကိုယ့်ရောဂါကို သက်သာအောင် လုပ်ပေးချင်တာဖြစ်ဖြစ် ၊ ဒါမှမဟုတ် ကူပြီး ဆေးကုပေးတာမျိုးဖြစ်ဖြစ်ပေါ့။ ”

သူ့ဘဝကို သူတစ်ပါးရဲ့ လက်ထဲကို ပုံအပ်ရတဲ့ ဒီခံစားချက်က သို့ထျန်းယီကို ထိထိခိုက်ခိုက် ဆို့နင့်ကြေကွဲစေခဲ့ဖူးပါသည်။

သို့သော် ကံကြမ္မာက တစ်ခါတရံ လူတွေကို စနောက်ရတာကို သဘောကျဟန်တူသည်။ ကိုယ် အမုန်းဆုံး ၊ အကြောက်ရွံ့ဆုံးအရာကပဲ ရှောင်လွှဲဖို့ မဖြစ်နိုင်ဆုံး ဖြစ်လာတာ … ။ အဆုံးသတ်မှာ ကိုယ့်ဘက်က စိတ်ပျက်လက်လျှော့ပြီး အထိခိုက်ခံလိုက်ဖို့သာ ရှိသည်။

841 02

“ အပြန်အလှန်အနေနဲ့ မင်း လိုအပ်တဲ့ ၊ မင်း လိုချင်တဲ့ ဘယ်တန်ကြေးနဲ့မဆို ကိုယ် တတ်နိုင်သမျှ အရာရာတိုင်းကို လုပ်ပေးမယ်။ ”

စုယန်ယန်က သူ ပေးတဲ့ ကတိကို စိတ်မယိုင်ဘဲ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ “ ချန်ဟွမ်း လူကောင်းအတိုင်း ပြန်ဖြစ်သွားရတဲ့ အကြောင်းအရင်းက သူ ဒီနှစ်တွေ တစ်လျှောက်လုံး ကုသမှုခံယူနေခဲ့လို့ပါလို့ ကျွန်မ ပြောပြီးပြီပဲ။ သူ့ဘေးက ဆရာဝန်တွေက … ”

စုယန်ယန်ရဲ့ စကားမဆုံးခင်မှာပဲ သို့ထျန်းယီက ဖြတ်ပြောလိုက်သည်။ “ တကယ်ပဲ မိန်းကလေးစု ပြောသလိုသာ ဆိုရင် မိန်းကလေးစုရဲ့ ယောက်ျား နောက်ပိုင်းမှာ ပြန်ကောင်းသွားတာတွေ၊ ဘယ်ကမှန်းမသိတဲ့ လူတွေကရော ဘာလို့ ပြန်ကောင်းသွားတာလဲ။ ပြန်ကောင်းဖို့ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ခံရဖူးတဲ့ ရောဂါတွေတောင် ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ လူကောင်းပကတိဖြစ်သွားခဲ့တာလေ။ အဲ့ဒါကပဲ ကျန်ရှိနေတဲ့ ဘဝအတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ထင်ခဲ့တဲ့ လူနာတွေ ၊ မိသားစုတွေအတွက် အလိုအပ်ဆုံးပဲ။ ဒါပေမဲ့ တကယ်တမ်းကျ အဲ့လို မဟုတ်ပါလား။ ”

+++

All Chapters