အခန်း ၈၄၂
Vol. 57 Ch. 842
842 01
အခန်း ( ၈၄၂ ) - ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာပဲ။
စုယန်ယန်သည် ထိုစကားကို ကြားသည်နှင့် သူမရဲ့ အမူအရာလည်း ပြောင်းလဲသွားခဲ့သည်။ သူ ဒီနေ့ တကယ့်ကို ပြင်ဆင်ပြီးမှ ရောက်လာတာပင်။ သူ ပြောလိုက်တဲ့ စကား တစ်ခွန်းချင်းစီက သူမကို ပြောစရာစကားပျောက်ဆုံးသွားစေသည်။
သူက သူမနှင့် ပတ်သက်သမျှ အရာအားလုံးကို သိထားတဲ့အတွက် သူမ ဘယ်လိုပဲ ငြင်းပယ်လိမ်ညာနေပါစေ ၊ အသုံးမဝင်တဲ့ အကြောင်းကို နည်းလမ်းပေါင်းစုံနှင့် ပြောနေ၏။
သူမ ဒီနေ့ ဘယ်လိုပဲ ပြောပြော ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်ပါ။ ထွက်ပေါက်ပိတ်သွားသလို စိတ်ပျက်မှုက စုယန်ယန်အား သူ့ကို မုန်းတီးစွာ အံကြိတ်မိစေသည်။
“ ကျွန်မတို့နှစ်ယောက် ပထမဆုံး စတွေ့ကတည်းက တစ်ယောက်အပေါ် တစ်ယောက် ကောင်းမွန်တဲ့ အမြင် မရှိခဲ့တာ ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ အခုက စပြီး ကျွန်မတို့ ဘယ်လို အကျိုးအမြတ်တွေနဲ့မှ ချည်နှောင်မထားတဲ့ သူငယ်ချင်းတွေ ၊ ဒါမှမဟုတ် စီးပွားဖက်တွေအဖြစ်ပဲ ရှိချင်တယ်။ ”
“ ကိုယ်ကတော့ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းဖြစ်နိုင်မယ်လို့ မထင်ဘူး။ ”
စုယန်ယန်မှာ သူငယ်ချင်း များများစားစား မရှိသော်လည်း တစ်ယောက်မှ မရှိတာတော့ မဟုတ်ပါ။
သို့ထျန်းယီလို သူမအား စိတ်ရင်းနှင့် မိတ်ဆွေဖွဲ့ချင်နေပုံရပေမဲ့ တကယ်တမ်းမှာ ဟိုးအရင်ကတည်းကနေ အခုချိန်ထိ အထက်စီးဆန်နေခဲ့တဲ့ လူတစ်ယောက်အတွက်တော့ သူငယ်ချင်းလုပ်ရတာက အပေးအယူလုပ်ရသလိုပါပဲ။
သူနှင့် သူငယ်ချင်းဖွဲ့လို့ မရဘူး ဆိုတာကို စုယန်ယန်လည်း နားလည်သည်။
သို့ထျန်းယီရဲ့ အမူအရာကတော့ မပြောင်းလဲဘဲ စုယန်ယန်ကို ကြည့်ကာ အပြုံးလေးဖြင့်သာ ပြောလိုက်သည်။ “ သူငယ်ချင်းတစ်ယောက် တိုးလာတာက ရန်သူတစ်ယောက် တိုးလာတာထက် ပိုကောင်းပါတယ်။ ကိုယ့်ကို ယုံပါ။ မင်းရော ၊ မင်းယောက်ျားရော ကိုယ့်ကို ရန်သူတစ်ယောက်အဖြစ် ရှိစေချင်မှာ မဟုတ်ဘူး။ ”
စုယန်ယန်သည် ငြိမ်သက်သွားကာ သူမရဲ့ မျက်လုံးတွေကလည်း အေးစက်သွားခဲ့သည်။ “ ရှင် ကျွန်မကို လာခြိမ်းခြောက်နေတာလား။ ”
ဝံပုလွေက ဝံပုလွေပဲ။ ဘယ်တော့မှ ခွေးတစ်ကောင် ဖြစ်မလာနိုင်ဘူး။ ကြောင်တစ်ကောင် ဖြစ်လာဖို့ ဆိုရင်တော့ ပိုလို့တောင် ဝေးသေးတယ်။ သိုးသားရေခြုံထားရင်တောင် အနှေးနဲ့အမြန် လက်သည်းတွေကို ထုတ်ပြပြီး တစ်ဖက်လူကို အစိတ်စိတ် အမြွှာမြွှာ ဆွဲဖြဲပစ်မှာပါ။
“ ကိုယ်က အမှန်အတိုင်း ပြောတာပါ။ ပြောရရင် သေခါနီး လူတစ်ယောက် မလုပ်နိုင်တဲ့ အရာ ဆိုတာ မရှိဘူးလေ။ အထီးကျန်ပြီး ရောဂါကျွမ်းနေတဲ့ ကိုယ့်ထက် စာရင် မိန်းကလေးစုက ကမ္ဘာပေါ်မှာ စိတ်ပူပေးရမယ့် လူတွေ ပိုများမှာပေါ့။ ”
‘ ဘာမှ ဆုံးရှုံးစရာ မကျန်တော့တဲ့ လူက အဆုံးသတ်ကို ရောက်လာတဲ့အခါ သူ ဘာဆက်လုပ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ’ ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ ဒါက သေစေနိုင်တဲ့ ရောဂါစွဲကပ်နေသူတွေမှာ စိတ်ရောဂါတစ်မျိုးမျိုး စွဲကပ်နေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်မျိုး ဆိုရင်လည်း မမှားပါ။ သူတို့က ‘ ငါတို့တောင် သေရတော့မယ့် အချိန်မှာ တခြားသူတွေက ဘာလို့ ကောင်းကောင်း အသက်ရှင်နေရတာလဲ ’ ဆိုတဲ့ အတွေးမျိုး အလွယ်တကူ ဝင်သွားတတ်သည်။
သူတို့နှင့်အတူတူ သေဆုံးဖို့ လူတချို့ကို ဆွဲချသွားလို့ ရလျှင်ပဲ ကံကောင်းလှပါပြီ။
ထိုအံ့ဩဖွယ်ကောင်းစွာ ရှုပ်ထွေးပွေလီသော အတွေးကပဲ အဖြစ်ဆိုးတွေ အများကြီးကို ဖန်တီးခဲ့တာ ဖြစ်ပြီး လူတွေအား သို့ထျန်းယီလို လူစားမျိုးတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ နားလည်သွားစေသည်။
သူ့စကားကြောင့် စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ဒေါသက အမြင့်ဆုံးကို ရောက်သွားသည်။
ဒီလူကများ ရာရာစစ … ရာရာစစ သူမရဲ့ မိသားစုကို ခြိမ်းခြောက်ရဲတယ်။ ရာရာစစ။
842 02
စုယန်ယန်ရဲ့ ဒေါသကို မြင်တဲ့ သို့ထျန်းယီရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကွေးတက်သွားကာ ခြိမ်းခြောက်မှုကို ရပ်တန့်လိုက်ပါသည်။ “ ကိုယ် ပြောတဲ့ စကားကို မိန်းကလေးစု စဉ်းစားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်လည်း လင့်နေပြီ ဆိုတော့ ကိုယ် မိန်းကလေးစု အလုပ်,လုပ်နေတာကို ဆက်မနှောင့်ယှက်တော့ဘူး။ ”
သို့ထျန်းယီက ပြောရင်း လီယွဲ့ကို တစ်ချက် အကြည့်ပို့လိုက်တော့ လီယွဲ့က ချက်ချင်း နားလည်သွားကာ ရှေ့ထွက်၍ လုပ်ငန်းကတ်လေးကို ပေးလိုက်သည်။
“ ဒါက ကိုယ့်ရဲ့ လုပ်ငန်းကတ်ပါ။ မင်း စိတ်ပြောင်းသွားရင် ကိုယ့်ကို အချိန်မရွေး ဆက်သွယ်လိုက်လို့ ရတယ်။ စိတ်ပြောင်းဖို့ အချိန် အရမ်း ကြာနေရင် ကိုယ် မိန်းကလေးစုကို ထပ်ပြီး လာရှာပါ့မယ်။ အချိန်တွေ ကျန်ပါသေးတယ်။ ”
စုယန်ယန်ရဲ့ မျက်နှာက နောက်တစ်ကြိမ် မည်းမှောင်သွားခဲ့ပြီး ထိုလုပ်ငန်းကတ်နှင့် သို့ထျန်းယီကို ပစ်ပေါက်ချင်စိတ်က နှလုံးသားထဲမှာ တဖွားဖွား ပေါ်ပေါက်လာသည်။
သို့ထျန်းယီကတော့ စုယန်ယန် ဒေါသထွက်နေမှန်း သိသော်လည်း သူမ တစ်နေ့မှာ လက်လျှော့ပြီး သူ့ကို သူမဘက်က စဆက်သွယ်လာလိမ့်မယ် ဆိုတာ သေချာနေသကဲ့သို့ပင် နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်နေခဲ့လေသည်။
လီယွဲ့က သို့ထျန်းယီ ထိုင်နေတဲ့ ဝှီးချဲကို စုယန်ယန်ရဲ့ ရုံးခန်းထဲက တွန်း၍ ခေါ်ဆောင်သွားရင်း ရုတ်တရက် ရပ်တန့်သွား၏။
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်ရဲ့ တည်ငြိမ်သာ ဝမ်းနည်းမှုစွက်နေသော အသံကို စုယန်ယန် ကြားလိုက်ရသည်။ “ ကိုယ့်ဆန္ဒက ရိုးရှင်းတယ်။ အသက်ဆက်ရှင်ချင်ရုံလေးပဲ။ ”
စုယန်ယန်က ဘေးတစ်ဖက်တစ်ချက်ဆီမှာ ချထားတဲ့ လက်နှစ်ဖက်ကို လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ မှန်တာပေါ့ ၊ ဘယ်သူကရော အသက်ရှင်နိုင်ရက်သားနဲ့ သေချင်မှာလဲ။ ဒါပေမဲ့ ဒီလူသာ အသက်ဆက်ရှင်နေရင် သူ့ပတ်ဝန်းကျင်က လူတွေရဲ့ သေခြင်း ၊ ရှင်ခြင်းကို စိတ်တိုင်းကျ ခြယ်လှယ်ရင် ဘယ်လို လုပ်မလဲ။ အဲလိုဆိုရင်တောင် ဒီကိစ္စတွေက သူမနဲ့ ဘာမှ မဆိုင်သလိုမျိုး သူ့ကို စိတ်နှလုံးအေးစက်စွာ ဆေးကုပေးရဦးမှာလား ၊ ဒါမှမဟုတ် အနာဂတ်မှာ ဒုက္ခရောက်နိုင်မယ့် အန္တရာယ်ကို ရင်းပြီး သူ့ကို ငြင်းပယ်ရမှာလား … ။
+++++