အခန်း ၈၄၃
Vol. 57 Ch. 843
843 01
အခန်း ( ၈၄၃ ) မုန်တိုင်း မတိုက်ခင် လာတဲ့ လေပြည်အေး။
“ အဲ့တော့ သူက အသက်ရှင်ချင်တယ်ပေါ့ … ” စုယန်ယန်သည် လှောင်ပြုံး ပြုံးပြီး ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်၏။ “ ဘယ်သူကရော အသက်မရှင်ချင်လို့လဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ အသက်ရှင်ချင်စိတ်ပြင်းပြနေပါစေ ၊ ကိုယ့်ဆန္ဒပြည့်ဝဖို့ သူတစ်ပါးကိုတော့ ချမနင်းသင့်ဘူး။ ”
သူမရဲ့ အရင်ဘဝတုန်းက ဝမ်ကျင့်ဖျင်ကလည်း ဒီပုံစံအတိုင်းပဲ ဖြစ်ကာ လက်ရှိ သို့ထျန်းယီကလည်း သူမနှင့် ဘာမှ ထူးမခြားနားပါ။
ထိုအကြောင်းကို တွေးမိတော့ စုယန်ယန်ရဲ့ မျက်လုံးတွေ မှုန်မှိုင်းအေးစက်သွားသလို သူမရဲ့ နှလုံးသားလည်း အေးစက်မာကြောသွားခဲ့သည်။
“ ဘော့စ် ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ။ ” လီယွဲ့က သို့ထျန်းယီကို တုန်ချမ်းထဲမှ တွန်း၍ ခေါ်ဆောင်လာခဲ့ပြီး ကားထဲကို ရောက်သည်နှင့် စောဒကတက်လိုက်မိသည်။ “ မိန်းကလေးစုက ဘော့စ်ကို အမြင်ကြည်တာ မဟုတ်ဘူး။ ဒီနေ့ ပြဿနာကြောင့် သူ ဘော့စ်ကို သတ်ချင်စိတ်တောင် ပေါက်သွားလောက်မယ် ထင်တယ်။ ”
နောက်ခန်းထဲမှာ မျက်လုံးမှိတ်လျက်သား ထိုင်နေတဲ့ သို့ထျန်းယီက လီယွဲ့ရဲ့ စကားကို ကြားတော့ မျက်လုံးတွေ ပွင့်လာပြီး ပြုံးလိုက်သည်။ “ ငါ ဒီနေ့ ပြဿနာမရှာရင်ရော သူက ငါ့ကို အမြင်ကြည်လင်မှာမို့လို့လား။ ”
လီယွဲ့တစ်ယောက် လည်ချောင်းနင်သွား၏။ သူ့အမြင်အရ စုယန်ယန်ကို ဘော့စ် အစပိုင်းမှာ ပြောတဲ့ စကားတွေကတော့ အဆင်ပြေတယ်လို့ သတ်မှတ်လို့ ရပါသည်။ ကံမကောင်းစွာဖြင့် ကြိုတင်သတ်မှတ်ထားတဲ့ သဘောထားတွေကို အလွယ်တကူ ပြောင်းလဲလို့ မရပါ။
သို့ထျန်းယီက သူမကို ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောပြီး စည်းရုံးသိမ်းသွင်းလို့ မရတာကြောင့် ဖိအားသုံးဖို့ ဆုံးဖြတ်လိုက်တာပါ။
လီယွဲ့သည် သူ့နဖူးပေါ်က ချွေးစေးတွေကို ပွတ်သုတ်ပစ်ရင်း သူ့ဘော့စ်ကို မရဲတရဲ ဖြောင်းဖြကြည့်လိုက်သည်။ “ မိန်းကလေးစုကို အနုနည်းနဲ့ရော ၊ အကြမ်းနည်းနဲ့ရော စည်းရုံးလို့ မရဘူး ဆိုရင်တောင် ဘော့စ်က သူ့ကို အကူအညီတောင်းဖို့ ဒီကို လာခဲ့တာလေ။ ဒါက အရမ်း … ၊ ပြောရရင် ဘော့စ်က အနာဂတ်မှာ သူ့ကို ဆေးကုသမှုအတွက် မှီခိုရဦးမှာလေ။ တကယ်လို့ သူသာ မကျေမနပ်ဖြစ်သွားပြီး ဘော့စ်ရဲ့ ဆေးကုသမှုကို ထိခိုက်အောင် လုပ်လာရင် … ”
“ အဲ့လို လုပ်လာရင် သူ့ကို လက်စားချေရမှာပေါ့။ ” သို့ထျန်းယီက တည်ငြိမ်စွာပဲ ပြန်ပြောလိုက်သည်။ “ ငါ ဒီအချိန်ထိ ရှင်သန်လာရတာနဲ့တင် ခက်ခဲနေပြီ။ ငါ သေသွားတဲ့ အချိန်မှာ ငါနဲ့အတူ လူတချို့ကိုပါ ဆွဲချသွားချင်တယ်။ အဲ့ဒါမှ ငရဲကို သွားတဲ့ လမ်းမှာ ငါတစ်ယောက်တည်း အထီးကျန်မနေမှာ။ ”
လီယွဲ့က ထိုစကားကို ကြားတော့ ရုတ်ချည်း ဆိုသလိုပဲ ခန္ဓာကိုယ်အနှံ့မှာ ကြက်သီးမွေးညှင်းတွေ ထသွားမိလေသည်။ သူ့ရဲ့ အလိုလိုသိစိတ်က သို့ထျန်းယီ နောက်ပြောင်နေတာ မဟုတ်ကြောင်း ပြောပြနေသည်။
“ အဟားဟားဟား ၊ ဘော့စ်က ဟာသပြောတတ်တာပဲ။ ”
သို့ထျန်းယီက သူ့ကို ဘာမှ ဆက်ပြောမနေတော့ဘဲ မျက်လုံးတွေကို ပြန်မှိတ်ထားပြီး လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ “ ခခယယ တောင်းဆိုတာက ငါ့ပုံစံ မဟုတ်ဘူး။ ”
ရှေးလူကြီးတွေ ပြောခဲ့တဲ့ ‘ မုန်တိုင်း မတိုက်ခင် လေပြည်အေး အရင် လာတယ် ’ ဆိုတဲ့ စကားလိုပဲ သူ့ဘက်က သူမကို လက်ဆောင်ပေးပြီးနေပါပြီ။ သူ့လက်ဆောင်ကို စုယန်ယန် လက်မခံရင် သူ့မှာလည်း ဖိအားသုံးစရာ အကြောင်းပြချက် ရှိလာလိမ့်မည်။
သို့ထျန်းယီသည် စကားအကောင်း ပြောပြီး ညှိနှိုင်းနေရတာထက် သူ့အပြုံးထဲမှာ ဓားတစ်လက်ကို ဖုံးကွယ်ထားပြီး တခြားလူတွေကို အမြတ်ထုတ်ရတာကိုပဲ ပိုသဘောကျသည်။
စုယန်ယန်ရဲ့ ကုမ္ပဏီထဲက သို့ထျန်းယွီ ထွက်သွားသာ်နှင့်တစ်ပြိုင်နက် စုယွီရွှမ်းနှင့် ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ ရုံးခန်းထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို သတင်းကြားခဲ့ကြသည်။
ထိုအချိန်တုန်းက ရုံးခန်းထဲမှာ လူလေးယောက်ပဲ ရှိတာမို့ သတင်းဖြန့်တဲ့ လူက ဘယ်သူလဲ ဆိုတာ သိသာထင်ရှားပါသည်။
စုယွီရွှမ်းက ထိုသတင်းကို ကြားချိန်မှာ မျက်နှာမည်းမှောင်သွားပေမဲ့ သူ့မှာ သို့ထျန်းယီကို အလျင်စလို လက်တုံ့ပြန်ဖို့ စိတ်ကူးမရှိဘဲ ထိုအစား ရှားကျွင်းရှန့်ကိုသာ ဒီသတင်းအား ဟောက်ချန်ဟွမ်းကို တင်ပြခိုင်းလိုက်သည်။
843 02
သူ့ခံယူချက်အရ ယန်ယန် အိမ်မှာ ရှိနေတဲ့ အချိန်မှာတော့ သူနှင့် သူ့အဖေက သူမကို ကာကွယ်ပေးရမှာ ဖြစ်သည်။ ဒါပေမဲ့ အခုတော့ သူမက အိမ်ထောင်သည် ဖြစ်နေပြီမို့ သူမရဲ့ ခင်ပွန်းက ပထမဆုံး လှုပ်ရှားရပါမည်။ မဟုတ်ရင် သူ့ညီမက ဘာမဟုတ်တဲ့ ကောင်နဲ့ လက်ထပ်ထားသလို ဖြစ်သွားမှာ မဟုတ်လား။
ရှားကျွင်းရှန့်သည် စုယွီရွှမ်းရဲ့ ချဉ်တူးနေသော မကျေနပ်ချက်တွေကို နားထောင်ရင်း ရယ်ချင်စိတ်ကို မနည်း ထိန်းထားခဲ့ရသည်။ နောက်ဆုံးမှာတော့ သူ ဒီသတင်းကို ဟောက်ချန်ဟွမ်းထံ သွားတင်ပြလိုက်သည်။
သို့သော်လည်း တွက်ချက်ချင့်ချိန်ပြီးတဲ့နောက်မှာ စုယန်ယန်ကို သို့ထျန်းယီ ပြောခဲ့တဲ့ စကားတွေကိုသာ တစ်ဆင့် ပြန်ပြောပြခဲ့ပြီး သို့ထျန်းယီ သုံးခဲ့တဲ့ အဓိပ္ပာယ်ဒွိဟထွက်သော လေသံကိုတော့ ထည့်မပြောခဲ့ပေ။
အဲ့လို ဆိုရင်တောင် ထိုအကြောင်းကို သိလိုက်ရချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။
“ သူက ငါတို့မိသားစုရဲ့ လုံခြုံရေးနဲ့ ယန်ယန့်ကို ခြိမ်းခြောက်ရဲတယ် ဆိုတော့ တော်တော်လေး အတင့်ရဲတာပဲ။ ”
ဘေးမှာ ရပ်နေတဲ့ ကျိုးယန်ပိုင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ရှိနေသော်လည်း သူ့မျက်လုံးတွေကတော့ ကြောက်စရာကောင်းလောက်အောင်ပင် အေးစက်နေခဲ့သည်။
“ ဥက္ကဌသို့မှာ သူ တန်ဖိုးထားရတဲ့ လူတွေ မရှိလို့ နေမှာပါ။ အဲ့ဒါကြောင့် သူ အရမ်း အကြောက်အလန့်မရှိ ပြဿနာရှာချင်နေတာ ဖြစ်နိုင်တယ်။ ”
ဟောက်ချန်ဟွမ်းက သရော်ပြုံး ပြုံးပြီး ပြောလိုက်သည်။ “ သို့မိသားစုရဲ့ မိသားစုခွဲက လူတွေထဲမှာ အသက်ရှင်တဲ့ လူတွေ ရှိသေးတယ်လို့ မင်း အရင်က ပြောဖူးတယ် မဟုတ်လား။ ”
+++++