အခန်း ၈၄၄
Vol. 57 Ch. 844
844 01
အခန်း ( ၈၄၄ ) အဆာပြေမုန့် ပို့ပေးခြင်း။
“ အင်း။ အရင်တုန်းက သို့မိသားစုက အာဏာကို အရူးအမူး လိုက်ရှာရင်း ရုတ်ရုတ်သဲသဲ ပြဿနာတွေ တက်ခဲ့တယ်။ အဲ့ပြဿနာတွေထဲမှာ ပါဝင်ခဲ့တဲ့ လူအများစုကတော့ အခုအချိန်မှာ သက်ရှိထင်ရှား မရှိတော့ဘူး။ သို့ထျန်းယီရဲ့ ဦးလေးက မွေးတဲ့ သားနှစ်ယောက်ကတော့ အဲ့အချိန်မှာ နိုင်ငံခြားမှာ ကျောင်းတက်နေခဲ့လို့ နိုင်ငံတွင်းမှာ မရှိတာနဲ့ လွတ်မြောက်သွားခဲ့တယ်။ ”
“ ငါ မှတ်မိသလောက်တော့ သို့မိသားစုမှာ ဦးဆောင်သူ အဆင့်ဆင့် ပြောင်းတဲ့ အချိန်တုန်းက အဲ့ဒီဦးလေးက သို့ထျန်းယီကို အများဆုံး တိုက်ခိုက်ခဲ့တဲ့ လူ မဟုတ်လား။ ”
“ ဟုတ်တယ် ၊ သို့ထျန်းယီရဲ့ အဲ့ဒီဦးလေးနဲ့ အဖေက မျိုးရိုးမတူသလို သွေးလည်း ဝေးတယ်။ သို့မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူက ရောဂါကြောင့် စောစောစီးစီး သေဆုံးသွားတဲ့အတွက် မိသားစုခွဲကနေပဲ ဆက်ခံသူကို ရွေးချယ်ခဲ့ရတယ်။ အဲ့အချိန်တုန်းက အလားအလာအကောင်းဆုံး လက်ရွေးစင်တွေက သို့ထျန်းယီရဲ့ အဖေနဲ့ အဲ့ဦးလေးပဲ။ ”
ဟောက်ချန်ဟွမ်း မျက်ခုံးပင့်သွားရသည်။ “ အဲ့လိုဆို သို့ထျန်းယီကို ပင်မမိသားစုရဲ့ သွေးသားလို့ သတ်မှတ်လို့ မရဘူး မဟုတ်လား။ ”
“ သို့မိသားစုက ဒီနယ်ပယ်ကို သိပ်ဂရုမစိုက်ဘူး။ သွေးသားတွေ ဘာတွေထက် သူတို့က အရည်အချင်းရှိတဲ့ လူတွေကို ပိုတန်ဖိုးထားတယ်။ ”
“ အရည်အချင်းရှိတဲ့ လူတွေ … ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ သို့မိသားစုမှာ အာဏာ တစ်ခါ လွှဲပြောင်းတိုင်း သွေးချောင်းစီးလေ့ရှိတာ အံ့ဩစရာ မရှိပါ။
အရည်အချင်းရှိတဲ့ လူကိုပဲ ဦးဆောင်ခွင့်ပေးသင့်တာလား ၊ ဒါမှမဟုတ် သူ့သားသမီးတွေထဲက အထက်မြက်ဆုံး တစ်ယောက်ကို ရွေးချယ်သင့်တာလား … ။
“ သို့ထျန်းယီရဲ့ ဦးလေးက သေသွားပြီမို့လား။ ”
“ ဟုတ်ပါတယ်။ ”
“ ဘယ်လို သေသွားတာလဲ။ ”
“ ကောလဟာလတွေအရ ဆိုရင်တော့ ဓားပြတိုက်ခံရတာတဲ့။ သူက ဓားပြတွေနဲ့ စကားများပြီး အကြိမ်ပေါင်းများစွာ ဓားထိုးခံခဲ့ရတယ်လို့ ပြောတယ်။ ဓားဒဏ်ရာတွေထဲက တစ်ခုက သေလောက်တဲ့ နေရာ ဖြစ်နေတော့ ပွဲချင်းပြီး သေသွားတာ။ ”
“ အဲ့အမှုက သို့ထျန်းယီနဲ့ ပတ်သက်နေလား။ ”
“ သူနဲ့ ပတ်သက်နေတယ်လို့ ခိုင်လုံတဲ့ သက်သေတော့ မရှိပေမဲ့ အဲ့အချိန်တုန်းက သို့မိသားစုထဲမှာ အတွင်းရေးပြဿနာတွေ ရှိနေခဲ့တဲ့ အချိန်ပါ။ သို့ထျန်းယီကို ဆန့်ကျင်တဲ့ လူတိုင်းနီးပါး မတော်တဆမှုတွေ ဖြစ်ကြတယ်။ ကိုမာဝင်နေတဲ့ တစ်ယောက်က လွဲလို့ ကျန်တဲ့ လူအများစု သေသွားခဲ့တယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်လက်သွားသည်။ “ အရေးကြီးတာက သို့မိသားစုရဲ့ အသက်ရှင်ကျန်ရစ်တဲ့ သခင်လေးနှစ်ယောက်ရဲ့ အတွေးပဲ။ ”
လူတိုင်းရဲ့ နှလုံးသားထဲမှာ သိနားလည်ထားတဲ့ ကိစ္စတချို့ကတော့ ရှိတာကြောင့် သက်သေရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အရေးမကြီးပါ။
“ အဲ့နှစ်ယောက်နဲ့ သို့မိသားစုက ကွယ်လွန်သွားတဲ့ ဦးလေးကရော ဆက်ဆံရေး ဘယ်လိုလဲ။ ”
“ သားအဖတွေကြားက ဆက်ဆံရေးကတော့ အစကတည်းက အဆင်ပြေပါတယ်။ ဆက်ဆံရေး မပြေလည်ဘူး ဆိုရင်တောင် သူ့ကို နိုင်ငံထဲက နှင်ထုတ်လိုက်ရလောက်အောင်ထိတော့ ပြဿနာတွေ တက်မထားလောက်ပါဘူး။ ”
သူ နိုင်ငံခြားမှာ စာသင်နေပေမဲ့ ဒီကိစ္စကို အစကတည်းက စီစဉ်ထားခဲ့တာလား ဆိုတာ ဘယ်သူ သိမှာလဲ။ သူ အာဏာကို ရှာဖွေတာ အောင်မြင်သွားရင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဒါပေမဲ့ သူ ကျရှုံးသွားရင်တောင် သူ့အတွက် သွေးသားမျိုးဆက် တစ်ခု ချန်ရစ်ခဲ့ပြီး အနာဂတ်မှာ တစ်ကျော့ပြန်နိုင်မယ့် အချိန်ကို စောင့်လို့ ရသည်။
“ အဲ့နှစ်ယောက်က ဘယ်လောက် အရည်အချင်းရှိလဲ။ ”
ထိုနှစ်ယောက်က ငတုံးတွေ ဆိုရင်တော့ သူ ထိုစိတ်ကူးကို မေ့ပစ်ကာ ဘာမှ သိပ်အသုံးဝင်မှာ မဟုတ်တဲ့အတူတူ သူတို့ ဒီနိုင်ငံကို ပြန်ရောက်ချိန်မှာ သူတို့ရဲ့ ခေါင်းတွေကို သို့ထျန်းယီထံ ပို့ပေးရုံသာ ရှိသည်။
“ ညီအစ်ကိုနှစ်ယောက်ထဲမှာ အစ်ကိုက တော်တော်လေး ကြံရည်ဖန်ရည်ရှိတယ် ၊ ညီငယ်လေးကလည်း ခပ်အအ ခပ်တုံးတုံးတော့ မဟုတ်ဘူး။ သူတို့နှစ်ယောက်လုံးက ဒီနိုင်ငံကို ပြန်လာချင်နေပေမဲ့ နိုင်ငံထဲမှာ လွှမ်းမိုးထားတဲ့ သို့ထျန်းယီကြောင့် လက်လွတ်စပယ် မလုပ်ရဲတာ။ ” တစ်နည်းအားဖြင့် ပြောရလျှင် ထိုနှစ်ယောက်က ဟောက်ချန်ဟွမ်းအတွက် အသုံးဝင်ပါလိမ့်မည်။
“ ငါတို့ သူ့ကို ချေမှုန်းစရာ မလိုဘူး။ သူ့ကို လူတွေ ရွံ့မုန်းသွားအောင် လုပ်ရင်ပဲ ရပြီ။ ”
လူတစ်ယောက်ကို ဓားငှားပြီး သတ်တာထက်စာရင် ဟောက်ချန်ဟွမ်းက သူကိုယ်တိုင်ပဲ သတ်ချင်သည်။
844 02
ထိုညီအစ်ကိုနှစ်ယောက်ကို ရှာတာက အဆာပြေမုန့်အဆင့်ပဲ ရှိပါသည်။
အခြားတစ်ဖက်၌ စုယန်ယန်ကတော့ သို့ထျန်းယီရဲ့ နှလုံးသားထဲမှာ သူမဟာ ဝမ်ကျင့်ဖျင်ရဲ့ နေရာကို ဝင်အစားထိုးသွားပြီး မူလဗီလိန်နှင့် ရင်ဆိုင်မယ့် သူမရဲ့ ခင်ပွန်းအတွက် သေနတ်မောင်းခလုတ် တစ်ခု ဖြစ်သွားပြီ ဆိုတာကို မသိရှာဘဲ အတော်လေး စိတ်ရှုပ်ထွေးနောက်ကျိနေခဲ့သည်။
သို့ထျန်းယီ ရုတ်တရက် ရောက်ချလာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ပါ။
သို့သော်လည်း အရင်တုန်းက နှစ်ကြိမ် ၊ သုံးကြိမ် တွေ့ဆုံခဲ့ခြင်းက အနည်းဆုံးတော့ စုယန်ယန်ကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားစေခဲ့သည်။ သူမ သူနှင့် အနှေးနှင့်အမြန် ရင်ဆိုင်ရလိမ့်မယ် ဆိုတာကို စုယန်ယန် နားလည်သည်။
စကားလမ်းကြောင်းကို ဝမ်ကျင့်ဖျင်ဆီ လမ်းကြောင်းပြောင်းဖို့ ကြိုးစားတာကနေ အရာအားလုံးကို သူမနှင့် ဝမ်ကျင့်ဖျင်ကြားက ကိုယ်ရေးကိုယ်တာ ပဋိပက္ခတွေဆီ လမ်းကြောင်းပြောင်းလိုက်တဲ့အထိ အဲ့ဒါတွေ အကုန်လုံးက ရှောင်လွှဲလို့ မရတဲ့ အဆုံးသတ်ကို အချိန်ဆွဲထားရုံသာ ရှိသည်။
သို့ထျန်းယီသည် ဝမ်ကျင့်ဖျင်ကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရပါ။ သူမတို့ရဲ့ ရန်ငြိုးရန်စတွေကိုဆို ပိုလို့တောင် စိတ်ဝင်စားပုံမရဘဲ သူမ ဘာမှ မပြောနိုင်သေးခင်မှာပဲ သူမရဲ့ အငြင်းစကားတွေကို အဆုံးသတ်ပစ်ခဲ့သည်။
++++++