← Chapters

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း ၈၄၇

Vol. 57 Ch. 847

847 01

အခန်း ( ၈၄၇ ) သူတို့နဲ့ မတူပါ။

ထိုအကြောင်းကို နားလည်သွားချိန်မှာ စုယန်ယန်ရဲ့ စိတ်ခံစားချက်က စကားနှင့် ဖော်ပြလို့ မရအောင်ပင် ရှုပ်ထွေးသွားခဲ့သည်။

တခြားလူတွေရဲ့ မျက်လုံးထဲမှာ သူမကလည်း ရှင်းမပြနိုင်လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အဖျက်ပိုးတစ်ကောင် ဖြစ်ရင် ဖြစ်နေနိုင်သည်လေ။

[ Host က သူတို့တွေနဲ့ မတူပါဘူး။ ]

ရုတ်တရက် ထွက်ပေါ်လာတဲ့ စက်ရုပ်သံလေးက စုယန်ယန်ကို ဆွံ့အသွားစေ၏။ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားချိန်မှာတော့ စုယန်ယန်တစ်ယောက် မယုံကြည်နိုင်အောင်ပင် ဖြစ်သွားခဲ့ရသည်။

[ Host က ကိုယ့်ကို ကူညီပေးထားတဲ့ လူတွေအပေါ် အရမ်း ကောင်းတယ်။ ]

စနစ်က သူမကို … နှစ်သိမ့်ပေးနေတာလား … ။

စုယန်ယန်သည် စက္ကန့်အနည်းငယ်ကြာ ဆွံ့အနေပြီးမှ သတိဝင်လာကာ ဟက်ဟက်ပက်ပက် ရယ်ချလိုက်မိသည်။

စနစ်က သူမရယ်သံကြောင့် ချက်ချင်းပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မာနကြီးတစ်ခွဲသားနှင့် သူ့ကိုယ်သူ ကာကွယ်သည်။

[ အထင်မလွဲပါနဲ့ Host ။ ငါ မင်းကို နှစ်သိမ့်ပေးနေတာ မဟုတ်ပါဘူး။ မင်းရဲ့ စိတ်ကျန်းမာရေး အဆင်မပြေရင် နောက်ပိုင်းဆောင်ရွက်ချက်တွေကိုပါ ထိခိုက်သွားမှာ စိုးလို့ သတိပေးနေတာပါ။ ]

စုယန်ယန်သည် စနစ်ရဲ့ အကြောက်အကန် ငြင်းဆန်နေသော စကားကို ကြားချိန်မှာ နှုတ်ခမ်းပေါ်က အပြုံးတို့ ပိုနက်ရှိုင်းသွားခဲ့သည်။

“ ဟုတ်ပါတယ် ဟုတ်ပါတယ်။ နင်က ငါ့ကို နှစ်သိမ့်ပေးနေတာ မဟုတ်ဘူး။ ငါ့ဘာသာ စိတ်ကူးယဉ်နေတာ ၊ ငါ့ဘာသာ စိတ်ကူးယဉ်နေတာ။ ”

စိတ်ပါလက်ပါ နှစ်သိမ့်စကား မဟုတ်သော စုယန်ယန်ရဲ့ ဝတ်ကျေတန်းကျေ စကားကြောင့် သူ အွန်လိုင်းဖြစ်နေရာမှ နောက်တစ်ကြိမ် ပိတ်ကျသွားပြီး ပျောက်ကွယ်သွားသလို ဟန်ဆောင်နေခဲ့လေသည်။

စုယန်ယန်က စနစ်ကို အချိန်အတော်ကြာသည်ထိ ခေါ်နေပးခဲ့ပေမဲ့ ပြန်ထူးသံ မကြားရတာကြောင့် စိတ်လည်း တို ၊ ရယ်လည်း ရယ်ချင်လာမိသည်။

သို့သော်လည်း သူ လောလောလတ်လတ် ပြောသွားတဲ့ စကားနှစ်ခွန်းအကြောင်း ပြန်တွေးမိလျှင် သူမရဲ့ နှလုံးသားလေး အနည်းငယ် နူးညံ့သွားကာ အပြုံးယဲ့ယဲ့ဖြင့် “ ကျေးဇူးတင်ပါတယ်။ ” ဟု ပြန်ပြောလိုက်သည်။

စနစ်ကတော့ တိတ်ဆိတ်နေဆဲ။ ဒီစနစ်က သူမကို တစ်နေ့လုံး လျစ်လျူရှုနေတော့မယ် ထင်တယ်ဟု စုယန်ယန် တွေးနေစဉ်မှာပဲ ဒေါသသံနှင့် လှောင်ပြောင်သံစွက်နေတဲ့ နှာမှုတ်သံလေးက သူမစိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

[ ဟမ့်။ ]

စုယန်ယန် : “ … ” စွာလိုက်တာဟယ်။ သူ ဒီလို စွာတတ်အောင် ဘယ်သူ့ဆီက သင်ထားတာလဲ။

“ သို့ထျန်းယီက အမျိုးသားဇာတ်လိုက်ရဲ့ ကံကောင်းမှုကို သုံးပြီး အသက်ဆက်ရှင်နိုင်တယ်လို့ နင် ခုနတုန်းက ပြောခဲ့တာ မဟုတ်လား စနစ်။ အဲ့ဒါက သူ အောင်မြင်နေတဲ့ လူတချို့နဲ့ ဆက်သွယ်ပြီးတော့ အဲ့လူတွေရဲ့ ကံကောင်းမှုတွေကို လုယူပြီး သူ့ရဲ့ အမျိုးသားဇာတ်လိုက်လင်းရောင်ခြည်ကို ပိုအားကောင်းအောင် လုပ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်လား။ အဲ့လို လူတွေ အများကြီး ရှိတယ် … ”

နယ်ပယ်အသီးသီးမှာ ကိုယ်ပိုင်အားနှင့် အောင်မြင်မှုတစ်စုံတစ်ရာကို ရရှိပိုင်ဆိုင်ထားတဲ့ လူအများစုက သာမန်လူတွေထက်တော့ ပိုကံကောင်းတတ်ကြသည်။

ဝမ်ကျင့်ဖျင်ကတော့ အေးအေးဆေးဆေးပင်။ မူရင်းဝတ္ထုက သူမရဲ့ ရှုထောင့်ကို အခြေတည်ထားတာမို့ အလုပ် နည်းနည်းလေး လုပ်လိုက်ရုံနှင့် သူမ ဘယ်သူ့ကို ချနင်းသွားရမလဲ ဆိုတာ ခန့်မှန်းနိုင်သည်။

မူလဝတ္ထုထဲမှာ ဗီလိန်တစ်ယောက် ဖြစ်ခဲ့တဲ့ သို့ထျန်းယီကတော့ မတူပါ။ ဝမ်ကျင့်ဖျင်ရဲ့ ရှုထောင့်က ကြည့်ရင် သူက ကောက်ကျစ်ယုတ်မာတဲ့ ဗီလိန်တစ်ယောက်သာ။

ထို့ကြောင့် သူက နေရာတစ်နေရာရဖို့ တစ်ဆင့်ချင်း တက်လှမ်းလာနေရတဲ့ ကြာပန်းဖြူလေးဝမ်ကျင့်ဖျင်ထက် ပိုအောင်မြင်တဲ့ လူတွေကို သေချာပေါက် ဆက်သွယ်လိမ့်မည်။ ပြီးတော့ စုယန်ယန်ကလည်း အဲ့ဒါကို ခန့်မှန်းနိုင်မှာ မဟုတ်၍ သူ့ကို မတားဆီးနိုင်ပေ။

847 02

[ Host နဲ့ Host ရဲ့ ယောက်ျားက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင်အခွင့်အလမ်း တစ်စိတ်တစ်ဒေသကို လုယူပြီးပါပြီ။ Host ကတော့ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်အတွက် တခြားလူတွေထက် အများကြီး ပိုပြီး မက်မောစရာကောင်းပါတယ်။ ]

“ ငါ သဘောပေါက်ပြီ။ ” စနစ် ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ သို့ထျန်းယီနှင့် ဝမ်ကျင့်ဖျင်ဟာ ဒီနေ့က စပြီး သူမတို့နောက်ကို မကြာခဏ လိုက်နေပါတော့မည် ဟူ၍ … ။

သို့ထျန်းယီ ပြောခဲ့တဲ့ စကားလုံးတွေကို နားထဲမှာ ပြန်ကြားယောင်မိခြင်းနှင့်အတူ စုယန်ယန်ရဲ့ မျက်လုံးတွေ အေးစက်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ ဒါတွေ အကုန်လုံးက ရှင်သန်နိုင်ဖို့အတွက်ပဲ။ ဘယ်သူက ပိုတန်ဖိုးရှိတာ ဖြစ်မလဲ။ ”

ခုနတုန်းက စနစ် ပြောသွားသလိုပဲ သူမနှင့် ဟောက်ချန်ဟွမ်းဟာ သူတို့နှင့် မိုးနှင့်မြေလို ကွာခြားပါသည်။ သူမက ကိုယ့်ကို ကူညီထားတဲ့ လူတိုင်းကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ ဆိုတာပဲ တစ်ချိန်လုံး တွေးပြီး ထိုလူတွေ ခက်ခဲနေချိန်မှာ ပြန်ကူညီပေးတတ်တဲ့ လူမျိုးပါ။ တစ်ကြိမ် အသုံးပြုပြီးသည်နှင့် လွှင့်ပစ်ပြီး နောက်ကျောကို ဓားနှင့် ထိုးတဲ့ လူမျိုး မဟုတ်ရ။

ဒါ့ကြောင့်ပဲ စနစ်က သူမကို ရွေးချယ်ခဲ့တာ ဖြစ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် စုယန်ယန်ကတော့ ထိုနှစ်ယောက်အား သူမနှင့် သူမရဲ့ မိသားစုကို လုံးဝ ခြိမ်းခြောက်ခွင့်ပေးမှာ မဟုတ်ပေ။

“ ဒါဆို သူတို့ဘက်က ဘယ်လို လှုပ်ရှားမလဲ ဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ ”

သို့ထျန်းယီကို အစကတည်းက ဆေးကုသပေးချင်ခဲ့တာ မဟုတ်သော စုယန်ယန်သည် အရှုပ်အထွေးတွေ ၊ အလှည့်အပြောင်းတွေကို သိသွားချိန်မှာ သူ့ကို ပိုလို့တောင် ရွံ့မုန်းသွားမိသည်။ ဒါပေမဲ့ သို့ထျန်းယီ သူမရဲ့ မိသားစုကို တိုက်ခိုက်လာမှာကိုတော့ စိုးရိမ်သည်။

စုယန်ယန်သည် ဒီပြဿနာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုတာ အဖြေမရှာနိုင်သေးခင်မှာပဲ အိမ်က လှမ်းဆက်တဲ့ ဖုန်းကောလ်ကို လက်ခံရရှိလိုက်၍ အမူအရာပြောင်းလဲသွားခဲ့သည်။

+++++

All Chapters