အခန်း ၈၄၈
Vol. 57 Ch. 848
848 01
အခန်း ( ၈၄၈ ) အံ့ဩဖွယ် ရိုလီပိုလီ။
“ ယန်ယန်” သတင်းကြားသည်နှင့် ပြေးလာခဲ့သော ဟောက်ချန်ဟွမ်းသည် ခြေထောက်တွေ အားနည်းကာ ပြိုလဲတော့မလို ဖြစ်နေတဲ့ စုယန်ယန်ကို တွေ့လိုက်ရလျှင် သူမ လဲကျမသွားခင်မှာ အမြန် ပြေးပြီး ထိန်းကူပေးထားလိုက်၏။
“ ကလေး .. ကလေး … ” စုယန်ယန်ရဲ့ မျက်နှာက စာရွက်တစ်ရွက်လိုပဲ ဖြူဆုတ်နေခဲ့ပြီး ကလေးသာ တစ်ခုခု ဖြစ်သွားရင် သူမ ဘာဆက်လုပ်ရမလဲ ဆိုတာ တွေးတောင် တွေးမကြည့်ရဲပေ။
“ အကုန် အဆင်ပြေတယ်။ ကလေး ဘာမှ မဖြစ်ဘူး။ ဦးလေးကျန်းနဲ့ တခြားလူတွေက စောစောစီးစီး သတိထားမိလိုက်လို့ ကလေး ဘယ်နေရာမှ ထိခိုက်မသွားဘူး။ ”
“ တကယ်လား။ ” စုယန်ယန်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူမရဲ့ တစ်ခုတည်းသော အသက်သွေးကြောလေးကို ဆုပ်ကိုင်ထားသလိုမျိုး ဟောက်ချန်ဟွမ်းရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ဆောက်တည်ရာမရ ဖြစ်နေတဲ့ သူမရဲ့ ပုံစံက သနားဖွယ်အတိ။
သူမကို ဒီလို ပုံစံနှင့် မြင်တွေ့ရခြင်းက ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲက ဒေါသမီးတောက်တွေကို အထွဋ်အထိပ်ရောက်သွားစေခဲ့သည်။ သူ စုယန်ယန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ “ တကယ်ပါ။ ကလေး မထိခိုက်တာ သေချာအောင် ဦးလေးကျန်းဆီမှာလည်း ကိုယ် အတည်ပြုထားတယ်။ ကလေး အဆင်ပြေတယ်။ ဘာမှ မထိခိုက်ဘူး။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို သေချာပေါက် ယုံကြည်သော်လည်း သူမရဲ့ မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ ကြည့်ပြီး သူ အဆင်ပြေတယ် ဆိုတာ အတည်မပြုနိုင်သေးသရွေ့ တခြားသူတွေ ဘာပြောပြော အရာထင်မည် မဟုတ်ပါ။
ဟောက်ချန်ဟွမ်းသည်လည်း အဲ့ဒါကို နားလည်တာမို့ သူမကို ပွေ့ချီကာ အထဲကို အမြန် ဝင်လာခဲ့လိုက်သည်။
လောလောလတ်လတ် ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် အခန်းထဲက လေထုက ပုံမှန်မဟုတ်ဘဲ ငြိမ်သက်နေသည်။
သူတို့နှစ်ယောက် ခန်းမထဲကို ဝင်လာတော့ ခန်းမထဲမှာ စုဝေးနေတဲ့ အိမ်အကူတွေ ၊ လုံခြုံရေးအစောင့်တွေကို ရုတ်တရက် မြင်လိုက်ရလေသည်။ သူတို့အလယ်မှာတော့ အသက် ( ၄၀ ) စွန်းစွန်းအရွယ်ရှိတဲ့ အိမ်အကူအမျိုးသမီးတစ်ယောက်ကို ကြိုးတုပ်ထားခဲ့သည်။ သူမက စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ကြမ်းပြင်ပေါ်မှာ အနည်းငယ် ခေါင်းငုံ့၍ ထိုင်နေခဲ့သည်။
ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်သွားတဲ့ ကလေးကိုတော့ ဦးလေးကျန်းက ရင်ခွင်ထဲမှာ ချီထားသည်။ သူလေးဟာ မကြာသေးမီတုန်းက သူ့ကို ဦးတည်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကို လုံးဝ သတိထားမိပုံမရဘဲ မျက်လုံးဝိုင်းကြီးများဖြင့် ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေသည်။
စုယန်ယန်သည် ကလေးဆီကို အကြည့်ရောက်သွားသည်နှင့် ချက်ချင်းပဲ သူ့ဆီ ပြေးသွားလိုက်သည်။
“ သခင်မလေး။ ” ဦးလေးကျန်းက သူ့ရင်ခွင်ထဲက ကလေးကို လက်လွှဲပေးလိုက်၏။
ကလေးက အမေဖြစ်သူကို မြင်တော့ လက်ဖောင်းဖောင်းအိအိလေးတွေကို ပျော်ရွှင်စွာ ဝှေ့ယမ်းရင်း တခစ်ခစ် ရယ်နေခဲ့သည်။
စုယန်ယန်ကတော့ သူ့ကို ပွေ့ချီကာ ခေါင်းစခြေဆုံး သေချာ စစ်ဆေးကြည့်နေမိသည်။ သူ အမှန်တကယ်ပဲ အဆင်ပြေတယ် ဆိုတာကို အတည်ပြုပြီးတော့မှ နောက်ဆုံးမှာ စိတ်အေးသွားကာ သူ့မျက်နှာဖောင်းဖောင်းလေးနှင့် မျက်နှာချင်း အပ်၍ ပွတ်တိုက်ရင်း လေသံတိုးတိုးလေးဖြင့် ညည်းညူလိုက်သည်။ “ သားကြောင့် မေမေ လန့်သေတော့မလို့ကွယ်။ ”
စုယန်ယန်နောက်ကို တစ်လျှောက်လုံး လိုက်လာတဲ့ ဟောက်ချန်ဟွမ်းက ဒီတစ်ခေါက်လည်း သူမဘေးမှာ ရပ်နေခဲ့သည်။ သားအမိနှစ်ယောက်ရဲ့ အပြုံးမျက်နှာတွေကို ကြည့်ပြီး သူ့နှလုံးသားထဲမှာ နူးညံ့သွားသည်။
သို့သော်လည်း အဲ့ဒါက သူ့သား ပြန်ပေးဆွဲခံရတော့မလို ဖြစ်သွားတယ် ဆိုတဲ့ ဖုန်းကောလ်ကို လက်ခံရရှိချိန်မှာ သူ အကြီးအကျယ် ဒေါသူပုန်ထသွားခဲ့တာကို မေ့လျော့သွားတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။
“ ဘယ်လို ဖြစ်တာလဲ။ ” ဟောက်ချန်ဟွမ်းရဲ့ စူးဝါးသော အကြည့်က ကြမ်းပြင်ပေါ်က အိမ်အကူထံ ရောက်သွားသည်။ အကြည့်တွေကသာ လူသတ်နိုင်လျှင် သူမမှာ စကားပြောခွင့်တောင် မရှိနိုင်လောက်တော့ပါ။
ဒီအိမ်အကူအမျိုးသမီးက ဒီအိမ်တော်မှာ အကြာကြီး အလုပ်,လုပ်လာခဲ့သူပီပီ ဟောက်ချန်ဟွမ်း ဘယ်လောက်တောင် အာဏာရှိလဲ ဆိုတာ နားလည်သည်။ သူမကို စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ အကြည့်ကို မြင်ချိန်မှာ သူမရဲ့ နဖူးပေါ်ကို ချွေးစေးတွေ ပိုစီးကျလာခဲ့သည်။ နှုတ်ခမ်းတွေလည်း အနည်းငယ် တုန်ယင်နေပြီး အချိန်အတော်ကြာသည်ထိ သူမ စကားမပြောနိုင်။
848 02
သူမကို ကြည့်ပြီး ဦးလေးကျန်းရဲ့ မျက်နှာက မည်းမှောင်သွားကာ ရှေ့ထွက်၍ ရှင်းပြလိုက်၏။ “ ဖြစ်ပုံက ဒီလိုပါ သခင်လေး။ ”
လွန်ခဲ့တဲ့ တစ်နာရီနီးပါးတုန်းက ကလေးထိန်းသည် ကောင်ကလေးကို နို့တိုက်ကာ ချော့သိပ်ပြီးချိန်မှာ ပစ္စည်းလာပို့တဲ့ ဖုန်းကောလ်ကြောင့် ခြံရှေ့ကို ခဏ ထွက်သွားသည်ဟု ဆိုသည်။
ဆယ်မိနစ်တောင် မကြာလိုက်ဘဲ အခု ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးဟာ ကလေးရှိတဲ့ အခန်းထဲကို ခိုးဝင်ကာ အိပ်ပျော်နေတဲ့ ကလေးကို ခေါ်ထုတ်သွားခဲ့သည်။
“ ရိုလီပိုလီသာ အချိန်ကိုက် တုံ့ပြန်ပြီး ကလေးကို အခန်းထဲက ခေါ်ထုတ်သွားတဲ့ ဒီမိန်းမဆီကနေ ကလေးကို ပြန်လုမယူနိုင်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ တွေးမကြည့်ရဲလောက်အောင်ပဲ။ ”
ဦးလေးကျန်း ပြောတဲ့ စကားကို နားထောင်ပြီး စုယန်ယန်ရော ၊ ဟောက်ချန်ဟွမ်းပါ ဆွံ့အသွားကာ ပန်းရောင် အေပရွန်လေး ဝတ်ထားတဲ့ ရိုလီပိုလီကို နှစ်ယောက်လုံး ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ပထမဆုံး သတိဝင်လာတာက စုယန်ယန် ဖြစ်သည်။ သူမက ရိုလီပိုလီရဲ့ မျက်နှာဝိုင်းဝိုင်းလေးကို လက်တစ်ဖက်နှင့် ပုတ်ရင်း ချီးကျူးစကားဆိုလိုက်သည်။ “ ဒါဆို ရိုလီပိုလီက သူ့မောင်လေးကို ပြန်ယူခဲ့တာပေါ့။ နင်က အရမ်း တော်တာပဲ ရိုလီပိုလီ။ ”
+++++++