အခန်း ၈၄၉
Vol. 57 Ch. 849
849 01
အခန်း ( ၈၄၉ ) ပြင်းထန်သော ကိုက်ချက်။
ရိုလီပိုလီက စုယန်ယန်ရဲ့ ချီးကျူးစကားကို ကြားတော့ မျက်နှာလေး ရဲတက်သွားပြီး ရှက်ကိုးရှက်ကန်း ပြန်ပြောသည်။ “ သခင်လေးကို ကာကွယ်တာက ကျွန်မ လုပ်သင့်တဲ့ အလုပ်ပါ။ ”
သွမ်းသွမ်းက စုယန်ယန်ဟာ ရိုလီပိုလီကိုပဲ ချီးကျူးပြီး သူ့ကို မချီးကျူးတာကို မြင်တော့ စုယန်ယန်ရဲ့ ခြေထောက်နားကို ပြေးသွားပြီး စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်နေခဲ့လေသည်။ ထုံထိုင်းကလည်း သူ့ခွေးအဖေ လုပ်တဲ့အတိုင်း စုယန်ယန်ကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်နေခဲ့သည်။
ခွေးသားအဖနှစ်ယောက်ဟာ သူမကို အကြိမ်ပေါင်းများစွာ ပတ်ပြေးပြီးတော့မှ သူမသာ သူတို့ကို လုံးဝ သတထမထားမိဘူး ဆိုတာကို နားလည်သွားခဲ့သည်။ ထို့ကြောင့် အရှေ့တိုးပြီး စုယန်ယန်ရဲ့ ခြေသလုံးကို တိုးဝှေ့လိုက်ကြသည်။
စုယန်ယန်က သူတို့နှစ်ယောက်ကို အဲ့ဒီတော့မှ သတိပြုမိသွားသည်။ သူမက သူတို့ဟာ သူမရဲ့ ကလေးကို စိတ်ပူနေကြတာလို့ အထင်မှားပြီး ကလေးကို အမြန် ပွေ့ချီလျက် သွမ်းသွမ်းကို ငုံ့၍ နှစ်သိမ့်ပေးလိုက်သည်။ “ နင် ကလေးကို ကြည့်ချင်လို့လား သွမ်းသွမ်း။ စိတ်မပူနဲ့နော် ၊ ကလေးက ဘာမှ ထိခိုက်မသွားဘူး။ ”
သွမ်းသွမ်းက ဝုတ်ဝုတ်လို့ နှစ်ကြိမ် ဟောင်ပြီး စုယန်ယန်ရဲ့ ညာဘက်ခြေထောက်ပေါ် မကျေမနပ် ထိုင်ချလိုက်တော့ ထုံထိုင်းကလည်း သူ့အဖေခြေရာနင်းကာ သူမရဲ့ ဘယ်ဘက်ခြေထောက်ပေါ် လာထိုင်ချသည်။
ခွေးနှစ်ကောင်က သူမရဲ့ ခြေထောက်နှစ်ဖက်လုံးကို တက်ထိုင်ထားပြီး နှုတ်ဆိတ်နေခဲ့ကြသည်။
“ အဟမ်း … ” ဦးလေးကျန်းက အဲ့ဒါကို မြင်တော့ ချောင်းဟန့်ကာ ခပ်ယဲ့ယဲ့ ပြုံးရင်း “ သခင်လေး ပြန်ပေးဆွဲမခံရအောင် သူတို့လည်း ကူညီပေးခဲ့ပေမဲ့ သခင်မလေးက ရိုလီပိုလီကိုပဲ ချီးကျူးပြီး သူတို့ကို မချီးကျူးလို့ စိတ်ဆိုးနေတာ ထင်တယ်။ ” ဟု ပြောလိုက်ပါသည်။
စုယန်ယန်က အံ့ဩသွားပုံပေါ်သည်။ “ သူတို့လည်း ကူညီပေးခဲ့တာလား။ ”
“ ရိုလီပိုလီက ပြန်ပေးဆွဲသမားကို မောင်းထုတ်ပြီး သခင်လေးကို သူ့လက်ထဲက ပြန်လုယူလာတဲ့ အချိန်မှာ သူတို့နှစ်ကောင်ကလည်း ရိုလီပိုလီနဲ့အတူ ရှိနေခဲ့တာ။ ဒီမိန်းမက ကလေးကို ထပ်လုယူဖို့ ကြိုးစားနေတာကို မြင်တော့ သူတို့နှစ်ကောင်က သူမကို … ကိုက်ပစ်လိုက်တယ်လေ။ ”
“ … ဘယ်နေရာကို ကိုက်လိုက်တာလဲ။ ”
“ အဟမ်း … ” ဦးလေးကျန်းက နည်းနည်းလေး မျက်နှာရဲသွားပြီး ဘာမှ ပြန်မပြောတော့ပါ။ ဘေးမှာ ရပ်နေတဲ့ မိန်းကလေးငယ်လေးက ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး သူ့ကိုယ်စား ဝင်ပြောသည်။ “ အသား အများဆုံးရှိတဲ့ အစိတ်အပိုင်းကို ကိုက်လိုက်တာပါ။ သူတို့ရဲ့ ကိုက်ချက်က ပြင်းလွန်းလို့ ဟိုတစ်ယောက်ရဲ့ ဘောင်းဘီတွေတောင် ကျွတ်ကျတော့မလို့ပဲ။ ”
စုယန်ယန် ဆွံ့အသွားသလို ဟောက်ချန်ဟွမ်းလည်း ဆွံ့အသွား၏။ ဒါက ရင်းနှီးနေတဲ့ လမ်းစဉ်ပဲ … ။
“ ဝုတ်ဝုတ် … ” သွမ်းသွမ်းသည် တစ်စုံတစ်ယောက်က သူ့ရဲ့ ချောမောသော အသွင်အပြင်အကြောင်း ပြောနေတာကို သတိထားမိသကဲ့သို့ပင် ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့၍ နှစ်ကြိမ် ဟောင်လိုက်သည်။ သူ့ရဲ့ တဖျတ်ဖျတ် တောက်ပနေတဲ့ ခွေးမျက်လုံးထဲမှာ ဂုဏ်ယူမှုတွေ ပြည့်နှက်နေသည်။
စုယန်ယန်ရဲ့ နှုတ်ခမ်စထောင့်စွန်းတွေ တွန့်ချိုးသွားကာ တစ်ယောက်တည်း တွေးလိုက်မိသည်။ ‘ ငါ့ခွေးလေးက ဘာချို့ယွင်းနေမှန်း ငါ မသိတော့ဘူး။ သူက အသားအများဆုံးရှိတဲ့ လူ့အစိတ်အပိုင်းတွေကိုပဲ ကိုက်ရတာ ကြိုက်နေတယ်။ ’
သို့သော်လည်း ဒီခွေးလေးနှစ်ကောင်က ဒီတစ်ခေါက် အမှန်တကယ်ပဲ ပူးပေါင်းဆောင်ရွက်ပေးခဲ့တာမို့ စုယန်ယန်ကလည်း ချီးကျူးဖို့ နှမြောတွန့်တိုမနေတော့ပါ။ “ သွမ်းသွမ်းနဲ့ ထုံထိုင်းကလည်း ကလေးကို သေချာ ကာကွယ်ခဲ့ကြတာပဲ။ အရမ်း တော်တယ်။ ”
သွမ်းသွမ်းက သူမခြေရင်းမှာ ရပ်ပြီး သူ့အမြီးလေးကို ပန်ကာဒလက်လို လှုပ်ယမ်းပြနေခဲ့သည်။ သူ့ခြေထောက်လေးတွေနှင့်လည်း စုယန်ယန်ရဲ့ ခြေသလုံးကို ရိုက်ကာ သွားဖြဲပြ၍ တဂွီးဂွီး မာန်ဖီသံလေးတွေ ထွက်နေခဲ့သည်။
သူ့ပုံစံက “ ဟမ့် ၊ အကောင်စုတ်ပေါက်စလေးကို ဘယ်သူ ကာကွယ်ပေးနေတာလဲ ဆိုတာ မင်း မသိဘူးလား။ မင်းကများ ရာရာစစ ငါတို့ရဲ့ သခင်လေးကို ခိုးယူရဲတယ်။ ငါတို့ မင်းကို အသေကိုက်မသတ်တာနဲ့တင် ကျေးဇူးတင်သင့်နေပြီ။ ” ဟု ပြောနေသလိုပါပဲ။
ထုံထိုင်းကတော့ ဘာမှ သိပ်မတွေးဘဲ သူ့အဖေကို လျှာလေးတစ်လစ်ထုတ်ရင်း စိုက်ကြည့်ကာ ခေါင်တဆတ်ဆတ်ညိတ်၍ ထောက်ခံနေခဲ့သည်။
စုယန်ယန်က အရူးလို ခွေးနှစ်ကောင်ကို ဆက်မကြည့်နိုင်တော့သဖြင့် ရိုလီပိုလီဆီကိုသာ အာရုံပြန်ပြောင်းလိုက်ရတော့သည်။
“ ဒီမကောင်းတဲ့ မိန်းမ နင့်မောင်လေးကို ခိုးတော့မယ် ဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ။ ”
“ အနီးကပ် စောင့်ကြည့်နေလို့ပါ။ ”
849 02
“ အနီးကပ် စောင့်ကြည့်နေလို့ … ဟုတ်လား။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားကာ စုယန်ယန်ကို ရှင်းပြလိုက်သည်။ “ ရိုလီပိုလီက မိသားစု ကာကွယ်ရေး စက်ရုပ် ဆိုတော့ တစ်ဖက်လူက သူ့သခင်လေးကို ထိခိုက်အောင် လုပ်မှာလား ဆိုတာကို ခွဲခြမ်းစိပ်ဖြာနိုင်တယ် ၊ ပြီးတော့ တစ်ဖက်လူရဲ့ စရိုက်သဘာဝကို အနီးကပ် စောင့်ကြည့်ပြီးတော့လည်း တုံ့ပြန်နိုင်တယ်။ ”
စုယန်ယန် အနည်းငယ် အံ့အားသင့်သွား၏။ ရိုလီပိုလီ ဒီအိမ်ကို စရောက်လာကတည်းက အိမ်ရဲ့ ထောင့်နေရာတိုင်းကို လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားခဲ့တာကို သူမ မှတ်မိပါသည်။
ထိုအချိန်တုန်းကတော့ လုပ်စရာတစ်ခုခု ရှိလို့ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတာ နေမှာပေါ့ဟုသာ အလွယ် တွေးခဲ့တာပင်။ တကယ်တော့ ရိုလီပိုလီက ထိုအချိန်မှာ ခြံဝန်းတည်ဆောက်ရေးကိုသာ အာရုံစိုက်နေရလို့ ကင်မရာတွေ တပ်ဆင်ထားတာ ဖြစ်လိမ့်မည်။ ထိုအချိန်တုန်းက အိမ်မှာ သူတို့ကို ဒုက္ခပေးမယ့် လူလည်း တစ်ယောက်မှ မရှိတာမို့ ထိုလုံခြုံရေးကင်မရာတွေက အသုံးမဝင်ခဲ့ပါ။
အခု အိမ်မှာ ကလေးလည်း ရှိလာ ၊ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ သစ္စာဖောက်လည်း ရောက်လာချိန်မှာတော့ အရင်က အရေးမကြီးဘူးလို့ ထင်ခဲ့မိတဲ့ ပစ္စည်းလေးတွေက ရုတ်တရက် အသုံးဝင်လာခဲ့ပါပြီ။
+++++