အခန်း ၈၅၁
Vol. 57 Ch. 851
851 01
အခန်း ( ၈၅၁ ) ကျေးဇူးကန်းသူ။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသော်လည်း ဒီကိစ္စနောက်ကွယ်မှာ မသမာတဲ့ အရာတွေ ရှိနေလိမ့်မည်ဟု အစကတည်းက ထင်ထားပြီးသားမို့ အံ့တော့ အံ့ဩမသွားပါ။
သို့သော်လည်း သူတို့ရှေ့က ခပ်အအ အမျိုးသမီးထက် စာရင် ဒီကိစ္စနောက်ကွယ်မှာ ကောက်ကျစ်ယုတ်မာတဲ့ ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက် ရှိနေတယ် ဆိုတာကိုပဲ သူတို့နှစ်ယောက် ပိုယုံကြည်ချင်သည်။
“ အဲ့လူက ဘယ်သူလဲ။ ”
အမျိုးသမီးက ခေါင်းမော့လိုက်တော့ ဟောက်ချန်ဟွမ်းရဲ့ အေးစက်လွန်းသော မျက်လုံးတွေနှင့် အကြည့်ချင်း ဆုံကာ ဆတ်ခနဲ တုန်သွားပြီး “ အ .. အကြီးဆုံးသခင်လေးပါ။ ” ဟု လေသံတိုးတိုးလေးနှင့် ပြောလိုက်၏။
အကြီးဆုံးသခင်လေး ဆိုတာက အိမ်တော်က လုပ်သက်ကြာနေတဲ့ အိမ်အကူဟောင်းတွေ ဟောက်ချီဟန်ကို ခေါ်တဲ့ အခေါ်အဝေါ်ပဲ ဖြစ်သည်။
ဟောက်ချန်ဟွမ်းရဲ့ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့နောက်ပိုင်း ဟောက်အိမ်တော်ကို ဟေယက်ချန်ဟွမ်း လက်လွှဲယူပြီး ဟောက်ချီဟန်နှင့် အိမ်ကွဲသွားတာတောင် ထိုအခေါ်အဝေါ်ကတော့ ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ပေ။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းအတွက် ဒီအဖြေက မျှော်လင့်မထားတဲ့ အဖြေ ဆိုပေမဲ့ ကျိုးကြောင်းဆီလျော်မှုလည်း ရှိတဲ့ အဖြေပင်။
“ သူက ရှင့်ကို ဘာလုပ်ခိုင်းတာလဲ။ ”
“ လူလစ်တဲ့ အချိန်မှာ သခင်လေးကို တိတ်တိတ်လေး ခေါ်ထုတ်လာပြီး သူ့လက်ထဲကို ထည့်ပေးခိုင်းပါတယ်။ သူ ပေးတဲ့ တာဝန်ကို ကျေပွန်တယ် ဆိုရင် ကျွန်မကို … ”
“ ပိုက်ဆံပေးမယ်တဲ့လား။ ”
“ ဟုတ်ပါတယ်။ ”
“ ဘယ်လောက် ပေးမှာတဲ့လဲ။ ”
“ ငါး … ငါးသန်းပါ။ ”
စုယန်ယန်က လှောင်ပြုံး ပြုံးလိုက်သည်။ “ နင်က ငါ့သားကို ငွေငါးသန်းအတွက် ပြန်ပေးဆွဲခဲ့တာပေါ့။ အပေးအယူကတော့ မက်လောက်စရာပဲ။ ”
ဦးလေးကျန်းနှင့် ကျန်လူတွေက စုယန်ယန် ပြောတဲ့ စကားကို ကြားတော့ ထိုအမျိုးသမီးကို စိတ်ပျက်ရွံရှာစွာ ကြည့်လိုက်ကြသည်။
အိမ်တော်ကြီးထဲမှာ လက်ရှိအချိန် ရပ်တည်နေနိုင်တဲ့ လူအများစုက ဟောက်ချန်ဟွမ်းရဲ့ မိဘတွေလက်ထက်ကတည်းက ဟောက်မိသားစုမှာ အလုပ်,လုပ်လာခဲ့တာပင်။ သူတို့မှာ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေအပေါ် တင်နေတဲ့ ကျေးဇူးကြွေးတွေ ရှိတဲ့အပြင် ဟောက်ချန်ဟွမ်းဟာ သူ့ဘဝရဲ့ အခက်ခဲဆုံး ကာလတွေမှာတောင် သူတို့ကို ဘယ်တော့မှ မတရား မဆက်ဆံခဲ့ပေ။
ထို့ကြောင့် သူတို့က ဟောက်ချန်ဟွမ်းအပေါ် အမြဲတမ်း သစ္စာစောင့်သိပြီး ဘယ်လို ပြဿနာမျိုးကိုမှ မရှာခဲ့ပါ။ သူတို့အတွက်တော့ မဖြစ်စလောက် ငွေလေးအတွက် အလုပ်ရှင်ကို ဒုက္ခပေးတဲ့ ဒီမိန်းမလို လူစားမျိုးတွေက သစ္စာဖောက်နှင့် ထူးမခြားနားပဲ ဖြစ်သည်။
သူမရဲ့ အဓိကပစ်မှတ်က သူတို့ ရတနာတစ်ပါးလို အမြတ်တနိုး ဆက်ဆံနေတဲ့ သခင်လေးရဲ့ သား ဖြစ်နေတာကိုတော့ ထည့်ပြောနေစရာတောင် မလို။ ဒီမိန်းမက တကယ့်ကို ရူးသွပ်နေတာပဲ …။
အမျိုးသမီးက လူတိုင်းရဲ့ ရွံရှာစက်ဆုပ်နေတဲ့ အကြည့်တွေကို မြင်တော့ ဆောက်တည်ရာမရ ဖြစ်သွားပြီး ကျယ်လောင်စွာ တောင်းပန်ခဲ့သည်။ “ ကျွန်မမှာ ဒီလို အပြစ်ကြီးလေးတဲ့ ကိစ္စကို ကျူးလွန်ရုံက လွဲလို့ ရွေးချယ်စရာ တကယ် မရှိခဲ့လို့ပါ သခင်လေးနဲ့ သခင်မလေးရယ်။ ကျွန်မသားမှာ လောင်းကစားကြွေးတွေ ပိနေတာပါ။ သူသာ အဲ့လူတွေကို အကြွေးပြန်မဆပ်နိုင်ရင် သူတို့က သူ့လက်ချောင်းတွေကို ဖြတ်ပစ်ပြီး သူ့ကို သေအောင် ရိုက်နှက်ပစ်မယ်တဲ့။ စောစောစီးစီး သေသွားတဲ့ ကျွန်မရဲ့ ယောက်ျားက ကျွန်မကို ဒီလောကအလယ်မှာ ဒီသားလေးတစ်ယောက်နဲ့ပဲ ချန်ထားခဲ့တာပါ။ သူ သေတဲ့အထိ ရိုက်နှက်ခံရမှာကို ကျွန်မ မကြည့်ရက်ဘူး။ ”
851 02
အမျိုးသမီးက နှာရှုပ်ပြီး သနားစဖွယ် ငိုကြွေးနေခဲ့သည်။ “ အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အကြီးဆုံးသခင်လေးက ကျွန်မကို ရှာတွေ့သွားပြီး သခင်လေးကို ဘယ်သူမှ မသိအောင် ခေါ်ထုတ်လာပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြီးဆုံးသခင်လေးက သခင်လေးရဲ့ သားရဲ့ ဖြစ်နေတဲ့အတွက် သူ့ကို သေချာပေါက် ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့မိတယ်။ အဲ့ဒါကြောင့် အကြီးဆုံးသခင်လေး ကမ်းလှမ်းတာကို လက်ခံပြီး ကူညီပေးခဲ့တာပါ။ ”
“ တော်လောက်ပြီ။ သူက ကလေးရဲ့ ဦးလေး ဖြစ်နေတာနဲ့ပဲ ကလေးကို ဘာမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးလို့ ရှင် ထင်နေတာလား။ ဒါမှမဟုတ် ရှင် ဒီအလုပ်ကို အောင်မြင်အောင် လုပ်နိုင်ရင် ပိုက်ဆံရမယ် ၊ ပိုက်ဆံရရင် ရှင့်သားလည်း သူ့အကြွေးတွေကို ဆပ်နိုင်မယ် ၊ သူ့လက်ချောင်းတွေလည်း အဖြတ်မခံရတော့ဘူး ၊ အဲ့ဒါဆိုရင် ကျန်တဲ့ လူတွေအတွက် ဘာမှ ငဲ့တွက်စရာ မလိုတော့ဘူး ဆိုတဲ့ သဘောလား။ ”
အမျိုးသမီးသည် စုယန်ယန်အား သူမရဲ့ တကယ့်အတွေးအစစ်အမှန်တွေကို အလွယ်တကူ ဖောက်မြင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမက စုယန်ယန်ကို ခဏလောက် အကြည့်လွှဲနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဝမ်းနည်းစွာ ပြောလိုက်၏။ “ ကျွန်မ အကူအညီလိုအပ်နေလို့ ရွေးချယ်စရာ မရှိခဲ့တာပါ သခင်မလေးရယ်။ အဲ့ဒါကြောင့် ကျွန်မရဲ့ အတွေးတွေ ခဏတာ လွဲချော်မှားယွင်းသွားခဲ့တာပါ။ သခင်လေးလည်း အခု ဘာမှ မထိခိုက်ဘူး ဆိုတော့ ကျေးဇူးပြုပြီး ကျွန်မကို ဒီတစ်ခေါက်တော့ သက်ညှာပေးပါနော်။ ”
သူမ ထိုစကားမျိူ မပြောရင်တောင် ပိုအဆင်ပြေလောက်ဦးမှာ ဆိုပေမဲ့ သူမရဲ့ ပါးစပ်က ထုတ်ပြောလာသော စကားကြောင့် စုယန်ယန်ရဲ့ စိတ်ထဲမှာ ဒေါသတွေ ဖုံးလွှမ်းသွားခဲ့သည်။ ဘယ်လောက်တောင် ဒေါသထွက်သွားလဲ ဆိုရင် ရှေ့ထွက်ပြီး သူမအား ဘေးကို လဲကျသွားအောင် ကန်ပစ်မိလိုက်တဲ့အထိ … ။
“ အကူအညီလိုအပ်တယ်တဲ့လား။ ရှင့်သား ဘေးကင်းဖို့အတွက် အလဲအလှယ်အနေနဲ့ ကျွန်မရဲ့ သားကို စတေးချင်နေတာပေါ့။ ရှင်က တကယ့်ကို ကျေးဇူးကန်းတဲ့ မိန်းမပဲ။ ”
+++++