အခန်း ၈၅၃
Vol. 57 Ch. 853
853 01
အခန်း ( ၈၅၃ ) ရှင့်ရဲ့ ရာဇဝတ်မှုတွေကို ရှင်းပြလိုက်ပါ။
အမျိုးသမီးက သနားစဖွယ် ငိုကြွေးနေခဲ့ပေမဲ့ စုယန်ယန်ကတော့ နည်းနည်းလေးတောင် သနားစိတ်မဝင်ဘဲ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပုံပေါ်သည်။ “ အိုး ၊ ဟုတ်သားပဲ။ ရှင့်မှာ သားရှိတယ်နော်။ ”
“ ဟုတ်ပါတယ်ရှင်။ ကျွန်မမှာ သားလေး ရှိပါသေးတယ်။ သခင်မလေးလည်း မိခင်တစ်ယောက်ပဲမို့လို့ ကျွန်မရဲ့ ခံစားချက်ကို နားလည်လောက်မှာပါ။ ကလေးတစ်ယောက်က မိခင် မရှိဘဲ ဘယ်လိုလုပ် ရပ်တည်နိုင်မှာလဲ။ ကျွန်မရဲ့ သားက အခုမှ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ သူ ကျွန်မ မရှိဘဲ မရပ်တည်နိုင်ဘူး။ ကျွန်မရဲ့ သားနဲ့ … ဒီနှစ်တွေ တစ်လျှောက်လုံး ဟောက်မိသားစုမှာ အပင်ပန်းခံပေးခဲ့တာတွေကို ထောက်ထားငဲ့ညှာပြီး ကျွန်မကို ဒီတစ်ခေါက်တော့ သက်ညှာပေးပါ။ ကျွန်မကို ရဲစခန်းကို မပို့ပါနဲ့နော်။ သခင်မလေးကို ကန်တော့ ဆိုလည်း ကန်တော့ပါ့မယ်။ ”
အမျိုးသမီးက ပြောရင်း စုယန်ယန်ကို ကန်တော့ဖို့ ရုန်းကန်လိုက်၏။ သူမအသွင်က တော်တော်လေး သနားစရာကောင်းနေပေမဲ့လည်း ဒီမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက သူမရဲ့ စကားကို နားထောင်ပြီးတော့ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြလေသည်။
‘ ဒီနှစ်တွေ တစ်လျှောက်လုံး ဟောက်မိသားစုမှာ အပင်ပန်းခံပေးခဲ့တယ် ’ ဆိုတာ ဘာကို ပြောချင်တာလဲ။ ဟောက်မိသားစုက သူမကို ဒီနှစ်ပိုင်းတွေမှာ အကျိုးအမြတ်တွေ ၊ လခတွေ ဘယ်တော့မှ မပေးခဲ့တာကျနေတာပဲ။ သူမက ဒီလို အခြေအနေမျိုးမှာတောင် ဟောက်မိသားစုကနေ ထွက်ခွာသွားဖို့ လုံးဝ စိတ်မကူးသေးပေ။
သူမရဲ့ စကားကြောင့် စုယန်ယန်ရဲ့ မျက်နှာက နောက်တစ်ကြိမ် မည်းမှောင်သွားသည်။ “ ကျွန်မကလည်း အမေတစ်ယောက်မို့လို့ ကျွန်မရဲ့ သားကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားတဲ့ လူတွေက ဘယ်လောက်တောင် ရွံစရာကောင်းလဲ ဆိုတာ နားလည်တယ်။ ”
အမျိုးသမီးရဲ့ မျက်နှာဟာ အနည်းငယ် တောင့်တင်းသွားခဲ့ပြီး နိမိတ်မကောင်းတဲ့ ခံစားချက်တစ်မျိုးက သူမရဲ့ ရင်ဝမှာ ရုတ်တရက် လှိုက်တက်လာခဲ့ပါသည်။
“ ရှင် ရဲစခန်းကို ရောက်တာနဲ့ ရှင့်ရဲ့ ရာဇဝတ်မှုတွေကို သေချာ ရှင်းပြလိုက်ပါ။ ရှင့်မှာ ရှိသမျှ ဘယ်သက်သေကိုမဆို လွှဲပြောင်းပေးလိုက်ရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင် ရှင့်သားနဲ့ သူ့အကြွေးရှင်တွေနဲ့ ဘာဆက်ဖြစ်မလဲ ဆိုတာ ရှင့်ဘာသာ ဆက်တွေးကြည့်ပေါ့။ ” စုယန်ယန်က အမျိုးသမီးရဲ့ နားရွက်နားကို ငုံ့ကပ်၍ တဟင်းဟင်း ရယ်လိုက်သည်။ “ သူ့ကို လက်စဖျောက်တာက ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလောက်ပဲ ရှိလိမ့်မယ် ဆိုတာ ရှင်လည်း သိမှာပါ။ ”
အမျိုးသမီးသည် အသိစိတ်လွတ်သွားသူလို အကြာကြီး ငေးငိုင်နေပြီးမှ ဗြုန်းခနဲ အသိစိတ်ပြန်ကပ်သွားကာ သက်ညှာပေးဖို့ တောင်းပန်ခဲ့သည်။ “ ကျွန်မ ပြောပါ့မယ်ရှင် ၊ ကျွန်မ ဘာမဆို အကုန် ပြောပြပါ့မယ်။ ကျွန်မရဲ့ သားကိုတော့ ထိခိုက်အောင် မလုပ်ပါနဲ့ ၊ ကျွန်မရဲ့ သားလေးကိုတော့ ထိခိုက်အောင် မလုပ်ပါနဲ့။ ”
သူမက သားဖြစ်သူကြောင့် အရူးတစ်ပိုင်း ဖြစ်နေတဲ့ မိခင်တစ်ယောက်နှင့် တူသော်လည်း ဘယ်သူကမှ သူမကို နည်းနည်းလေးတောင် မသနားကြပေ။
ဦးလေးကျန်းက ရဲကို ဖုန်းဆက်ပြီးနောက် လျင်လျင်မြန်မြန်ပဲ လှုပ်ရှားခဲ့ကြသည်။
နာရီဝက်အကြာမှာ အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး ခေါ်ထုတ်သွားခဲ့သည်။ သူတို့က ဟောက်အိမ်တော်ထဲက လုံခြုံရေးကင်မရာတွေနှင့် အမျိုးသမီးရဲ့ လက်ထဲက ဟောက်ချီဟန် ငွေလွှဲပေးထားတဲ့ ပြေစာကဲ့သို့ သက်သေအထောက်အထားတွေကိုလည်း ကော်ပီကူးယူသွားခဲ့ကြသည်။
ဟောက်ချီဟန်က တကယ်ပဲ ဒီလောက်တောင် တုံးအတလား၊ သူ့ဘေးမှာ ဒီအမျိုးသမီးထက် ပိုယုံကြည်ရလောက်တဲ့ လူတွေ မရှိတော့တာလားတော့ မသိပါ။ ဒါပေမဲ့ သူက ကိုယ့်လည်းပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ လုပ်ရပ်တွေကိုချည်း လုပ်သွားခဲ့သည်။
ဒီအမျိုးသမီးနှင့် ဆက်သွယ်တဲ့ နေရာမှာလည်း သူ့ဖုန်းနံပါတ်အစစ်ကိုပဲ အသုံးပြုပြီး ဘာကိုမှ ဖုံးကွယ်မထားခဲ့ပါ။
သို့သော် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အထင်ကြီးမှုနှင့် တုံးအမှုက စုယန်ယန်နှင့် ကျန်လူတွေအား ပြဿနာတွေ အများကြီးကနေ ကယ်တင်ပေးခဲ့လေသည်။ ဒီနေ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ် တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူတို့ ယုံကြည်သည်။ ဟောက်ချီဟန် သေချာပေါက် ထောင်ထဲ ရောက်သွားပါလိမ့်မည်။
စုယန်ယန်က ရဲတွေ အမျိုးသမီးကို ခေါ်ထုတ်သွားတာကို ရပ်ကြည့်နေပြီးမှ အိမ်ထဲ လှည့်ဝင်လာကာ သူမရဲ့ ချစ်စရာ ကလေးလေးကို ရှာဖို့ အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။
ထိုအချိန်မှာ ကြယ်လေးကတော့ ရိုလီပိုလီရဲ့ ချော့သိပ်မှုအောက်မှာ အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။ သူလေးက မျက်လုံးလေးတွေကို ပိတ်လျက် ၊ ပါးစပ်လေးကိုတော့ အနည်းငယ် ဖွင့်ဟထားလျက် ကလေးပုခက်ထဲမှာ အ်မောကျနေခဲ့သည်။ ထိုခပ်ဟဟ ပွင့်နေတဲ့ ပါးစပ်လေးကလည်း မကြာခဏ လှုပ်ရှားသွားတတ်ပြီး သူ အိပ်မက်ထဲမှာ အရသာရှိတဲ့ အစားအသောက်တွေကို စားနေတာလားလို့တောင် စုယန်ယန် တွေးမိသည်။
853 02
သွမ်းသွမ်းနှင့် ထုံထိုင်းက ပုခက်ဘေးမှာ ပျော်ရွှင်စွာ ပြေးလွှားခုန်ပေါက်နေပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေက အလွန် ပေါ့ပါးသောကြောင့် ပုခက်ထဲမှာ အိပ်မောကျနေတဲ့ နတ်သားလေးကို အနှောင့်အယှက်ဖြစ်မယ့် အသံတွေ ထွက်မနေပါ။
ထိုမြင်ကွင်းက အခန်းထဲကို စုယန်ယန် ဟောက်ချန်ဟွမ်းနှင့်အတူ ဝင်ခဲ့ချိန်မှာ မြင်လိုက်ရတဲ့ ပထမဆုံး မြင်ကွင်း ဖြစ်သည်။ ခုနတုန်းက သူမရဲ့ နှလုံးသားထဲမှာ စုပုံနေတဲ့ ဒေါသတွေ အကုန်လုံး ပျောက်ကွယ်သွားကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။
ပုခက်ကို စောင့်ကြပ်နေတဲ့ ရိုလီပိုလီက သူတို့နှစ်ယောက် ဝင်လာတာကို မြင်တော့ ရှက်ကိုးရှက်ကန်းလေး ပြောလာသည်။ “ သခင်ငယ်လေး အိပ်ပျော်သွားပါပြီ သခင်မလေး။ ”
“ အင်း။ ရိုလီပိုလီက အရမ်း တော်တာပဲ။ ” စုယန်ယန်က ပြုံးပြီး ရိုလီပိုလီရဲ့ ခေါင်းလေးကို ပုတ်လိုက်၏။ သူမသည် ရိုလီပိုလီကို ချီးကျူးပြီးသွားတော့ ပုခက်ဘေးမှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ခွေးကလေးနှစ်ကောင်ကို သတိရသွားကာ အမြန် ထပ်ဖြည့်ပြောလိုက်သည်။ “ နင်တို့အားလုံး ဒီနေ့ အရမ်း တော်ခဲ့ကြပါတယ်။ ချန်ဟွမ်းနဲ့ ငါနဲ့ ကလေးနဲ့က နင်တို့ကို ကျေးဇူးတင်ရမှာပါ။ ”
+++++