အခန်း ၈၅၄
Vol. 57 Ch. 854
854 01
အခန်း ( ၈၅၄ ) မိဘမှာ တာဝန်ရှိတယ်။
ရိုလီပိုလီနှင့် ခွေးလေးနှစ်ကောင်က စုယန်ယန်ရဲ့ ချီးကျူးစကားကြောင့် အလွန် ပျော်ရွှင်သွားခဲ့ကြသည်။
အထူးသဖြင့် ခွေးခေါင်းလေးကို ပျော်ရွှင်စွာ မော့ကာ စုယန်ယန်ရဲ့ ခြေသလုံးကို ပွတ်သပ်၍ “ ကျေးဇူးတင်စရာမလိုပါဘူး။ ” ဟု ပြောနေပုံပေါ်တဲ့ သွမ်းသွမ်းပဲ ဖြစ်သည်။
စုယန်ယန်ကတော့ သွမ်းသွမ်းရဲ့ အမူအရာကို ကြည့်ကာ ရယ်ချင်သွားလေသည်။ သူ့ကို ပွေ့ချီပြီး ခေါင်းစခြေဆုံး ပွတ်သပ်ပေးလိုက်ကာ ဝကစ်လုံးတစ်နေတဲ့ ခွေးလေးကို အမွေးတွေ ဖွာလန်ကြဲသွားအောင် ဆွဲဖွလိုက်မိသည်။
သွမ်းသွမ်းဟာ သူ့သခင်မရဲ့ အာရုံက သူ့ဆီ ရောက်လာသောကြောင့် ပျော်သွားပေမဲ့ သူ့သခင်မက သူ့ကို သားဖြစ်သူရှေ့မှာ အရှက်ကွဲအောင် လုပ်နေတာပဲဟု ခံစားရ၍ တစ်ချိန်တည်းမှာ ဒေါသလည်း ထွက်သွားသည်။
ထို့ကြောင့် စုယန်ယန်ရဲ့ လက်တွေ ခဏ ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် သူမရဲ့ ရင်ခွင်ထဲကနေ ခုန်ဆင်းကာ သူ့သားနှင့်အတူ အခန်းထဲက ပြေးထွက်သွားခဲ့သည်။
ရိုလီပိုလီကလည်း ခွေးလေးနှစ်ကောင်နှင့်အတူ အခန်းထဲက ထွက်သွားသောကြောင့် အိမ်ထဲမှာ လူကြီးနှစ်ယောက်နှင့် အိပ်မောကျနေတဲ့ ကလေးလေးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
စုယန်ယန်က ပုခက်ဘေးမှာ ရပ်ပြီး ကလေးလေးရဲ့ နွေးထွေးနူးညံ့နေသော မျက်နှာလေးကို လက်နှင့် တို့ထိကြည့်လိုက်မိသည်။ အဲ့ဒီတော့မှ သူမရဲ့ စိတ်ထဲမှာလည်း အပူလုံးကြီး ကျသွားတော့သည်။
ဟောက်ချန်ဟွမ်းက ရှေ့တိုးပြီး သူမရဲ့ ခါးလေးကို ပွေ့ဖက်ကာ “ ကိုယ် တောင်းပန်ပါတယ် ယန်ယန်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
စုယန်ယန်က အနည်းငယ် အံ့အားသင့်သွားပြီးမှ သတိဝင်လာသောအခါ ရယ်ချလိုက်မိသည်။ “ ရှင်က ဘာလို့ တောင်းပန်နေတာလဲ။ ဒါ ရှင့်အမှားမှ မဟုတ်တာ။ ရှင်သာ ရိုလီပိုလီကို အိမ်ကို ခေါ်မလာရင် ဒီအချိန်ဆို ကလေးလည်း အန္တရာယ်ထဲ ကျရောက်နေလောက်ပြီ။ ”
“ စိတ်ချပါ။ အဲ့လို ကိစ္စမျိုး ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူး။ ”
“ အင်း။ ကျွန်မ ရှင့်ကို ယုံတယ်။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲကို ဝင်ပြီး သူ့မေးဖျားလေးကို ပွတ်သပ်လိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ပင် သူမရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ “ အဲ့ဒီအမျိုးသမီးက … ”
“ ကိုယ် ရှောက်ယန်နဲ့ ကျန်တဲ့ လူတွေကို သူတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခိုင်းထားတယ်။ စိတ်ချပါ ၊ သူရော ဟောက်ချီဟန်ရော မလွတ်စေရဘူး။ ”
သူက အစတုန်းကတော့ သူ့မိဘတွေကြောင့် ဟောက်ချီဟန်ကို သက်ညှာစွာ လွှတ်ထားပေးပြီး တခြားလူတွေဆီမှာ အနိုင်ကျင့်ခံရတဲ့ အရသာကိုသာ မြည်းစမ်းကြည့်စေချင်ခဲ့တာပင်။
ဒါပေမဲ့ အဲ့ဒါက အတိတ်တုန်းကပဲ ဖြစ်သည်။ ဟောက်ချီဟန် သူ့သားကို လာမထိခဲ့သင့်ပါ။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားခဲ့သည်။ ဟောက်ချီဟန် ဒီတစ်ခေါက် အသက်မသေရင်တောင် ကျန်ရှိနေတဲ့ ဘဝကို သေချာပေါက် ထောင်ထဲမှာ ကုန်ဆုံးအောင် သူ လုပ်ပေးမည်။ တရားခံနှစ်ယောက်လုံး အသက်ရှင်နိုင်ပါ့မလား ဆိုတာကိုတော့ သူလည်း အာမ,မခံနိုင်။
စုယန်ယန်ကလည်း မထူးဆန်စွာပင် ထိုနှစ်ယောက်အပေါ် သနားစိတ် နည်းနည်းလေးမှ မဝင်ဘဲ “ အဲ့မိန်းမရဲ့ သားအကြောင်း တစ်ယောက်ယောက်ကို စုံစမ်းခိုင်းထားလိုက်ပါ။ ” ဟူ၍သာ တိုးလျစွာ ပြောလိုက်သည်။
“ သူ လိမ်ပြောနေတာလို့ မင်း ထင်လို့လား။ ”
“ ဘယ်လို လူ့တိရစ္ဆာန်မျိုးက အမေအိုကြီး ပြန်ပေးဆွဲမှုကျူးလွန်ရလောက်တဲ့ထိ လောင်းကစားလုပ်မလဲလို့ ကြည့်ချင်လို့။ ”
“ ကြည့်ပြီး ဘာလုပ်မလို့လဲ။ အိမ်အကူမိန်းမ ပြောတဲ့ စကားက အမှန်ပဲ ဆိုရင် မင်း သူ့ကို … သနားမလို့လား။ ”
“ မဟုတ်တာ။ ” စုယန်ယန်က ပြက်လုံးကောင်းတစ်ပုဒ် ကြားလိုက်ရသလိုပင် ဟောက်ချန်ဟွမ်းကို လှည့်ကြည့်သည်။ “ ကျွန်မက ရှင့်နှလုံးသားထဲမှာ သူတော်ကောင်းနဲ့ အဲ့လောက် တူနေလို့လား။ ”
“ မတူပါဘူး။ ကိုယ့်နှလုံးသားထဲမှာ မင်းက ကြင်နာတတ်တယ် ၊ ထက်မြက်တယ် ၊ ရပ်တည်ချက်ခိုင်မာတယ် ၊ ပြီးတော့ ကောင်းတာရော ဆိုးတာရော မျှတတယ်။ ဒါပေမဲ့ မိန်းကလေးတွေက ကလေးမွေးပြီးသွားရင် အရမ်း စိတ်ပျော့သွားတတ်တယ်လို့ ကိုယ် ကြားဖူးလို့ပါ။ ”
“ မိန်းကလေးတွေ ကလေးမွေးပြီးသွားရင် စိတ်ပျော့သွားတတ်တယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက တစ်ဖက်လူအပေါ်လည်း မူတည်သေးတယ်။ ” စုယန်ယန်က ကလေးလေးရဲ့ မျက်နှာဖောင်းဖောင်းအိအိလေးကို နောက်တစ်ကြိမ် တို့ထိလိုက်သည်။
854 02
ထိုအမျိုးသမီးဟာ သားဖြစ်သူကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ရရုံသာမက သူ့သားကြောင့်လည်း အခုလို ဒုက္ခရောက်ရတဲ့ အဖြစ်ဟာ အတော်လေး သနားစရာကောင်း၏။
သို့သော်လည်း လူတစ်ယောက်က ဘယ်လောက်ပဲ သနားစရာကောင်းသည့်တိုင် မုန်းစရာကောင်းသော အချက် တစ်ခုခုလည်း ရှိစမြဲပင်။ သားဖြစ်သူ လူ့အမှိုက် ဖြစ်သွားရခြင်းအတွက် ထိုအမျိုးသမီးမှာသာ တာဝန်ရှိသည်။
သူမရဲ့ ပြောစကားအရ သူမရဲ့ သားဖြစ်သူက သားလိမ္မာ တစ်ယောက်တော့ မဖြစ်နိုင်တာ သေချာသည်။ လူကောင်း တစ်ယောက်လို့တောင် သတ်မှတ်မရတဲ့တဲ့ သူမကိုယ်တိုင်ကလည်း မိဘကောင်း တစ်ယောက်တော့ ဟုတ်မနေပါ။
စုယန်ယန်သည် သူမရဲ့ ကလေးက ဟောက်ချီဟန်ရဲ့ လက်ထဲကို သက်ဆင်းလုနီးပါး အခြေအနေထိ ရောက်သွားခဲ့တယ် ဆိုတာကို ပြန်တွေးမိသောအခါ နှလုံးသားက ကျောက်စိုင်ကျောက်ခဲလို မာကျောသွားခဲ့သည်။ ဖြစ်နိုင်ရင် ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ထိုအမျိုးသမီးရဲ့ ခေါင်းကို ထုခွဲပစ်လိုက်ချင်သည်။
ဟောက်ချီဟန်က ဟောက်ချန်ဟွမ်းကို တော်တော်လေးကို မုန်းတီးနေတာပါ။ သူ့အပျော်မယားမှာ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်တုန်းကလည်း ဟောက်ရှောက်ဖုန်းကြောင့် သူ့ရင်သွေးကို ဆုံးရှုံးခဲ့ရသေးသည်။ ဒီလူ စိတ်ရူးဝင်ပြီး သူတို့ရဲ့ ကလေးကို သတ်ပစ်မလား ၊ လွှင့်ပစ်မလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ … ။
+++++