← Chapters

အခန်း ၈၅၅

Vol. 57 Ch. 855

အခန်း ၈၅၅

Vol. 57 Ch. 855

855 01

အခန်း ( ၈၅၅ ) ထွက်ပြေးတိမ်းရှောင်သူ။

“ ဟောက်ချီဟန်က လူယုတ်မာ ဆိုရင် အဲ့အိမ်အကူကလည်း ကြံရာပါပဲ။ ကျွန်မအတွက်တော့ သူတို့နှစ်ယောက်လုံးက ညီတူညီမျှ ရွံစရာကောင်းတယ်။ ဘယ်သူက ဘယ်သူ့ထက် ပိုအပြစ်ကင်းတယ် ၊ ဘယ်သူ့ရဲ့ ပြစ်မှုက ဘယ်သူ့ထက် ပိုသေးငယ်တယ် ဆိုတာမျိုး မရှိဘူး။ ”

ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ရင်း ထပ်တူ ထောက်ခံလိုက်သည်။ “ ဟောက်ချီဟန်က ကိုယ့်က‌လေးကို အသုံးချပြီး ဟောက်ကော်ပိုရေးရှင်းကို သူ့ကို ပြန်ပေးအောင် လုပ်ချင်နေတာ ဖြစ်လောက်တယ်။ ”

“ ကျွန်မ သိတယ်။ ” စုယန်ယန်က မျက်လုံးတွေကို အနည်းငယ် မှေးစင်းလိုက်တော့ အေးစက်အငွေ့အသက်တွေ အနည်းငယ် စိမ့်ထွက်လာသည်။ “ ကလေးသာ သူ့လက်ထဲ တကယ် ရောက်သွားရင် ရှင် ဟောက်ကော်ပိုရေးရှင်းကို သူ့လက်ထဲ ပြန်‌ထည့်ပေးရင်တောင် သူက ကလေးကို ကျွန်မတို့ဆီ ပြန်ပေးမှာ မဟုတ်ဘူး ဆိုတာလည်း ကျွန်မ သိတယ်။ ”

ဒါက ကြိုတင်ကြံစည်ထားတဲ့ ပြန်ပေးဆွဲမှု ဖြစ်သည်။ ပြန်ပေးဆွဲမှုရဲ့ အဆိုးဆုံး ရလဒ်ကတော့ ဓားစာခံ အသတ်ခံရပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ရတာ ဖြစ်ကာ အကောင်းဆုံး ရလဒ်ကတော့ ဟောက်ချီဟန်က ကလေးကို သူမနှင့် ဟောက်ချန်ဟွမ်း ဘယ်တော့မှ ပြန်မတွေ့နိုင်စေရေးအတွက် တစ်နေရာကို လွှင့်ပစ်လိုက်တာပဲ ဖြစ်သည်။

ထိုဖြစ်နိုင်ချေကို တွေးကြည့်ရုံဖြင့် စုယန်ယန်ရဲ့ နှလုံးသားဟာ ကြိုးထုံးတစ်ခုလို တင်းကျပ်ရစ်ပတ်ပြီး နင့်ခနဲ ဖြစ်သွားခဲ့သည်။

သူမရဲ့ ကလေးက အခုမှ တစ်လသားအရွယ်ကို နည်းနည်းလေး စွန်းရုံသာ ရှိသေးပေမဲ့ ဒီလို ညစ်နွမ်းတဲ့ အရှုပ်အထွေး‌ထဲမှာ ပါဝင်ပတ်သက်ခံရကာ တခြားသူတွေအတွက် သူမတို့ကို အကျပ်ကိုင်နိုင်မယ့် ပစ္စည်းတစ်ခုအဖြစ် အသုံးချခြင်းကိုလည်း ခံခဲ့ရသည်။

“ ဘာပဲဖြစ်ဖြစ် ဟောက်ချီဟန်က ဒီလို ပြစ်မှုမျိုး ကျူးလွန်ရဲတယ် ဆိုကတည်းက ကျွန်မကိုလည်း ရက်စက်တယ် ဆိုပြီး လာအပြစ်မတင်နဲ့တော့။ ရှင် သူ့ကြောင့် စိတ်ရှုပ်မခံနိုင်ရင် ဒီကိစ္စကို ကျွန်မရဲ့ အစ်ကိုနဲ့ အဘိုးဆီ လွှဲပေးထားလိုက်ပါ။ ကျွန်မ သူ့ကို ဒီတိုင်းတော့ လုံးဝ လွှတ်မပေးဘူး။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စကားကို ကြားတော့ ရယ်လိုက်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ ကိုယ်က မင်းမျက်လုံးထဲမှာ သူတော်ကောင်းနဲ့ တူနေလို့လား။ ”

“ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှင့်အစ်ကိုလေ။ ရှင် … ”

စုယန်ယန်ရဲ့ စကားမဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို ဖြတ်ပြောခဲ့သည်။ “ သူနဲ့ ကိုယ့်မိဘတွေနဲ့ပဲ သွေးသားတော်စပ်တာပါ။ သူနဲ့ ကိုယ်နဲ့က ဘာမှ မပတ်သက်ဘူး။ ”

“ ဟမ်။ ” စုယန်ယန်က သူ ပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ သူ့ကို ကြောင်အမ်းအမ်း လှည့်ကြည့်လိုက်မိ၏။

ဟောက်ချန်ဟွမ်းက ဒီအကြောင်းမှာပဲ အကြာကြီး တဝဲလည်လည် လှည့်‌မနေပါ။ “ စိတ်ချပါ ၊ မင်းနဲ့ ကလေးအတွက် ဆိုရင်တော့ ကိုယ့်နှလုံးသားက အမြဲတမ်း နူးညံ့ပြီးသားပါ။ ဟောက်ချီဟန်ကတော့ ကိုယ် နူးညံ့နေဖို့ မထိုက်တန်ဘူး။ ”

စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သောအခါ သူ လိမ်ပြောနေတာ မဟုတ်မှန်း သေချာသွားခဲ့သည်။ သူမရဲ့ နှလုံးသားထဲမှာ တည်ငြိမ်အေးချမ်းသွားပြီး တခြားစကားမှ ထပ်မပြောတော့ဘဲ သူ့ရင်ခွင်ထဲမှာ မျက်နှာအပ်ထားလိုက်တော့လေသည်။

လူမျက်မြင်သက်သေတွေ ၊ ပစ္စည်းသက်သေတွေ အကုန်လုံးနှင့် ဆိုလျှင် ဟောက်ချီဟန်ကို မကြာခင် ဖမ်းဆီးနိုင်ခဲ့လိမ့်မည်ဟု စုယန်ယန် ထင်ထားခဲ့သော်လည်း ကံ‌မကောင်းစွာဖြင့် ထိုညမှာပဲ ဟောက်ချီဟန် ကြိုတင်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီ ဆိုတဲ့ သတင်းကို ရဲတွေဆီက ကြားခဲ့ရသည်။ လောလောဆယ် သူ့ကို ဘယ်သူမှ ရှာမတွေ့သေးပါဟု ဆိုသည်။

“ သူ ဘယ်လို ရိပ်မိပြီး ကြိုတင်ထွက်ပြေးသွားရတာလဲ။ မိသားစုထဲမှာ နောက်ထပ် သစ္စာဖောက်တစ်ယောက် ထပ်ရှိနေတာလား။ ” စုယန်ယန်ရဲ့ မျက်နှာက မည်း‌မှောင်နေခဲ့ပြီး သူမရဲ့ နှလုံးသားထဲမှာလည်း တုန်လှုပ်နေခဲ့သည်။

တကယ်လို့သာ အိမ်ထဲက တခြား သစ္စာဖောက်တွေက သူ့ကို ကြိုတင်သတင်းပေးထားတာ ဆိုရင် …

သူမနှင့် ဟောက်ချန်ဟွမ်းက နေ့တိုင်း အိမ်မှာ အချိန်ပြည့် ရှိနေဖို့ ဆိုတာ မဖြစ်နိုင်သလို ဦးလေးကျန်းနှင့် ကျန်တဲ့ လူတွေကလည်း ကလေးဘေးမှာ အချိန်ပြည့် နေပေးဖို့ မဖြစ်နိုင်ပေ။

ဒီနေ့ ဖြစ်သွားသလို တူညီတဲ့ ကိစ္စမျိုး ထပ်ဖြစ်လာခဲ့ရင် … ၊ ရိုလီပိုလီကလည်း ဒီတစ်ခေါက်တော့ အချိန်မီ မတားဆီးနိုင်ခဲ့ရင် …

855 02

သူမရဲ့ မျက်နှာကို တစ်ချက် ကြည့်ရုံနှင့် အတွေးတွေကိုပါ တန်းသိတဲ့ ဟောက်ချန်ဟွမ်းက သူမရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း နှစ်သိမ့်ပေးလိုက်သည်။ “ အရမ်း ကြောက်မနေပါနဲ့။ ကိုယ် ပြောတာကို နားထောင်ပါ။ အိမ်ထဲမှာ ဘယ်သစ္စာဖောက်မှ မရှိဘူး။ ကလေးကို ခိုးလာပြီးတော့ ဟောက်ချီဟန်နဲ့ တွေ့မယ်လို့ ချိန်းထားတဲ့ ဟိုအိမ်အကူမိန်းမကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဟောက်ချီဟန်က တော်တော်ကြာတဲ့ထိ သူ ရောက်မလာတာနဲ့ သူ့ကို ဖုန်းဆက်ကြည့်တော့လည်း မရတာကို ဆက်စပ် တွေးကြည့်ပြီး တစ်ခုခု မှားနေပြီ ဆိုတာ ရိပ်မိလို့ ကြိုတင်ထွက်ပြေးသွားတာ နေမှာပါ။ ”

စုယန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်အောင် ဖြစ်သွားရသည်။ “ သူတို့က တွေ့ဖို့ ချိန်းထားတာတဲ့လား။ ဒါပေမဲ့ ကလေးထိန်းက အခန်းထဲက ဘယ်အချိန် ထွက်မယ် ၊ ဟိုအိမ်အကူမိန်းမက ကလေးကို သူ့ဆီ ဘယ်အချိန် ခိုးထုတ်လာပေးမယ် ဆိုတာ သူတို့ ဘယ်လိုလုပ် ကြိုပြီး သိနိုင်မှာလဲ။ ”

ကလေးကို ဂရုစိုက်ပေးဖို့ တာဝန်ယူထားတဲ့ ကလေးထိန်းကလည်း အသက်ကြီးကြီး အမျိုးသမီးကြီး တစ်ယောက် ဖြစ်သည်။ ကိုယ်တိုင်လည်း မြေး ခုနှစ်ယောက် ၊ ရှစ်ယောက်လောက် ရှိတဲ့ ထိုအမျိုးသမီးကြီးက ကလေးထိန်းရတာကို အတွေ့အကြုံရှိပြီးသားမို့ ဦးလေးကျန်းက သူမအား ကြယ်လေးကို ဂရုစိုက်ခိုင်းဖို့ လွှတ်လိုက်တာပင်။

++++++

All Chapters