← Chapters

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း ၈၅၆

Vol. 58 Ch. 856

856 01

အခန်း ( ၈၅၆ ) သူတို့က ဘာလို့ ဒီလောက်တောင် အရည်အချင်းရှိနေရတာလဲ။

စုယန်ယန်နှင့် ကလေး ဆေးရုံဆင်းလာပြီးတဲ့နောက်ပိုင်း ထိုကလေးထိန်းအမျိုးသမီးကြီးကပဲ ကြယ်လေးကို တောက်လျှောက် ဂရုစိုက်ပေးခဲ့တာ ဖြစ်သည်။

ထိုကလေးထိန်းမှာ ပုံမှန်အားဖြင့် ကလေးထိန်းတာအပြင် တခြား အလုပ်တွေလည်း မရှိသောကြောင့် ဘယ်တော့မှ ကလေးအနားကနေ ခွာလေ့မရှိပါ။ စုယန်ယန်ရဲ့ ခေါင်းထဲမှာ အတွေး တစ်ခု ဖျတ်ခနဲ လင်းသွားသည်။ “ ပစ္စည်းလာပို့တဲ့ လူကြောင့်လား။ ”

“ ဟုတ်တယ်။ ဟောက်ချီဟန်က ပစ္စည်းပို့သမားကို သတ်မှတ်ထားတဲ့ အချိန်မှာ ပစ္စည်းပို့ဖို့ ပိုက်ဆံပေးထားခဲ့တာ။ ပြီးတော့ ပစ္စည်းထွက်ယူတဲ့ ကလေးထိန်းကို အကြောင်းပြချက် တစ်ခုခု ပြပြီး အချိန်ဆွဲထားတယ် ၊ အဲ့အချိန်မှာ ဟိုအိမ်အကူမိန်းမက ကလေးကို ခိုးထုတ်တယ်။ ”

“ အဲ့လိုကိုး။ ” ဟောက်ချန်ဟွမ်းရဲ့ စကားက သူမအား ဟောက်ချီဟန် ဘာလို့ ကြိုတင်သတင်းရပြီး ထွက်ပြေးသွားတာလဲ ဆိုတာကို နားလည်သွားစေသည်။ ကလေးထိန်းနှင့် သူက တစ်နေရာမှာ တွေ့ဖို့ ချိန်းထားပေမဲ့ အကြာကြီး စောင့်ပြီးတဲ့ထိ ဘယ်သူမှ ရောက်မလာသလို သူမကို ဖုန်းဆက်ပြီး ဆက်သွယ်လို့လည်း မရပါ။ အရူး ဆိုရင်တောင် တစ်ခုခု မှားယွင်းနေမှန်း နားလည်နိုင်တဲ့ အခြေအနေမှာ သူက ထွက်မပြေးဘဲ နေမလား။

မိသားစုထဲမှာ တခြား သစ္စာဖောက်တွေ မရှိတော့ကြောင်း နားလည်သွားသော စုယန်ယန်က အနည်းငယ် စိတ်အေးသွားသော်လည်း တစ်ချိန်တည်းမှာပဲ စိုးရိမ်စိတ်ဝင်လာသည်။ “ သူ ဒီနိုင်ငံထဲကရော ထွက်သွားနိုင်လောက်လား။ ”

“ ထွက်မသွားနိုင်ပါဘူး။ ” ဟောက်ချန်ဟွမ်းက သူမရဲ့ ခေါင်းလေးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်၏။ “ ရဲကို မခေါ်ခင်ကတည်းက ရှောက်ယန်နဲ့ ကျန်တဲ့ လူတွေက လေဆိပ်တွေကို ကြိုပြီး သတင်းပေးထားပြီးသွားပြီ။ သူ လေဆိပ်ကို သွားရင် လေဆိပ်က အစောင့်ရဲတွေက သူ့ကို ဖမ်းထားလိမ့်မယ်။ ကိုယ်တို့ သူ့ကို အခုထိ ရှာမတွေ့သေး ဆိုကတည်းက သူ ဒီနိုင်ငံထဲမှာပဲ ရှိလောက်ဦးမယ်။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ပြောရမယ့် စကားကို ပြောမထွက်သလို တုံ့ဆိုင်းနေသည်။ “ ကျွန်မ မနက်ဖြန် ကြယ်လေးကို အလုပ်ကို ခေါ်သွားရင် ကောင်းမလားဟင်။ ”

“ မင်း စိတ်မချလို့လား။ ”

“ ဟောက်ချီဟန်ကို မဖမ်းမိသေးသရွေ့ ကျွန်မ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ ” ထို့နောက် စုယန်ယန်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ ကျွန်မ ဦးလေးကျန်းနဲ့ တခြားလူတွေကို မယုံတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့က စပြီး ကျွန်မရဲ့ မြင်ကွင်းထဲမှာ ကလေးမရှိတဲ့ အချိန်တိုင်း ရင်တထိတ်ထိတ် ဖြစ်နေရတော့မှာ။ သူ ထပ်ပြီး ပြန်ပေးဆွဲခံရမှာ ကျွန်မ ကြောက်တယ်။ ”

သူမရဲ့ အခုလို ပုံစံလေးကို မြင်ချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာလည်း ဆစ်ခနဲ နာကျင်သွားသည်။ “ ကိုယ် နားလည်ပါပြီ။ မနက်ဖြန် ကလေးထိန်းကိုလည်း မင်းနဲ့အတူ ထည့်ပေးလိုက်ပါ့မယ်။ ”

စုယန်ယန် အံ့ဩသွား၏။ ဟောက်ချန်ဟွမ်း အလွယ်တကူ သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့တာကြောင့် သူမ နည်းနည်းလေးလည်း ရှက်ရွံ့သွားမိသည်။

“ နေပါစော ကျွန်မဘာသာ ကလေးကို စောင့်ရှောက်နိုင်ပါတယ်။ ”

သူမရဲ့ မီးတွင်းကာလမှာ မိသားစုက သူမကို ပင်ပန်းစရာကောင်းတဲ့ အလုပ်တွေ မလုပ်ခိုင်းသလို ကလေးကိုလည်း ကလေးထိန်းကပဲ ပုံမှန်အားဖြင့် ဂရုစိုက်ပေးပေမဲ့ အားလပ်နေတဲ့ စုယန်ယန်ကတော့ ကလေးထိန်းဆီက နို့မှုန့်ဖျော်နည်းနှင့် ဒိုက်ပါလဲနည်းတို့ကို လေ့လာသင်ယူထားခဲ့သည်။

ကလေးကလည်း မွေးကင်းစအရွယ်ကတည်းက အလွန် လိမ္မာရေးခြားရှိတာမို့ ဗိုက်ဆာတဲ့ အချိန်က လွဲလို့ ကျန်အချိန်မှာ အသံဗြဲကြီးနှင့် အော်ငိုတာ ၊ သောင်းကျန်းတာမျိုးတွေလည်း မရှိပေ။

စုယန်ယန်က သူမတစ်ယောက်တည်း ကလေးထိန်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေမိသည်။

856 02

ဟောက်ချန်ဟွမ်းသည် စုယန်ယန်တစ်ယောက် စိတ်ဓာတ်ခွန်အား ပြန်ရသွားပြီး ခုနတုန်းကလို ကြောက်လန့်စွာ တုန်လှုပ်မနေတာကို မြင်တော့ နှုတ်ခမ်းထောင့်စွန်းတွေ နည်းနည်းလေး ကော့တက်သွားခဲ့သည်။ “ ဟုတ်ပါပြီ။ မင်းတစ်ယောက်တည်း မထိန်းနိုင်တော့ဘူး ဆိုရင်လည်း နံပါတ် ( ၁ ) နဲ့ တခြားလူတွေကို အကူအညီတောင်းလိုက်နော်။ ”

နံပါတ် ( ၁ ) ဆိုတာက သူမကို ကာကွယ်ပေးဖို့ ဟောက်ချန်ဟွမ်း စီစဉ်ထားတဲ့ ကိုယ်ရံတော်ခေါင်းဆောင် ဖြစ်သည်။ ထိုလူတွေမှာ နာမည်အစစ် မရှိဘဲ ကုဒ်နံပါတ်တွေနှင့် ပေးထားသည့် နာမည်ဝှက်တွေသာ ရှိသည်။

အစပိုင်းတုန်းက ထိုလူတွေက အမှောင်ထဲမှာ ပုန်းကွယ်ပြီးတော့သာ စုယန်ယန်ကို ကာကွယ်ပေးခဲ့သည်။ သူမကို လျှို့ဝှက်စွာ စောင့်ကြည့်ခြင်းအားဖြင့် တစ်ချိန်တည်းမှာပဲ ဟောက်ချန်ဟွမ်းကိုလည်း ကူညီပေးခဲ့သည်။

သို့သော်လည်း စုယန်ယန်က ထိုလူတွေ ရှိနေလည်း သူမ အဆင်ပြေကြောင်း ပွင်ပွင့်လင်းလင်း ပြောလာပြီးတဲ့နောက်မှာ ထိုအဖွဲ့က အမှောင်ထဲကနေ အလင်းထဲကို ကူးလာခဲ့ကြလေသည်။ သူတို့က နေ့တိုင်း စုယန်ယန် ဘယ်သွားသွား နောက်က လိုက်ရပြီး ( ၂၄ ) နာရီလုံး တာဝန်ထမ်းဆောင်လေ့ရှိသည်။

“ နံပါတ် ( ၁ ) ….. ” စုယန်ယန်ရဲ့ မျက်နှာမှာ မယုံကြည်နိုင်မှုတွေ ဖုံးလွှမ်းကာ ဆွံ့အသွားခဲ့သည်။ “ သူတို့က ကိုယ်ရံတော်တွေ မဟုတ်ဘူးလား။ ကလေးကို ဂရုစိုက်တတ်လို့လား။ ”

သူတို့အားလုံးက မျှော်စင်ကြီးတွေလို ထွားထွားကျိုင်းကျိုင်း ယောက်ျားကြီးတွေပါ။ အသားအရေညိုမည်း၍ သန်မာတောင့်တင်းကာ တချို့ ဆိုလျှင် မျက်နှာပေါ်မှာ အမာရွတ်တွေတောင် ရှိသည်။ သူတို့ကြောင့် ကလေး လန့်ပြီး ထမငိုရင်ပဲ ဆန်းကြယ်ဖြစ်ရပ်ဟု သတ်မှတ်လို့ ရနေပါပြီ။ သူတို့က ကလေးကို ဘယ်လိုများ ချော့ပေးမှာလဲ။

“ စိတ်မပူပါနဲ့။ သူတို့က ပရော်ဖက်ရှင်နယ် လေကျင့်ရေးမျိုးစုံကို ဆင်းပြီးမှ ဒီအလုပ်ကို လုပ်လို့ ရတာပါ။ မီးသီးလဲတာ ၊ လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်တာကနေ ကလေးထိန်းတာအထိ သူတို့ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။ တိုက်ခိုက်တာ ၊ လူတွေကို ကြိုးတုပ်တာ ၊ ဗုံးပစ်တာတွေအထိတောင် လုပ်တတ်တယ်။ ကလေးထိန်းတာလောက်က သူတို့အတွက် ဘာမှ မခက်ခဲတဲ့ ကိစ္စလေးပါ။ ”

စုယန်ယန်မှာ ပြောစရာစကားပင် မရှိတော့ပါ။ အခုခေတ် ကိုယ်ရံတော်တွေက ဘာလို့ ဒီလောက် အရည်အချင်းရှိနေရတာလဲ … ။

++++++

All Chapters