အခန်း ၈၅၇
Vol. 58 Ch. 857
857 01
အခန်း ( ၈၅၇ ) ကလေးကို အဖွဲ့လိုက် ပြန်ပေးဆွဲခြင်း။
နှလုံးသားထဲမှာ သံသယတွေ ၊ အတွေးတွေ ပြည့်နေတဲ့ စုယန်ယန်သည် နောက်တစ်နေ့မှာပဲ ကလေးကို လက်တွန်းလှည့်နှင့် တွန်း၍ ဟောက်အိမ်တော်ထဲက ထွက်လာခဲ့သည်။
ကုမ္ပဏီကို သွားတဲ့ လမ်းမှာ စုယန်ယန်ရဲ့ မျက်လုံးတွေက ရှေ့ခန်းမှာ ထိုင်နေတဲ့ နံပါတ် ( ၁ ) ဆီ မကြာခဏ အကြည့်ရောက်နေခဲ့သည်။
ပရော်ဖက်ရှင်နယ် လေ့ကျင့်ရေးဆင်းထားတဲ့ နံပါတ် ( ၁ ) ကလည်း လူတွေရဲ့ အကြည့်တွေကို ခံစားသိမြင်နိုင်စွမ်း အတော်လေး အားကောင်းလေရာ စုယန်ယန် သူ့ကို တစ်ချက် ကြည့်လိုက်တိုင်း တန်းသိပါသည်။
လမ်းတစ်လျှောက်လုံး စုယန်ယန် သူ့ကို ကြည့်သမျှ အကြည့်တိုင်းကို သူ သတိထားမိသည်။ သူ့ကိုယ်သူ အပ်တွေပေါ်မှာ ထိုင်နေသလို ခံစားလာရပြီး ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးတွေ စိမ့်ထွက်လာ၏။ လမ်းတစ်လျှောက်မှာ သူတို့ကို တိုက်ခိုက်ဖို့ ပုန်းကွယ်နေတဲ့ ရန်သူတွေ အများကြီး ရှိတယ် ဟူသော အတွေးက သူ့အား ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသလို တစ်ချက်လေးတောင် သတိမလွတ်ရဲစေသည်။
နောက်ဆုံးမှာ တုန်ချမ်းရဲ့ အဝင်ဝကို ရောက်လာချိန်မှာတော့ စုယန်ယန်က သူ့ကို “ ရှင် ကလေးထိန်းတတ်လား။ ” ဟု မေးမိသွားသည်။
“ ဟမ်။ ” နံပါတ် ( ၁ ) က စုယန်ယန် အဲ့ဒီလို ဘာ့ကြောင့် မေးတာလဲ ဆိုတာကို နားမလည်ဘဲ ဗလာနတ္ထိမျက်လုံးများဖြင့် သူမကို ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ သခင်မလေး လိုအပ်တယ် ဆိုရင်တော့ ကျွန်တော် ကလေးထိန်းပေးနိုင်ပါတယ်။ ”
‘ သူမ လိုအပ်တယ် ဆိုရင်တော့ ’ ဆိုတာ ဘာစကားကြီးလဲ … ။ သူ ဟာသလာပြောနေတာလားလို့တောင် စုယန်ယန် ထင်သွားသည်။
“ … နေပါစေ။ ကလေးကို ကျွန်မဘာသာပဲ ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ ”
စုယန်ယန်က ပန်းရောင် လက်တွန်းလှည်းလေးတွေကို တွန်း၍ တံခါးကို ဖြတ်ကျော်ပြီး ကုမ္ပဏီထဲ ဝင်ရောက်လာခဲ့သည်။ ဧည့်ကြိုစားပွဲကိုလည်း ဖြတ်ကျော်လာပြီး ရုံးခန်းအပေါ်ထပ်ကို တန်းသွားလိုက်သည်။
သူမ အပေါ်ထပ်ကို ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဘော့စ်ဟာ သူ့ကလေးလေးကို ကုမ္ပဏီကို ခေါ်လာတယ် ဆိုတဲ့ သတင်းက ကုမ္ပဏီထဲမှာ တောမီးပမာ ပျံ့နှံ့သွားခဲ့တယ် ဆိုတာကိုတော့ မသိခဲ့ပေ။
ကုမ္ပဏီထဲက အနားယူနေကြတဲ့ အဒေါ်ကြီးအဖွဲ့က အပေါ်ထပ်ကို ပြေးတက်သွားချင်စိတ်တွေ တရွရွ ပေါ်ပေါက်လာခဲ့ပြီး ဘော့စ်ရဲ့ ကလေးက ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ကြည့်ချင်နေခဲ့ကြသည်။
“ ဒီမှာကြည့် ကလေးရေ။ ဒါက မေမေ့ရဲ ရုံးခန်းပဲ။ အခန်းက ကျယ်ပြီး အပြင်အဆင်တွေကလည်း လှတယ် မဟုတ်လား။ ဟိုးအောက်မှာလည်း ကားသေးသေးလေးတွေ ရှိတယ် မြင်ရဲ့လား။ ကားလေးတွေ တစ်စီးပြီး တစ်စီး သွားနေတာ …”
စုယန်ယန်က သူမရဲ့ ကလေးကို ပြတင်းပေါက်နား ခေါ်သွားပြီး ကုမ္ပဏီအောက်က လမ်းပေါ်က ကားတွေကို ပြလိုက်သည်။
ကြယ်လေးက ငိုလည်း မငို ၊ သောင်းလည်း မသောင်းကျန်းဘဲ သူ့မျက်လုံးဝိုင်းလေးတွေဖြင့်သာ ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေခဲ့သည်။ သူက ကုမ္ပဏီအောက်က ကားတွေကို မပျင်းမရိ အကြာကြီး စူးစမ်းစွာ စိုက်ကြည့်နေခဲ့သည်။
အဆုံးသတ်မှာတော့ စုယန်ယန်ကပဲ သူ့ကို ပွေ့ချီထားရလို့ နည်းနည်းလေး ပင်ပန်းလာခဲ့သည်။ သူမရဲ့ ကလေးကလည်း နည်းနည်းလေး ဗိုက်ဆာလာပုံရတာမို့ သူလေးကို လက်တွန်းလှည်းထဲ ပြန်ထည့်လိုက်သည်။
စုယန်ယန်က နို့ဘူးဖျော်ပြီး ကလေးရဲ့ ပါးစပ်ထဲ တေ့ပေးလိုက်ရုံရှိသေး ၊ တံခါးခေါက်သံ တစ်ချက် ထွက်ပေါ်လာခဲ့လေသည်။
“ ဝင်ခဲ့ပါ။ ”
857 02
“ အဟမ်း ၊ အစ်ကိုပါ ယန်ယန်။ ” ရှားကျွင်းရှန့်က ရုံးခန်းထဲ ဝင်လာခဲ့သည်နှင့် စားပွဲဘေးက ပန်းရောင် လက်တွန်းလှည်းလေးကို မြင်သွားသည်။ ကုမ္ပဏီထဲမှာ လောလောလတ်လတ်ကမှ ပွက်လောရိုက်နေတဲ့ သတင်းအကြောင်း ပြန်တွေးမိတော့ သူ့မျက်နှာက နူးညံ့သွားသည်။
စုယန်ယန်က လက်တစ်ဖက်နှင့် နို့ဘူးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကလေးလေး နို့မသီးအောင် ကျောကို ဖွဖွ ပုတ်ပေးနေခဲ့သည်။
ထိုအချိန်မှာပဲ ရုံးခန်းထဲကို ဝင်လာတဲ့ ရှားကျွင်းရှန့်ကို မော့ကြည့်ပြီး “ အစ်ကို ဘာပြောစရာရှိလို့လဲ။ ” ဟု မေးလိုက်တော့ ရှားကျွင်းရှန့်က ခဏတာ တုံ့ဆိုင်းသွားသည်။
သို့သော်လည်း အဆုံးသတ်မှာတော့ နှလုံးသားထဲက သူ့သိချင်စိတ်ကို မတွန်းလှန်နိုင်ဘဲ “ ညီမ ကလေးကို ကုမ္ပဏီကို ခေါ်လာတာလား။ ” ဟု လေးနက်သော အမူအရာဖြင့် မေးလိုက်ပါသည်။
“ အိမ်မှာ မနေ့တုန်းက ကိစ္စ တစ်ခု ဖြစ်သွားတယ်။ ညီမ သူ့ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရမှာ စိုးရိမ်တာနဲ့ ခေါ်လာခဲ့လိုက်တာပါ။ ” စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ရှက်ရွံ့သွားသည်။ “ ကုမ္ပဏီထဲကို ကလေးတွေ ခေါ်လာလို့ မရဘူး ဆိုတဲ့ စည်းမျဉ်း ရှိတာလား။ ညီမမ အဲ့စည်းမျဉ်းကို ထည့်မစဉ်းစားခဲ့မိဘူး။ အဟမ်း ၊ ဒီနေ့ တစ်နေ့တော့ ညီမကို နားလည်ပေးကြပါနော်။ မနက်ဖြန်ကျမှ တခြားတစ်မျိုး စီစဉ်လိုက်ပါ့မယ်။ အစ်ကိုတို့အတွက် အနှောင့်အယှက်လည်း မဖြစ်စေရဘူး ၊ အလုပ်လည်း မနှောင့်နှေးစေရဘူးလို့ ကတိပေးပါတယ်။ ”
ရှားကျွင်းရှန့်သည် ထိုစကားကို ကြားလျှင် ရယ်ချင်စိတ်ကို ထိန်းမရတော့ပါ။ “ ကုမ္ပဏီထဲမှာ အစ်ကိုတို့ကို ကလေးခေါ်လာလို့ မရဘူးလို့ ကန့်သတ်ထားတဲ့ စည်းမျဉ်းမျိုး မရှိပါဘူး။ ပြီးတော့ ဒါက သီးခြားရုံးခန်း ဆိုတော့ အသံလုံစနစ်လည်း ကောင်းပါတယ်။ သူ ဘယ်သူ့ကိုမှ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။ အစ်ကိုကလည်း တခြားသဘောနဲ့ မေးတာ မဟုတ်ပါဘူး။ ညီမရဲ့ ကလေးလေးအကြောင်း နည်းနည်း စပ်စုချင်လို့ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကုမ္ပဏီထဲမှာ ညီမရဲ့ ကလေးအကြောင်း အရမ်း စပ်စုချင်နေတဲ့ ဝန်ထမ်းတွေ အများကြီး ရှိတယ်။ သူတို့က လူစုဖွဲ့ပြီး ဒီကို တက်လာပြီး ညီမရဲ့ ကလေးကို ပြန်ပေးဆွဲဖို့တောင် ဆွေးနွေးကြတာ။ ”
စုယန်ယန်က သူမ နားကြားပဲမှားတာလား ဟူ၍ တွေးမိတော့မလိုပင် ဆွံ့အသွားခဲ့ရသည်။ “ ကုမ္ပဏီထဲမှာ ညီမရဲ့ ကလေးအကြောင်း အရမ်း စပ်စုချင်နေတဲ့ ဝန်ထမ်းတွေ အများကြီး ရှိတယ် … ဟုတ်လား … ”
++++++