← Chapters

အခန်း ၈၅၈

Vol. 58 Ch. 858

အခန်း ၈၅၈

Vol. 58 Ch. 858

858 01

အခန်း ( ၈၅၈ ) သူ့မှာ ရည်းစား‌ရနေပြီ။

“ ညီမ ကလေးကို လက်တွန်းလှည်းနဲ့ ဒီကို ခေါ်လာတာကို တချို့လူတွေ မြင်သွားပြီး အဲ့ဓာတ်ပုံတွေကို ကုမ္ပဏီဂရုချက်ထဲ ပို့လိုက်ကြတာ။ အခု ညီမရဲ့ ကလေးကို စောင့်ကြည့်နေတဲ့ လူတွေ အများကြီး ရှိတယ်။ ”

“ … ” ဘာလို့များ သူမ အခုမှ ကျားခံတွင်းထဲက လွတ်မြောက်လာရုံရှိသေး ၊ ဝံပုလွေခံတွင်းထဲကို ထပ်ရောက်သွားသလို ခံစားလိုက်ရတာပါလိမ့်။

စုယန်ယန်က နို့သောက်နေတဲ့ ကောင်ကလေးကို ကြည့်ရင်း ‘ မင်းကတော့ တကယ့်ကို လူကြိုက်များနေတာပဲ ငါ့သားရေ။ ဘယ်နေရာသွားသွား မင်းကို ခိုးချင်နေတဲ့ လူတွေချည်းပဲ ’ ဟူ‌သော အတွေးဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော်လည်း ကုမ္ပဏီထဲက လူတွေရဲ့ ပါးစပ်ဖြင့် ပြန်ပေးဆွဲခြင်းက မနေ့တုန်းက ပြန်ပေးဆွဲအဖြစ်အပျက်နှင့် မတူတာကိုလည်း စုယန်ယန် သိပါသည်။ သူတို့က ဟာသသဘောဖြင့်‌သာ ပြောနေကြတာပင်။

“ သူတို့ကို အလုပ်တွေ ထပ်ပေးလိုက်ပါ။ အလုပ်ပိနေရင် ညီမရဲ့ ကလေးအကြောင်း တွေးဖို့ အချိန်ရတော့မှာ မဟုတ်ဘူး။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ စကားကို ရယ်ချင်စွာပင် ထောက်ခံလိုက်သည်။ “ အဲ့ဒါက အဓိပ္ပာယ်ရှိသားပဲ။ ”

စုယန်ယန်က သူ့ကိုပါ သံသယအကြည့်ဖြင့် ကြည့်ပြီး အပြုံးလေးဖြင့် မေးလိုက်သည်။ “ အစ်ကိုကရော ကလေးခိုးတဲ့ အဖွဲ့ထဲကတော့ မဟုတ်ပါဘူးနော် အစ်ကိုကျွင်းရှန့်။ ”

“ မဟုတ်ပါဘူး။ အစ်ကိုက ဒီလကုန်လောက်မှာ ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီးတော့မယ်လို့ လာအသိပေးတာပါ။ ကုမ္ပဏီထဲက အနုပညာရှင် တချို့မှာလည်း ရိုက်စရာ ဇာတ်ဝင်ခန်းတွေ ဘယ်လောက်မှ မကျန်တော့လို့ ရိုက်ကွင်းက‌ ပြန်လာခါနီးနေပါပြီ။ ”

“ ဒါဆို မကြာခင် ပြန်ရောက်လာမှာပေါ့။ အစ်ကို ညီမ မှာထားတာတွေ အကုန်လုံးရော စီစဉ်ပြီးသွားပြီလား။ ”

“ အကုန်လုံး စီစဉ်ထားပါတယ်။ ” ရှားကျွင်းရှန့်က ပြောရင်း တစ်စုံတစ်ခုကို တွေးနေသလို ရပ်တန့်သွားသည်။ “ ပိုအရေးကြီးတဲ့ ကိစ္စ တစ်ခုလည်း ရှိသေးတယ်။ ညီမကို ကြိုပြီး အသိပေးထားဖို့ လိုတယ်လို့ အစ်ကို ထင်လို့ပါ။ ”

“ ဘာများလဲ။ ”

“ နျဉ်ချီလွေ့ ချစ်သူရနေပြီ။ ”

စုယန်ယန်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ပြီး သူမ သတိဝင်လာသောအခါ “ အစ်ကို ဘာပြောလိုက်တယ်။ ” အလန့်တကြား ရေရွတ်လိုက်မိလေသည်။

“ အဲ့ … ” နို့သောက်နေတဲ့ ကလေးက သူမရဲ့ တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားပြီး နှုတ်ခမ်းလေးစူကာ အော်ငိုတော့မလို ဖြစ်သွား၏။

စုယန်ယန်လည်း ထပ်တူ ထိတ်လန့်သွားကာ ကျန်တာတွေကို ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ ချိုလိမ်လေးကို သူ့ပါးစပ်ထဲ ပြန်ထည့်ပေးရင်း နူးညံ့စွာ ချော့မော့လိုက်သည်။ “ မငိုပါနဲ့ကွယ်။ မေမေ့အမှားပါ။ မေမေ စကားအကျယ်ကြီး မပြောလိုက်သင့်ဘူး ၊ သားကို ကြောက်အောင် လုပ်မိသွားတယ်ကွယ်။ ဘာမှ မဖြစ်ဘူးနော် ၊ အကုန် အဆင်ပြေတယ်။ ”

စုယန်ယန် ကလေးတစ်ယောက်ကို ချော့မော့နေတာကို ရှားကျွင်းရှန့် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာမို့ ရုတ်တရက်ပဲ အနည်းငယ် မှင်တက်သွားမိသည်။

သူတို့ တွေ့ခါစ လွန်ခဲ့တဲ့ ( ၂ ) နှစ်တုန်းကအထိ စုယန်ယန်ကို လူ့လောကထဲ အခုမှ ခြေချလာတဲ့ ကလေးတစ်ယောက်လို့ သတ်မှတ်လို့ ရနေဆဲပင်။ ဒီကောင်မလေးက ( ၂ ) နှစ်အကြာမှာ တစ်စုံတစ်ယောက်နဲ့ အမြန် လက်ထပ်သွားပြီး ကလေးတောင် မွေးလာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ … ။ သူ့အတွက် အနာကျင်ရဆုံးကတော့ သူမရဲ့ “ အစ်ကို ” ဖြစ်တဲ့ သူက ဒီအချိန်ထိ လူပျိုကြီး ဖြစ်နေတာပါပဲ။

စုယန်ယန်ကတော့ ရှားကျွင်းရှန့်ရဲ့ နှလုံးသားထဲက ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို သတိမထားမိပေ။ ကလေးကို ချော့မော့ပြီးသွားတော့ သူမရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ ပြန်နေခဲ့သည်။

သူမက စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး တစ်ချက် မှုတ်ထုတ်ပြီးမှ သူတို့ ဆွေးနွေးနေခဲ့တဲ့ အကြောင်းအရာကို ပြန်သတိရသွားသည်။ “ ဘယ်သူနဲ့လဲ။ ယို့ယွီရှစ်နဲ့တော့ မဟုတ်ဘူးမို့လား။ ”

စုယန်ယန်ရဲ့ ပထမဆုံး တုံ့ပြန်မှုက ထိုနှစ်ယောက်အကြောင်း တွေးမိခြင်း ဖြစ်နေတာ အံ့ဩစရာမရှိပေ။ သူတို့က အသက်အရွယ်ချင်းလည်း မတိမ်းမယိမ်း ၊ မိသားစုနောက်ခံချင်းလည်း မတိမ်းမယိမ်းရှိသည်။ အရေးကြီးဆုံးကတော့ မကြာသေးမီ အချိန်တုန်းကမှ သူတို့ “ အော်ပရာမင်းသမီး ” ဇာတ်လမ်းတွဲထဲမှာ တွဲသရုပ်ဆောင်ထားတာပါ။

858 02

တူညီတဲ့ ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ထဲမှာ အတူတူ အကြာကြီး အချိန်ကုန်ဆုံးပြီးတဲ့နောက် အချိန်နှင့်အမျှ တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေ ပိုတိုးလာလိမ့်မည်။

အန္တရာယ်များတဲ့ အစိတ်အပိုင်းကတော့ နျဉ်ချီလွေ့ရော ၊ ယို့ယွီရှစ်ရောက သရုပ်ဆောင်ပြိုင်ပွဲတွေကနေ နာမည်ရလာတဲ့ အနုပညာရှင်တွေ ဖြစ်နေခြင်းပင်။ အကျိုးသင့်အကြောင်းသင့် ပြောရလျှင် အနုပညာနယ်ပယ်ထဲမှာ နာမည်တစ်ခု အခိုင်အမာ မရသေးသရွေ့ သူတို့ ရည်းစားထားလို့ မရပါ။

မဟုတ်ရင် အဲ့ဒါက သူတို့ရဲ့ ငွေကြယ်ပွင့်ခရီးလမ်းကို အကြီးအကျယ် ထိခိုက်စေဖို့ များသည်။

အဲ့ဒါကြောင့်ပဲ ရှားကျွင်းရှန့်ကလည်း ဒီအကြောင်းကို စုယန်ယန်အား အထူးတလည် ပြောပြနေတာ ဖြစ်သည်။ တချို့ ကုမ္ပဏီတွေ ဆိုလျှင် သူတို့နှင့် လက်တွဲပြီး,ပြီးချင်း ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက်အထိ အနုပညာရှင်တွေ ရည်းစားထားလို့ မရဘူးလို့ အစောပိုင်းစာချုပ်တွေထဲမှာ တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

အဲ့ဒါက ဘယ်အနုပညာရှင်ကတော့ ရည်းစားရနေပါပြီ ဆိုတဲ့ သတင်းတွေ ရုတ်တရက် ထိတ်လန့်ဖွယ်ရာ ထွက်ပေါ်လာမှာကို ကာကွယ်တာ ဆိုလည်း မမှားပါ။ အဲ့လိုသာ ဖြစ်လာရင် သူတို့ ရင်းနှီးမြုပ်နှံထားသမျှ အရာအားလုံး မြောင်းထဲ ရောက်သွားပြီး အကုန်လုံးကို ဆုံးရှုံးလိုက်ရမှာပါ။

သို့သော်လည်း ထိုနှစ်ယောက်ရဲ့ အခြေအနေကတော့ အတော်လေး ဆန်းသစ်သည်။ အသိုင်းအဝိုင်းနှင့် သူတို့ ကောင်းကောင်း အသားမကျနိုင်ဘူး ဆိုရင်တောင် အိမ်ပြန်ပြီး မိဘလက်ငုပ်လက်ရင်း လုပ်ငန်းတွေကို အမွေဆက်ခံလို့ ရသည်။ ကုမ္ပဏီရဲ့ လူထုဆက်ဆံရေးငှာနကလည်း ဒီကိစ္စကို အလွန် စိတ်ပူနေလောက်ပါသည်။

ရှားကျွင်းရှန့်က ခဏလောက် ‌ဆွံ့အနေပြီးမှ ခေါင်းခါယမ်းလိုက်သည်။ “ မဟုတ်ဘူး။ ”

“ ဒါဆို … ”

“ အော်ပရာမင်းသမီး ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဆရာမ မိန်းကလေးရှားနျဉ်ရှီနဲ့ပါ။ ”

စုယန်ယန်တစ်ယောက် ပါးစပ်အဟောင်းသား ၊ မျက်လုံးအပြူးသား ဖြစ်သွားရသည်။

++++++

All Chapters