← Chapters

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း ၈၅၉

Vol. 58 Ch. 859

859 01

အခန်း ( ၈၅၉ ) မိန်းကလေးတစ်ယောက်ကို ပွင့်လင်းစွာ ပိုးပန်းခြင်း။

စုယန်ယန် ကြောင်အသွား၏။ သူတို့နှစ်ယောက် ဘယ်အချိန်တုန်းက ရည်းစားဖြစ်သွားကြတာလဲ။

အရေးပါတဲ့ အရံမင်းသားက ကြာပန်းဖြူ အမျိုးသမီးဇာတ်လိုက်ရဲ့ ထိန်းချုပ်မှုအောက်က ကင်းလွတ်လာပြီးတဲ့နောက်ပိုင်း သူ့လက်တွဲဖော်ကို ရှာတွေ့သွားတဲ့ အဖြစ်ကို သူမ အမှန်တကယ်ပင် လုံးဝ မသိခဲ့။

“ နျဉ်ချီလွေ့က ‘ အော်ပရာမင်းသမီး ’ ရဲ့ ဇာတ်ညွှန်းဆရာမ မိန်းကလေးရှားနျဉ်ရှီနဲ့ တွဲနေတယ်လို့ အစ်ကို ပြောနေတာလား။ ဘယ်တုန်းက သူတို့ စတွဲကြတာလဲ။ ဒီအကြောင်းကိုရော တခြား ဘယ်သူတွေ သိသေးလဲ။ ”

လက်တွန်းလှည်းထဲက ကလေးလေးက စုယန်ယန်ရဲ့ ရုတ်တရက် မြှင့်တက်လာတဲ့ အသံကြောင့် ထိတ်လန့်သွားပုံဖြင့် ချိုလိမ်လေးကို ပါးစပ်ထဲက ဆွဲထုတ်ပြီး နှုတ်ခမ်းလေး စုသွားကာ ငိုတော့မည့် ပုံစံ ထပ်ဖြစ်သွားသည်။

စုယန်ယန်ရဲ့ အရှိန်အဝါတွေက ရုတ်တရက်ပဲ ကျဆင်းသွားပြီး ကလေးကို အမြန် ချော့မော့လိုက်ရသည်။ “ မေမေ မှားသွားပါတယ်ကွယ်။ မေမေ မှားသွားတယ်။ မေမေ စကားအကျယ်ကြီး ပြောပြီး သားကို လန့်အောင် ထပ်မလုပ်တော့ဘူးနော်။ အဲ့ဒါကြောင့် မငိုနဲ့နော်။ ”

စုယန်ယန်သည် ကလေးကို ချော့ပြီးသွားတော့ ရှားကျွင်းရှန့်ကို ထပ်ကြည့်လိုက်သည်။

ရှားကျွင်းရှန့် ရှင်းပြဖို့ ပါးစပ်ပြင်နေတုန်းပဲ နောက်ထပ် တံခါးခေါက်သံ ထွက်ပေါ်လာ၍ စုယန်ယန်က မျက်မှောင်ကြုတ်မိသွားသည်။ “ ဒီအချိန်ကြီး ဘယ်သူ လာတာလဲ။ ဝင်ခဲ့ပါ။ ”

ရုံးခန်းတံခါး ပွင့်သွားပြီးနောက် ရုံးခန်းထဲ ဝင်လာသူကို ကြည့်ပြီး စုယန်ယန် ရယ်ချင်သွားသည်။ “ အိုး ၊ တိုက်ဆိုင်လိုက်တာ။ အခုပဲ ကျွန်မတို့ ရှင့်အကြောင်း ပြောနေကြတာ။ ”

သူတို့အကြောင်း ပြောနေတုန်းပဲ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သူက နျဉ်ချီလွေ့နှင့် ယို့ယွီရှစ်က လွဲပြီး တခြား မရှိပါ။ သူတို့နောက်မှာတော့ ယွင်လော့ရှန်းလည်း အတူတူ လိုက်ပါလာသည်။

“ ကျွန်တော်လား။ ” ရှေ့ဆုံးက လျှောက်လာတဲ့ နျဉ်ချီလွေ့က သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း ဇဝေဇဝါဖြစ်သွားသည်။ “ အစ်မက ကျွန်တော့်အကြောင်း ပြောနေတာလား။ ”

“ သခင်လေးတစ်ယောက်က သူ အနုပညာနယ်ပယ်ထဲမှာ နေပြီး အလုပ်တွေကိုပဲ အာရုံစိုက်ချင်တယ်လို့ ပြောတာကို ငါ ကြားဖူးခဲ့သလားလို့ပါ။ ဒါပေမဲ့ နောက်ဆုံးတော့ သူက ဇာတ်လမ်းတွဲ တစ်ခုမှာပဲ သရုပ်ဆောင်ရသေးတယ်။ ကောင်မလေး တန်းရသွားတယ်လေ။ သူက ချိန်းတွေ့တာကိုပဲ အာရုံစိုက်နေတော့ အလုပ်,လုပ်ဖို့လည်း စိတ်မဝင်စားတော့ဘူး။ ”

နျဉ်ချီလွေ့က သူမစကားကို ကြားတော့ သူမ ဘာအကြောင်း ပြောနေတာလဲ ဆိုတာ အကြမ်းဖျင်း နားလည်သွားကာ မလုံမလဲ နှာခေါင်းပွတ်ရင်း ခပ်တိုးတိုး ရယ်လိုက်၏။ “ ဒါက ကံတရားပဲ။ ကျွန်တော်လည်း မတားဆီးနိုင်ဘူး။ အစ်မ ကျွန်တော့်ကို ကျွန်တော် သဘောကျတဲ့ လူကို လက်လွှတ်ခံခိုင်းပြီး ဘဝတစ်လျှောက်လုံး တစ်ကိုယ်တည်းသမားဘဝနဲ့ အရိုးထုတ်သွားခိုင်းလို့ မရဘူးလေ။ ဟုတ်တယ်မို့လား။ ”

စုယန်ယန်က သူ့စကားကို ကြားတော့ ဒေါသကြောင့် အော်ရယ်မိတော့မလို ဖြစ်သွားသည်။ သူက သူ့ကိုယ်သူ အရမ်း မှန်ကန်နေတဲ့ ပုံစံနဲ့ ပြောနေတာပဲ။ သူမသာ သူ့အကြောင်းကို ကောင်းကောင်း မသိရင် သူ ရှားနျဉ်ရှီကို မြင်မြင်ချင်း ချစ်မိသွားပြီး သူမက လွဲလို့ တခြား ဘယ်မိန်းကလေးကိုမှ လက်ထပ်တော့မှာ မဟုတ်ဘူးလို့ ထင်သွားလောက်သည်။ သူ့ပြောပုံက သူသာ ဒီအခွင့်အရေးကို လွတ်သွားရင် သူ့တစ်ဘဝလုံး ရည်းစားမရတော့မယ့် ပုံမျိုးပင် … ။

ဟမ့် ၊ ယောက်ျားတွေများ … ။ အချစ်စကားတွေ ၊ ကတိကဝတ်တွေ ပေးဖို့ပဲ သိတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူ သိတာမို့လို့လဲ။ လူ့ဘဝ ဆိုတာ အချိန် ခဏလေး မဟုတ်ပါ။

“ အကုန်လုံး ဝန်ခံစမ်းပါ။ နင် သူနဲ့ ဘယ်အချိန်ကတည်းက စတွဲနေတာလဲ။ ”

နျဉ်ချီလွေ့က ခပ်တိုးတိုး ရယ်လိုက်သည်။ “ ချိန်းတွေ့တယ် ဆိုတဲ့ အသုံးအနှုန်းကို အစ်မ သုံးတာ အရမ်း နားမခံသာစရာကောင်းတယ်။ ရှီလေးနဲ့ ကျွန်တော်နဲ့က မြင်မြင်ချင်း ချစ်မိသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ် တွေ့တဲ့ အချိန်မှာမှ ချစ်မိသွားပြီး အတည်တကျ တွဲဖို့ ဆုံးဖြတ်ခဲ့တာ။ ”

“ စကားကို လူလို ပြောစမ်း။ ”

859 02

“ ကျွန်တော် ရုပ်ရှင်အဖွဲ့နဲ့ အများကြီး အချိန်ကုန်ဖြစ်ရင်းနဲ့ သူ့ကို လူကောင်းတစ်ယောက်လို့ ခံစားလာရတယ်။ သူကလည်း ကျွန်တော့်ကို စိတ်ဝင်စားတယ်။ အဲ့လိုနဲ့ ခံစားချက်တွေ တဖြည်းဖြည်း တိုးလာကြတယ်။ ”

“ ဟွန်း … ” စုယန်ယန်က နျဉ်ချီလွေ့ကို မကျေမနပ် ကြည့်လိုက်မိသည်။ ထုတ်လုပ်ရေးအဖွဲ့ထဲက ဝန်ထမ်းတွေ အကုန်လုံးက အလုပ်,လုပ်နေကြပေမဲ့ ကိုယ့်အလုပ်ကိုယ် မလုပ်တဲ့ သူကတော့ အလုပ်ကို အကြောင်းပြပြီး မိန်းကလေးတွေနှင့် ချိန်းတွေ့နေခဲ့တာ ဖြစ်သည်။

နျဉ်ချီလွေ့သည် စုယန်ယန် မကျေမနပ် ဖြစ်သွားတာကို နားလည်သကဲ့သို့ပင် နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားခဲ့သည်။ သူလည်းပဲ မကျေမနပ် ပြောလိုက်ပါသည်။ “ အလုပ်ချိန်အတွင်း ချိန်းတွေ့တာက သိပ်မသင့်တော်တာ မှန်ပေမဲ့ ကျွန်တော့်ရဲ့ အလုပ်ကိုတော့ မထိခိုက်စေပါဘူး။ ဇာတ်လမ်းတွဲထဲမှာတော့ ကျွန်တော် ကောင်းကောင်း သရုပ်ဆောင်နိုင်နေတုန်းပဲ။ ဒါရိုက်တာလော့တောင် ဒီနယ်ပယ်မှာ ကျွန်တော့်ရဲ့ အရည်အချင်းကို ချီးကျူးရတယ်။ သူတို့ ဒါကို သက်သေခံပေးနိုင်ပါတယ်။ ”

ယို့ယွီရှစ်နှင့် ‌ယွင်လော့ရှန်းသည် ပွဲကြည့်နေတုန်း ဒီစကားမျိုး ကြားရမည်ဟု မျှော်လင့်မထားသဖြင့် ထိတ်လန့်သွားပြီး “ ဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူးနော်။ ကျွန်တော်တို့ ဘာမှ မသိဘူး။ ” ဟု ပျာပျာသလဲ ပြောလိုက်ကြသည်။

နျဉ်ချီလွေ့ ဆွံ့အသွားရပါသည်။ ပြောရရင် သူတို့က ထုတ်လုပ်ရေးအဖွဲ့ထဲမှာ သူနှင့်အတူ လပေါင်းများစွာ ရှိနေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ … ။ ဒီလို အချိန်မျိုးမှာ သူ့ကို ဘယ်လိုလုပ် ချနင်းရက်တာလဲ။ ပြီးခဲ့တဲ့ လတွေ တစ်လျှောက်လုံးမှာ သူ အိမ်က စားဖိုမှူးကို နေ့တိုင်း အဆာပြေ စားစရာတွေ ချက်ခိုင်းပြီး ထုတ်လုပ်ရေးအဖွဲ့ဆီ ပို့ပေးခဲ့တာတွေ အကုန်လုံး သဲထဲရေသွန်ဖြစ်သွားသလို ခံစားလိုက်ရသည်။

++++++

All Chapters