အခန်း ၈၆၀
Vol. 58 Ch. 860
860 01
အခန်း ( ၈၆၀ ) နို့နံ့သင်းနေတဲ့ ကလေးလေး။
နျဉ်ချီလွေ့ကို ကိုးရိုးကားရားနိုင်တဲ့ ဒီအခြေအနေထဲကနေ ကယ်တင်ပေးသူက လက်တွန်းလှည်းထဲက ကောင်ကလေး ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။
“ အဲ့ … ” ခုနတုန်းကမှ တိုက်ထားတဲ့ နို့ဘူးက ဘယ်လောက်မှ မလျော့သေးပေမဲ့ ကြယ်လေးက သူ့ပါးစပ်ထဲက ချိုလိမ်လေးကို ထုတ်ပြီး မျက်လုံးဝိုင်းလေးများကို ပြူးကျယ်လျက် လက်ဖောင်းဖောင်းအိအိလေးတွေကို ဝှေ့ယမ်းကာ သူ့ကို ပွေ့ဖက်ခိုင်းနေခဲ့သည်။
သူ့ကို ကြည့်ပြီး စုယန်ယန်ရဲ့ နှလုံးသားလေး နူးညံ့သွားသည်။ ဒီလိုအချိန်မှာ ထုတ်လုပ်ရေးအဖွဲ့ထဲက မိန်းကလေးတွေကို လိုက်ပိုးပန်းနေတဲ့ တစ်စုံတစ်ယောက်ရဲ့ ပြဿနာကို သူမ ဆက်စိတ်ဝင်စားနိုင်ပါတော့ဦးမလားလေ။
စုယန်ယန်က နို့ဘူးကို ဘေးချပြီး ကလေးကို ပွေ့ချီလိုက်သည်။
“ သား ဗိုက်ပြည့်သွားပြီလား။ လာ ၊ မေမေ သားလေးကို ပုတ်ပြီး ချော့သိပ်ပေးမယ်။ ”
စုယန်ယန်က ပြောရင်း ကလေးရဲ့ ဗိုက်ကလေးကို တို့ထိလိုက်တော့ တခစ်ခစ် ရယ်သံလေးတွေ ထွက်လာသည်။
မွေးကင်းစအရွယ်ကတည်းက ရှစ်ပေါင်နီးပါး အလေးချိန်ရှိတဲ့ ကောင်ကလေးဟာ ဒီအတောအတွင်း ဗိုက်ပြည့်တင်းနေအောင် စားခဲ့တာမို့ အခုဆို ဖောင်းကစ်လုံးတစ်နေပါပြီ။ သူ့လက်လေးတွေကို ကြာစွယ်လေးတွေအလားတောင် ထင်မှတ်ရသည်။
ကလေးကို ကြည့်ချင်လို့ အပေါ်ထပ်ကို ပြေးတက်လာတဲ့ ဝန်ထမ်း တချို့က စုယန်ယန် သူ့ကို ပွေ့ချီလာတာကို မြင်တော့ မျက်လုံးတွေ အရောင်တောက်သွားကြသည်။
အထူးသဖြင့် ဒီလို ဖြူဖွေးဝကစ်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးလေးကို မြင်ချိန်မှာ မိန်းကလေးနှစ်ယောက်ရဲ့ မျက်လုံးတွေက မီးသီးတွေလို တောက်ပသွားခဲ့ကြသည်။
ယွင်လော့ရှန်းကတော့ အတော်လေး အားတုံ့အားနာဖြစ်နေခဲ့သည်။ သူမ သူလေးကို ဘယ်လောက်ပဲ အသည်းယားနေပါစေ ၊ ချီပါရစေဟု ထုတ်ပြောဖို့ အလွန် ရှက်ရွံ့နေခဲ့သည်။ အခြားတစ်ဖက်၌ ယို့ယွီရှစ်ကတော့ ဘာကိုမှ စိတ်ပူမနေခဲ့ပါ။
ရာဇဝင်တွင်မယ့် ဘော့စ်ရဲ့ အိမ်ရှေ့စံမင်းသားလေးကို မြင်သည်နှင့် သူမသာ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိခင်မှာပဲ ရှေ့ထွက်ပြီးသား ဖြစ်နေကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ ဒါ ဘော့စ်ရဲ့ ကလေးလားဟင်။ သူက သိပ်ချစ်စရာကောင်းတာပဲ။ ကျွန်မ သူ့ကို ချီကြည့်လို့ ရမလားဟင်။ ”
စုယန်ယန်က သူမကို အံ့ဩစွာ ကြည့်လာတော့မှ ယို့ယွီရှစ်လည်း သူမရဲ့ တောင်းဆိုမှုက နည်းနည်းလေး ရုတ်တရက်ဆန်သွားပုံရကြောင်း နားလည်သွားခဲ့သည်။ ဒီအခြေအနေကို ပြန်အဖတ်ဆယ်ဖို့ တခြားတစ်ခုခု ပြင်ပြောရင် ကောင်းမလားဟု တွေးနေချိန်မှာပဲ စုယန်ယန်ရဲ့ “ ရတာပေါ့။ ” ဟူသော စကားကို ကြားလိုက်ရသည်။
စုယန်ယန်ရဲ့ သဘောထားပွင့်လင်းမှုက အံ့ဩစရာကောင်းလွန်းတာမို့ ယို့ယွီရှစ်တစ်ယောက် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ သတိဝင်လာခဲ့လေသည်။ “ တကယ်လားဟင်။ ”
“ တကယ်ပါ။ ” စုယန်ယန်ရဲ့ ပုံစံက စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရသည်။ ယို့ယွီရှစ်နှင့် ကျန်တဲ့ လူတွေက သူမရဲ့ ဝန်ထမ်းတွေမို့ သူမရဲ့ လက်အောက်ငယ်သားတွေ ဆိုရင်လည်း မမှားပါ။ စုယန်ယန်က ကလေးကို ချီခွင့်မပေးရလောက်အောင်ထိ နှမြောတွန့်တိုတတ်တဲ့ လူမျိုး မဟုတ်ပေ။
“ သူ့ကို ဒီနေရာလေးကနေ ချီရတယ်။ ဟုတ်တယ် ၊ အသာလေး ဖွဖွလေး ကိုင်။ ဒီနေရာလေးကနေ ချီ။ ဟုတ်ပြီ ၊ နင် ကလေးချီတာ အဆင်ပြေသွားပြီ။ ” စုယန်ယန်က သူမရဲ့ လက်အနေအထားကို မှန်အောင် ပြင်ပေးရင်း ကလေးကို သူမရဲ့ လက်ထဲ ဖြည်းဖြည်းချင်း ဂရုတစိုက် ထည့်ပေးလိုက်သည်။
ဒီလောက်တောင် နူးညံ့လွန်းတဲ့ လူသားလေးကို ယို့ယွီရှစ် ပထမဆုံးအကြိမ် ထိတွေ့ဖူးတာမို့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး သူမရဲ့ နှလုံးသားထဲမှာလည်း စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေခဲ့သည်။
“ သူ့ခန္ဓာကိုယ်က နူးညံ့နေတာပဲ။ ပြီးတော့ သေးသေးလေးရယ် … မွှေးနေတာပဲ။ ”
“ ခွီး … ” စုယန်ယန်သည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်မိလေသည်။
ယို့ယွီရှစ်က သူမ ရယ်စရာကောင်းတဲ့ စကားတွေကို ပြောနေမိမှန်း သဘောပေါက်သွားကာ ရှက်ရွံ့သွားသည်။ သို့သော်လည်း ခေါင်းကတော့ မာဆဲ ဖြစ်သည်။ “ ကျွန်မ ပြောချင်တဲ့ သဘောက သူ့ဆီက နို့နံ့လေးတွေ မွှေးနေတာပဲလို့ပါ။ ”
နျဉ်ချီလွေ့က ယို့ယွီရှစ်ရဲ့ စကားကို ကြားတော့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။ “ နင် ဘာတွေ လျှောက် ပြောတာလဲ။ နင် ကလေးကို နောက်တစ်စက္ကန့်လောက်ဆို ကိုက်စားမှာကိုတောင် စိုးရိမ်ရတယ်။ ကျွတ် … ”
“ ရှင်က နျဉ်မိသားစုရဲ့ သခင်လေး ဖြစ်နေတာနဲ့ပဲ ကျွန်မ ရှင့်ကို မရိုက်ရဲဘူးလို့ မထင်နဲ့နော်။ ”
860 02
“ လာစမ်းပါ လာစမ်းပါ။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ကြည့်ကြသေးတာပေါ့။ ”
စုယန်ယန်က စကား သုံး ၊ လေးခွန်းလောက်နှင့် ရန်ပွဲကို စတင်နိုင်တဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး သူတို့တွေ တွဲနေတာ ဖြစ်နိုင်တယ်လို့ ခုနလေးတုန်းကမှ တွေးထင်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် တုံးအလဲ ဆိုတာ နားလည်သွားသည်။
အခြားတစ်ဖက်၌ ယွင်လော့ရှန်းကတော့ တွေ့တိုင်း ကိုက်နေတဲ့ သူတို့နှစ်ယောက်ကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ သူမက ကလေးရဲ့ မျက်နှာလေးကို တို့ထိကြည့်ဖို့ လက်လှမ်းလိုက်ချိန်မှာပဲ ကလေးက သူမရဲ့ လက်ချောင်းလေးကို ဆုပ်ကိုင်လိုက်သည်။
ယွင်လော့ရှန်းသည် အံ့အားသင့်သွားခဲ့ပြီး သူမရဲ့ လက်ကို ပြန်ဆွဲယူရမလား ၊ ဒါမှမဟုတ် သူ့မျက်နှာလေးကို ဆက်ပြီး တို့ထိကြည့်နေရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေမိသည်။
သူတို့ဘက်ကို ပြန်လှည့်လာတဲ့ စုယန်ယန်က မိန်းမလှလေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး တခစ်ခစ် ရယ်မောနေသော သားဖြစ်သူကို မြင်လိုက်ရလျှင် ခဏတာ ဆွံ့အနေပြီးမှ ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ ကြည့်ရတာ ကြယ်လေးက နင့်ကို တော်တော်လေး သဘောကျတဲ့ ပုံပဲ။ ”
ယွင်လော့ရှန်းကလည်း တခစ်ခစ် ရယ်နေတဲ့ ကလေးကို ကြည့်ပြီး သူမရဲ့ ခေါင်းလေးကို ပွတ်၍ အရူးတစ်ယောက်ကဲ့သို့ပင် ပေါချာချာ ရယ်မောလိုက်သည်။ “ ကျွန်မက ကလေးတွေကြားမှာ ပိုနာမည်ကြီးတာ ထင်တယ်။ ”
++++++