အခန်း ၈၆၂
Vol. 58 Ch. 862
862 01
အခန်း ( ၈၆၂ ) ကြောင်နှင့် ကြွက်။
သူတို့သုံးယောက်သား တစ်ယောက်ကို တစ်ယောက် အံ့ဩစွာ ကြည့်လိုက်မိကြသည်။ “ သူတို့ကို အသိပေးရမယ် .. ဟုတ်လား။ အဲ့ဒါဆို သူ ကြိုတင်ထွက်ပြေးသွားမှာ မဟုတ်ဘူးလား။ ”
“ အဲ့ဒါကြောင့်ပဲ မင်းတို့ကို သူ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခိုင်းထားတာပေါ့။ ” ဟောက်ချန်ဟွမ်းက သူတို့သုံးယောက်ကို အကြည့်ဖြန့်ကျက်လိုက်သည်။ “ ရဲကို သတင်းပေးထားပြီး သူ့ကို ရဲတွေ မဖမ်းသေးခင် ထွက်ပြေးခွင့်ပြုထားလိုက်။ ”
“ ဘော့စ်က သူ့ကို … လမ်းဘေးကြွက်တစ်ကောင်လို ထွက်ပြေးခိုင်းပြီးမှ သူ့ကို ဖမ်းဖို့ လုပ်နေတာလား။ ”
“ သူ အခု တခြား လုပ်နိုင်တာ ဘာရှိဦးမှာမို့လို့လဲ။ ” လှောင်ရယ်လိုက်တဲ့ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်မှုတွေ ၊ အမုန်းတရားတွေ ဖုံးလွှမ်းနေသည်။ “ သူက လူအမြင်မခံနိုင်တဲ့ ကြွက်တစ်ကောင်လို ပုန်းနေတာ။ သူ ပုန်းဖို့ လုံခြုံတဲ့ နေရာတစ်ခု ရှာတွေ့သွားပြီလို့ သူ့ကိုယ်သူ ထင်တိုင်း သူ့နေရာကို ရုတ်တရက် လူသိသွားလိမ့်မယ်။ အဲ့ဒါမျိုးက တစ်ကြိမ် ၊ နှစ်ကြိမ် ဆိုရင် ကိစ္စမရှိပေမဲ့ အကြိမ်ရေများလာရင်တော့ သူ ဘာဖြစ်လာမယ်လို့ မင်းတို့ ထင်လဲ။ ”
“ … ကျွန်တော်သာ ဆိုရင်တော့ ရူးသွားလောက်မယ် ထင်တယ်။ ”
အစပိုင်းမှာ လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့တာနှင့် ယှဉ်လိုက်လျှင် သူက မျှော်လင့်ချက်ရောင်ခြည်လေးသမ်းသွားပြီးမှ ထိုမျှော်လင့်ချက်ဟာလည်း စိတ်ပျက်ဖွယ်ရာ ပုံရိပ်ယောင်ပဲ ဆိုတာ သိလိုက်ရတဲ့ အဖြစ်။ အဲ့ဒါက စိတ်နှလုံးကြေကွဲဖွယ်အကောင်းဆုံး ၊ အနာကျင်ရဆုံး အဖြစ်အပျက်ပဲ ဖြစ်သည်။
တကယ်လို့ ဟောက်ချီဟန်က ကြွက် ဆိုလျှင် သူတို့သခင်လေးက ကြောင် ဖြစ်ပါသည်။
သွေးရူးသွေးတန်း ပတ်ပြေးနေတဲ့ ကြွက်တွေက သူတို့တော့ လွတ်မြောက်နိုင်ပြီ ၊ အလင်းရောင်ကို နောက်တစ်ကြိမ် မြင်တွေ့နိုင်ပြီဟု အမြဲတမ်း တွေးထင်ခဲ့ကြသည်။ ကြောင်ရဲ့ ထောင်ချောက်ထဲကို ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့ဟာ အလွယ်တကူပဲ သွန်ချင်သွန် ၊ မှောက်ချင်မှောက်နိုင်တဲ့ လက်ခုပ်ထဲက ရေ ဖြစ်သွားပြီ ဆိုတာကိုတော့ မသိခဲ့ကြပေ။
ကျိုးယန်ပိုင်က စေ့စေ့စပ်စပ် တွေးကြည့်ပြီးသွားတော့ ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားကာ “ ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ နားလည်ပါပြီ။ ” ဟု လေးနက်စွာ ပြောလိုက်သည်။
ဟောက်ချန်ဟွမ်းက သူ့ထံ အကြည့်တစ်ချက် ပို့လိုက်သည်။ “ သူ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ထားပါ။ ငါ ဒီလို ကိစ္စမျိုး ထပ်မဖြစ်စေချင်တော့ဘူး။ ”
ဟောက်ချန်ဟွမ်းရဲ့ ပြတ်သားသော စကားကြောင့် သူတို့သုံးယောက်လုံး ခေါင်းမွှေးတွေ ထောင်သွားသလို ခံစားလိုက်ရသည်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်အား ဟောက်ချီဟန်က ပစ္စည်းပို့သမားကို လာဘ်ထိုးပြီး အိမ်အကူမိန်းမအတွက် ကလေးခိုးဖို့ အချိန်ရအောင် ကလေးထိန်းကို အချိန်ဆွဲခိုင်းထားခဲ့သည် ဟူ၍သာ ပြောခဲ့ပြီး ထိုအိမ်အကူမိန်းမရဲ့ သားက အမှန်တကယ်ပဲ လောင်းကစားလုပ်ပြီး ဟောက်ချီဟန်ဆီမှာ အကြွေးနွံနစ်နေတယ် ဆိုတာကိုတော့ မပြောပြခဲ့ပါ။
ဒါကိုတော့ ထိုအိမ်အကူမိန်းမက လိမ်ခဲ့တာ မဟုတ်။ သူနရဲ့ ယောက်ျားက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားတာမို့ ကလေးကို သူမတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရသည်။
ဟောက်မိသားစုက သူမကို လစာများများ ပေးထားသောကြောင့် ကလေးကို သူမတစ်ယောက်တည်း ပျိုးထောင်ရတာလည်း အခက်အခဲမရှိခဲ့ပါ။ သူမ အလုပ်,လုပ်ပြီး ရှာခဲ့သမျှ ပိုက်ဆံတွေ အကုန်လုံးကို အခြေခံအားဖြင့် ကလေးအတွက်သာ အကုန်အကျခံခဲ့သည်။ ဒါပေမဲ့ တချို့ ကိစ္စတွေကို ပိုက်ဆံနှင့် ပြုပြင်ဖန်တီးလို့ မရဘူး ဆိုတာကိုတော့ သူမ မေ့လျော့သွားခဲ့သည်။
သူမရဲ့ ကိုယ်ကျိုးမငဲ့ အနစ်နာခံမှုအတွက် သားဖြစ်သူရဲ့ ကျေးဇူးသိတတ်မှုကို ပြန်မရဘဲ သူ့ကို အသုံးအဖြုန်းကြီးတဲ့ လူ့အမှိုက်တစ်ယောက် ဖြစ်သွားစေခဲ့လေသည်။
ဟောက်ချီဟန်က ထိုအချက်ကို အသုံးချပြီး သားဖြစ်သူကို အကြွေးနွံနစ်အောင် လုပ်ကာ အိမ်အကူမိန်းမကို လာဘ်ထိုးခဲ့သည်။
ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချန်ဟွမ်း လွှဲပြောင်းယူပြီး ဟောက်ချီဟန်ကို မောင်းထုတ်လိုက်ကတည်းကနေ အခုချိန်ထိ ဟောက်ချန်ဟွမ်းက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပင်။
ဒါတွေကို သူ့လက်အောက်ငယ်သားတွေကတော့ လုံးဝ သတိမထားမိခြင်းက ဟောက်ချန်ဟွမ်းကို ဒေါသထွက်စေခဲ့သည်။ ဟောက်ချီဟန်ကို စောင့်ကြည့်ဖို့ စေလွှတ်ထားတဲ့ ဒီသုံးယောက်က တာဝန်ဝတ္တရား ပျက်ကွက်တာ ၊ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် မလုပ်တာ ဖြစ်သည်။
ကျိုးယန်ပိုင်တို့သုံးယောက်သည် ဟောက်ချီဟန်ကို သူတို့ရဲ့ သခင်လေး စိတ်တိုင်းကျ ကိုင်တွယ်နိုင်ပါစေ ဟူ၍သာ ဆုတောင်းမိသည်။ ဟောက်ချန်ဟွမ်း နည်းနည်းလေး စိတ်ကြည်နေရင် သူတို့လည်း သူတို့ရဲ့ အမှားတွေအတွက် ပြေရာပြေကြောင်း ဆင်ခြေပေးလို့ ရသည်။
862 02
စုယန်ယန်ကတော့ ပြောင်းလဲသွားတဲ့ အခြေအလေးကို မသိဘဲ နျဉ်ချီလွေ့ရဲ့ မကျေမနပ်စကားကို ကြားတော့ သူမရဲ့ သားဘက်က မျက်နှာတည်နှင့် ကာပြောပေးလိုက်သည်။ “ ဆန့်ကျင်ဘက်လိင်တွေက တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားတာ သဘာဝပဲလေ။ နင့်မျက်နှာက မိန်းကလေးတွေရဲ့ အမြင်မှာ နည်းနည်းလေး ချောတယ် ဆိုတာကို လက်ခံပေမဲ့ အဲ့ဒါနဲ့ပဲ ယောက်ျားလေးတွေကပါ နင့်ကို ချောတယ်လို့ မြင်မယ် ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူးလေ။ ငါ အရိုးရှင်းဆုံး ဥပမာပေးမယ် ၊ အစ်ကို သူ့ကို သဘောကျလား အစ်ကိုကျွင်းရှန်။ ”
ရုတ်တရက် ဆွဲထည့်ခံလိုက်ရသော ရှားကျွင်းရှန့်က “ … အစ်ကို သူ့ကို သဘောမကျပါဘူး။ ” ဟု ပြန်ပြောလိုက်ရ၏။
“ မြင်လား။ သူလည်း နင့်ကို သဘောမကျဘူး။ ဒါက ကျား-မ ခွဲခြားဆက်ဆံတာနဲ့ မဆိုင်ဘူး။ နင်ကိုယ်တိုင်နဲ့ပဲ ပတ်သက်နေတာ။ ”
နျဉ်ချီလွေ့ : “ … ” အဲ့တော့ ဒါက ကျွန်တော့်အမှားပေါ့လေ။
++++++